Skip to content

တစ်ရက်တစ်ရက်နှင့် နေဝင် မိုးချုပ် သွားလာကာ ရှင်သန်လှုပ်ရှားနေကြသော ကျွန်ုပ်တို့သည် တစ်နေ့တာလုံးအတွက် ပြန်လည်ကာ ဆင်ခြင်သုံးသပ်သည့် အလေ့အထကို လုပ်လေ့သိပ်မရှိကြပါ။ လုပ်လေ့ရှိလျှင်လည်း တခါတရံတွင် မေ့လျော့ကာ မလုပ်မိခဲ့သည့်ကာလလည်း ရှိကြတတ်သည်။ မိမိတို့၏ အသက်တာ၌ နေ့စဥ်လုပ်ဆောင်သမျှတို့အား မဆင်ခြင်မိလျှင် မည်မျှ အပြစ်ပြုမိနေသည်ကိုပင် မသိရှိတတ်ကြတော့ကာ ပြုမိမှန်းပင်မသိ၊ ပြုမိမြဲပြုမိနေပေလိမ့်မည်။ ဥပမာဆိုရလျှင်ဖြင့် မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်း စိတ်ကြီးခြင်းတို့အား ပြင်ဆင်ရန်လိုအပ်သည်ကိုပင် မသိရှိတော့ကာ နေ့စဥ်လည်း ထိုအလေ့အကျင့်အတိုင်းသာ ဆက်လက်၍ လုပ်ဆောင်နေပေလိမ့်မည်။

သုတ္တံကျမ်း ၁၀:၂၃
 မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။

ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်တာတွင် မိမိတို့၏ တစ်ရက်တာ ပြောဆိုမိသမျှ၊ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှ၊ ပြုမူမိသမျှ စသဖြင့်တို့ကို ညအချိန်တွင်ဖြစ်စေ မိမိအနားယူတော့မည့် အချိန်တွင်မူ ပြန်လည်ကာ ဆင်ခြင်သုံးသပ်သည့် အလေ့အထတစ်ခုကို ပြုမူသင့်ပေသည်။

တခါတခါတွင် ကျွန်ုပ်တို့သည် အမှတ်မထင်ပြောမိသည့် စကားများရှိတတ်ခြင်း၊ မသိမသာ ပြုမူမိသည့် အမူအရာများ၊ အတင်းပြောမိခြင်းများ၊ မိမိသဘောမကျသူ (သို့) မတည့်သူ (သို့) အမြင်မကြည်သူ အကြောင်းကို အကြိမ်ကြိမ် ပြောမိခြင်းများ၊ ရုတ်တရက် စိတ်အခြေအနေကြောင့် လုပ်ဆောင်ပြုမူမိခြင်းများလည်း ရှိတတ်ကြသည့်အပြင် မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်းတို့သည် တစ်ရက်အတွင်း မည်မျှဖြစ်တတ်သည်ကိုပင် သတိမမူမိတတ်ကြပေ။ တခါတခါတွင် မိမိသည် ဒေါသကြီးသူဖြစ်မှန်းမသိဖြစ်နေတတ်သည်။ တခါတခါတွင် မိမိသည် ရန်လိုသူတစ်ဦးဖြစ်နေတတ်သကဲ့သို့ စိတ်ကြီးဝင်သူလည်းဖြစ်နေတတ်ပေဦးလိမ့်မည်။ ထို့ကြောင့် မိမိ၏ စိတ်အခြေအနေ၊ ကိုယ်အခြေအနေ၊ ဝိညာဥ်ရေးရာ အခြေအနေတို့အား နေ့စဥ်နှင့်အမျှ ပြန်လည်ကာ ဆင်ခြင်သုံးသပ်ခြင်းသည် လိုအပ်ပေသည်မဟုတ်ပါလား။

ထိုသို့ မိမိဆင်ခြင်ခြင်းအားဖြင့် တစ်ရက်တာအတွင်း မိမိ၏ အမှားများကို သိရှိလာပြီး နောက်ရက်အတွက် ပြင်ဆင်မိရန် သတိမူနိုင်ပေသည်။ မိမိသည် နှုတ်ရေးမြန်သူဖြစ်လျှင် မိမိ၏ နှုတ်အား သတိမူကာ ဆင်ခြင်ရန် သိရှိလာခြင်း၊ မိမိသည် စိတ်ကြီးသူ ဒေါသထွက်လွယ်သူဖြစ်လျှင် ထိုစိတ်အား ပြင်ဆင်ရန်လိုအပ်သည်ကို သိရှိလာခြင်း၊ မိမိသည် စိတ်မရှည်တတ်သူဖြစ်လျှင် စိတ်ရှည်ခြင်းအကြောင်းအား သာ၍ပြင်ဆင်ရန်သတိပြုမိလာခြင်း၊ စသဖြင့် မိမိတို့၏ အသက်တာအား နေ့စဥ် ဆင်ခြင်သည့် အလေ့အထအားဖြင့် မိမိတို့၏ ဝိညာဥ်ရေးရာ အသက်တာသည် သာ၍ရင့်သန်ကြီးရင့်လာပေလိမ့်မည်။ သို့တည်းသာမကသေးဘဲ မိမိတို့၏ အပြုအမူ၊ စိတ်နေစိတ်ထားနှင့် အလေ့အထတို့သည်လည်း တဖြေးဖြေး သာ၍ ကောင်းမွန်လာပေမည်မှာ အသေအချာပင် ..

ထို့ကြောင့် ယနေ့မှစ၍ မိမိတို့၏ နေ့စဥ် လှုပ်ရှားမှုများဖြစ်ကြသော သွားလာခြင်း၊ ထွက်ခြင်း ဝင်ခြင်းမှအစ၊ နေထိုင်ခြင်း၊ ပြုမူခြင်း၊ ပြောဆိုခြင်း၊ ကျင့်ကြံလုပ်ဆောင်ခြင်း၊ စိတ်အခြေအနေများပါ မကျန် နေ့ရက်တိုင်းဆင်ခြင်သုံးသပ်ကြပါစို့။ သုံးသပ်ခြင်းဆိုသည့်နေရာတွင်ပင် ရပ်တန့်မနေဘဲ လိုအပ်သည်မှန်သမျှတို့အတွက်လည်း ပြင်ဆင်ကာ ပြောင်းလဲလာစေရန် တည်ဆောက်နိုင်ဖို့ရာ ဘုရားရှင်ထံမှ ခွန်အားလည်းတောင်းခံကြကာ ပြင်ဆင်ကြပါစို့လား …

ဆုတောင်းချက်။
အိုဘုရားသခင် … အကျွန်ုပ်သည် နေ့စဥ်နှင့်အမျှ ပြုမူ ပြောဆို လုပ်ဆောင်မိသမျှတို့အား ဆင်ခြင်သည့်အခါ လိုအပ်လျှက်ရှိသော အရာများအတွက် ပြင်ဆင်လိုစိတ်ရှိပါသည်၊ ထိုအတွက်လည်း ပြင်ဆင်နိုင်ရန် ခွန်အားပေးတော်မူပါ။ လိုအပ်သမျှကိုလည်း ဖော်ပြတော်မူပါ အဖ။

ကျွန်ုပ်သည် နှုတ်ရေး အားနည်းပါက ပြင်ဆင်ပါမည်။ ကျွန်ုပ်သည် ကိုယ်အမူအရာ လိုအပ်ပါက ပြင်ဆင်ပါမည်။ ကျွန်ုပ်သည် စိတ်ကြီးဝင်တတ်သူ ဖြစ်ပါက ပြင်ဆင်ပါမည်။ ကျွန်ုပ်သည် ဒေါသကြီးသူ၊ စိတ်ဆိုး ဒေါသထွက်လွယ်သူ ဖြစ်ပါကလည်း ပြင်ဆင်ပါမည်။ ကျွန်ုပ်သည် စိတ်မရှည်တတ်သူဖြစ်ပါက စိတ်ရှည်နိုင်ရန် ပြင်ဆင်ပါမည်။ ကျွန်ုပ်၏ အသက်တာတွင် ပြင်ဆင်ရမည့်အရာရာအတွက် ခွန်အားပေးသနားတော်မူပါ အဖ။ အာမင် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။