Skip to content

သာသနာပြုအမှုတော်ဆောင်ရတာ အဆင်ပြေရဲ့လား”လို့ မေးခွန်းမျိုးထက် “ဘုရားအလုပ်လုပ်တဲ့သူကို ဘုရားကကျွေးမှာပေါ့” လို့ပြန်ပြီးအပြောခံရတာက ပိုများပါတယ်။ ကြုံခဲ့ဖူးတဲ့ယုံကြည်သူအတော်များများကတော့ အဲ့လိုမျိုးအားပေးကြပေမယ့် ကိုယ်တိုင်က အုပ်တချပ်သဲတပွင့်အနေနဲ့တောင်မှ ပါဝင်ဖို့စိတ်မဝင်စားကြပါဘူး။ ဒီကနေ့ အသင်းတော်တွေမှာ အသင်းသားအတော်များများက ဘုရားကျောင်းကို အပတ်တိုင်းမှန်မှန်လာပြီး၊ ပုံမှန်အလှူငွေထည့်ကာ ဘယ်သူကတရားဟောသွားတယ်၊ သီချင်းဆိုသွားတယ် ဆိုတာမျိုးကိုတော့ပိုသတိထားမိပေမယ့်၊ အသင်းတော်မှာ ယုံကြည်ပြောင်းလဲလာတဲ့လူသစ်တွေတိုးလာတာမျိုးကိုတော့ စိတ်ထဲသိပ်မရှိကြချေ။ များသောအားဖြင့်တော့ အသင်းတော်ရဲ့အသင်းဝင်မိသားစုတွေထဲကနေ နှစ်ခြင်းခံကြတာကိုလောက်သာ သတိပြုမိတတ်ကြတာပါ။ ဖြစ်ပုံက တနင်္ဂနွေဘုရားကျောင်းစင်ပေါ်မှာရှိနေတဲ့ သူတွေကိုသာ အမှုတော်ဆောင်လို့မြင်ပြီး၊ အပြင်မှာအမှုဆောင်နေသူများ ဘယ်လိုဘယ်ပုံအမှုဆောင်လျက်ရှိနေတယ်ဆိုတာကိုတော့ မမြင်ချင်ယောင်ဆောင်ကာနေသူတွေ၊ အဆင်ပြေမှာပါထင်နေသူတွေနဲ့သာသနာခရီးဆက်နေတာကစိတ်မကောင်းစရာပါ။ စာရေးသူဒီလိုရေးသားသတိပေးရခြင်းက အသင်းတော်အချို့တွေမှာ သာသနာပြုအမှုတော်ဆောင်နေကြသူတွေရသင့်ရထိုက်တဲ့ အခွင့်အရေး၊ ထောက်ပံ့မှုမျိုးတွေမခံစားရဘဲ ပေးဆပ်နေကြတာကို မြင်တွေ့နေရလို့ပါပဲ။ လည်လည်ဝယ်ဝယ်ရှိသူတွေကတော့ သာသနာဗန်းပြ ကောင်းစားသွားကြပေမယ့် တချို့သောအမှုတော်ဆောင်တွေခမျာ အတန်းပညာမတတ်သော်ငြားလည်း စေတနာစိတ်နဲ့သစ္စာရှိစွာဆက်ကပ်နေတာတောင်မှ ပစ်ပယ်ထားခြင်းခံနေရသည်ကဝမ်းနည်းဖို့ကောင်းပါတယ်။

သာသနာနှင့်ပက်သက်လာရင် အသင်းတော်မှာရှိတဲ့သင်းအုပ်ဆရာမှစလို့ အမှုတော်ဆောင်များ၊ အသင်းသူအသင်းသားအားလုံးနှင့်သက်ဆိုင်ပါသည်။ သာသနာအတွက် ကျမ်းစာကျောင်းဆင်းတွေရှိနေတယ်ဆိုပြီး အသင်းသားတွေအနေနဲ့စိတ်မဝင်စားဘဲနေနေလို့မရသလို၊ အသင်းတော်လူကြီးတွေအနေဖြင့်လည်း အမှုတော်ဆောင်အချင်းချင်း ဝိညာဉ်ရေးတင်မက၊ ခန္ဓာအရေးအတွက်ပါ ပြင်ဆင်အားဖြည့်ပေးဖို့ရှိနေသင့်ပါတယ်။ သာသနာကွင်းထဲမှာရှိနေတဲ့ အမှုတော်ဆောင်တွေဟာ အဖက်ဖက်မှာဖိအားများစွာရှိတဲ့သူတွေပါ။ ဒါကြောင့်မို့လို့ အသင်းတော်က ထိုသူတို့အတွက် “အား” အဖြစ်ရှိနေဖို့လိုအပ်ပါတယ်။ “အား”မဖြစ်စေဘဲ လခပေးထားတဲ့အလုပ်သမားလိုမျိုး ဆက်ဆံမယ်ဆိုရင်လည်း မဖြစ်သင့်ပါဘူး။

တဖက်မှာလည်း အမှုဆောင်နေသူအနေနှင့် “သူတို့ပို့ထားလို့ ဒီနေရာမှာသာသနာပြုနေရတာမျိုး”၊ “ထောက်ပံ့အားပေးနေတာတောင်မှ ကြိုးစားမှုမရှိတာမျိုး”၊ “စိတ်မချရတာမျိုး”၊ စသည့်သာသနာကို အနေချောင်ဖို့လောက်သာ အမှုတော်ဆောင်နေသည့် စိတ်ဓာတ်မျိုး မထားသင့်ပါ။
တခါတရံ အမှုတော်ဆောင်ရတာ ခက်ခဲပါတယ်။ အထူးသဖြင့် “ငွေရေးကြေးရေး” နဲ့ပက်သက်လာတဲ့အခါတွေမျိုးဆို အမှန်တကယ်သစ္စာရှိစွာအမှုတော်ဆောင်နေသူတွေအဖို့ သက်ဆိုင်ရာအသင်းတော်ကို ပြန်လည်တင်ပြတောင်းဆိုဖို့ဆိုတာ အင်မတန်မှပြောထွက်ဖို့ မလွယ်ပါဘူး။ အချို့တွေအတွက်တော့ စပွန်ဆာကောင်းတော့ သာသနာကတောက်ပြောင်သယောာင် ရှိကြပါလိမ့်မယ်။ လူမသိသူမသိပေးဆပ် အစေခံသာသနာပြုနေသူတို့မှာတော့ မတောက်ပြောင်ပေမယ့် အသီးအပွင့်ဝေဆာနေလျက်ပင်။ အရောင်အဝါ၊ အာဘော် နဲ့ကိုယ့်နားကကြိုက်တဲ့ သာသနာကိုသာပုံအောပေးနေချိန်မှာ၊ အငယ်ဆုံးသောသူတွေဟာ အကြီးမြတ်ဆုံးသောသူရဲ့အမှုတော်ကို အနိမ့်အမြင့်အခက်ခဲတွေကြား လေလုံးမထွားအစေခံနေမြဲပါပဲ။

ချစ်သောအမှုတော်ဆောင်တို့ … သင်ဟာ အမှန်တကယ်အမှုတော်ဆောင်လျက်နေသူဆိုရင် ကိုယ်ဆင်းရဲသော်လည်း သစ္စာရှိစွာအမှုတော်ဆောင်သောသူတို့ကို ကူညီမစခြင်းငှါ မမေ့ပါနှင့်။ တရားအကောင်းဟောပြီး အကောင်းစားတရားတွေနဲ့ကိုယ့်အိတ်ကိုယ်ဖြည့်ဖို့ထက်၊ ဘုရားက ကိုယ့်ကိုဖြည့်ပေးနေတဲ့အိတ်ထဲကနေ ပြန်လည်းစီးဆင်းပေးဖို့ တိုက်တွန်းပါရစေ။ ထိုနည်းတူအသင်းသားများကလည်း သာသနာကွင်းထဲရှိအမှုတော်ဆောင်များကို “ဘုရားကျွေးမယ်”ဆိုပြီး ကိုယ်ကျတော့ ဘုရားကျွေးတာစားနေတာ မဟုတ်သည့်ပုံစံမျိုးတော့ မလုပ်လိုက်ပါနှင့်။ ဘုရားထံမှကောင်းကြီးခံစားရတိုင်း သတင်းကောင်းကိုဝေမျှသက်သေခံနေလျက်နေသူတို့ကို မမေ့လိုက်ပါနှင့်။ သို့သော်အထူးသတိပေးလိုသည်မှာ ကိုယ်နှစ်သက်တဲ့သူထက်၊ ဘုရားနှစ်သက်တာကိုလုပ်ဆောင်နေသူ၊ လိုအပ်နေသူကိုပေးကူစေလိုပါတယ်။ သို့မှသာ သာသနာမှာအမှုတော်အမှန်ဆောင်နေသူများအားဖြင့် ဘုရားဘုန်းကိုထင်ရှားစေပါလိမ့်မယ်ဆိုတာကိုတိုက်တွန်းနှိုးဆော်ရင်း
မေတ္တာဖြင့်

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။