Skip to content

အခုဘာလုပ်နေလဲလို့ တစုံတယောက်ကမေးလာတဲ့အခါမှာ “အမှုတော်ဆောင်”ပါလို့ပြန်ဖြေရတဲ့အခိုက် အမှုတော်ဆောင်နေသူတိုင်းကြုံဖူးကြမှာပါ။ တချို့လည်းမေးတဲ့သူအပေါ်မူတည်ပြီး ဖြေရတာဝမ်းသာတဲ့သူရှိသလို၊ သိမ်ငယ်တဲ့သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သခင်ဘုရား၏ကြီးမြတ်တော်မူ၍ထာဝရနှင့်ဆိုင်သော အမှုတော်ကိုဆက်ကပ်အစေခံနေရသည့်အခွင့်ထူးအတွက် အားငယ်နေစရာအကြောင်း စိုးစဉ်းမျှမရှိပါ။ နောင်တရစရာအကြောင်းလည်းမရှိပါ။

သို့သော် သတိပြုရမည့်အရာတခုက အမှုတော်ကိုဆောင်သည့်အခါဝယ် ဘာကြောင့်ဆောင်သလဲဆိုသည့် နှလုံးသားကိုစစ်ဆေးဖို့လိုပါတယ်။ ဘာလို့ဒီလိုပြောရလဲဆိုရင် အမှုတော်ထဲမှာအမှုဆောင်နေတဲ့သူတွေအများကြီးရှိနေပေမယ့် အမှုတော်ကိုယေရှုခရစ်တော်ကဲ့သို့၊ ယေရှုခရစ်တော်၏နှလုံးသားဖြင့်ဆောင်သောသူတွေ အင်မတန်နည်းလာလို့ပါပဲ။

အမှုတော်ဆောင်ကြတဲ့အခါမှာ “အစေခံခြင်း”ထက် “အကဲအမှုး”(ဆရာကြီး)လုပ်ချင်တဲ့သူက ပိုများလာပါတယ်။ ပိုဆိုးတာက နာမတော်အားဖြင့် ဇိမ်ခံချင်တဲ့ အမှုတော်ဆောင်ခြင်းတွေက နေရာယူလာနေတာပါပဲ။ တနည်းအားဖြင့်ဆိုရလျှင် ဘုရားစံနှုန်းနှင့်သာမက လူ့စံနှုန်းနှင့်ပါတိုင်းတာပါက အရည်အချင်းမပြည့်မီသော(unqualified) အမှုတော်ဆောင်များကြောင့်လို့သာ မေတ္တာဖြင့်သတိပေးပါရစေ။ ဝမ်းရေးအတွက်၊ နာမည်ကြီးဖို့အတွက်၊ သက်တောင့်သက်သာနေရဖို့အတွက် သက်သက်ဆိုရင်တော့ သာသနာရှေ့ရေးကိုတွေးကြည့်ပါ။ အရည်အချင်းမပြည့်မီဘူးလို့ ဆိုတဲ့အခါမှာ ပညာမတတ်၊ ဆင်းရဲတာတွေကို မဆိုလိုပါဘူး။ ပညာမတတ် ဆင်းရဲပြီး အရည်အချင်းပြည့်မီတဲ့သူတွေ အမှုတော်မှာအများကြီးရှိပါတယ်။ ဒါကိုသတိမထားမိကြတဲ့အကြောင်းကလည်း ထိုသူတွေက လူမှုကွန်ယက်(social media) တွေပေါ်မှာ မွေ့လျော်နေတာထက် အမှုတော်မှာပိုပြီးမွေ့လျော်နေကြလို့ပါပဲ။ လုပ်စရာရှိတာကို ဝမ်းမြောက်ဝမ်းသာစွာလုပ်နေတယ်လို့တောင်ပြောလို့ရပါတယ်။

နောက်ထပ်တခုက အမှုတော်နဲ့ပက်သက်ပြီး “Calling”၊ ဘုရားရဲ့ခေါ်တော်မူသောအရာပါ။ တချို့က ဘုရားရဲ့calling ကြောင့်မဟုတ်ဘဲ တစုံတယောက်ကိုကတိတခုခုပေးထားသောကြောင့်၊ ဘာမှလုပ်စရာမရှိ လုပ်တတ်တာမရှိသောကြောင့်၊ အမှုတော်ဆောင်ရဲ့သားသမီးဖြစ်နေသောကြောင့်စသည်ဖြင့် ဝေ့လည်ကြောင်ပတ်ကတဖွဲ့၊ အတင်းအကျပ်ကတဖွဲ့နဲ့ ကျမ်းစာကျောင်းကိုရောက်ခဲ့သူတွေလည်းရှိကြပါသေးတယ်။ တချို့လည်းထိုသို့အကြပ်အတည်းကြားကနေ ဘုရားရဲ့Callingကိုသိမှတ်နားလည်သဘောပေါက်ပြီး အမှုတော်ကိုဝမ်းမြောက်စွာဆောင်နေကြသလို၊ တချို့လည်းခုထိ လမ်းပျောက်နေကြတုန်းပါပဲ။ တခါတလေမှာ ကိုယ့် calling ကဘာမှန်းတောင်မသိတဲ့သူကို “ဘုရားကြီးမားစွာအသုံးပြုပါစေ”၊ “သာ၍အသုံးပြုပါစေ” လို့ဆိုလိုက်တဲ့အရာက သူ့ကိုဒုက္ခပေးတာနဲ့အတူတူပါပဲ။ အမှုတော်ဆောင်တချို့ calling မသိဘဲ ကို့ယို့ကားယားလုပ်နေကြတာ ပရိသတ်ရဲ့ပယောဂမကင်းဘူးဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ့် Calling ကဘာမှန်းတောင်မသိရင် ကိုယ့်ဟောတဲ့တရားကိုနာတဲ့သူတွေပါ ကိုယ့်အပေါ်မှာရှိတဲ့ဘုရားရဲ့callingကို ဘယ်လိုလုပ်စိတ်ဝင်စားကြတော့မလဲ။ calling ကိုစိတ်မဝင်စားတဲ့ပရိသတ်နဲ့ဆိုရင်တော့ စဉ်းစားကြည့်ပါ ဒီပရိသတ်တွေဟာ စင်ပေါ်ကဆရာဆီကိုပဲ ဦးတည်ကာလာပြီး၊ စင်ပေါ်ကဆရာကလည်း ဒီပရိသတ်တခုတည်းကိုပဲ ဦးတည်ပြီးဟောနေမှာပါပဲ။ ခေတ်စကားအရ “သူ့ပရိသတ်နဲ့သူ”ပုံစံမျိုး၊ လိုက်ဖက်ညီတဲ့ပုံစံလို့ဆိုရမှာပေါ့။ Calling မရှိတဲ့သူကိုအမှုတော်ဆောင်နေရာမှာ နေရာပေး ချီးမြောက်ထားခြင်းက အမှုတော်မြတ်အတွက် အကျိုးမရှိဘူးဆိုတာ သတိချပ်သင့်ပါတယ်။ နောက်ပြဿနာတခုက တချို့သောသူတွေဟာ အမှုတော်မြတ်၌ အစေခံရန်အလို့ငှါ ဘုရားထံမှတိကျတဲ့ calling ကိုခံရသော်လည်း၊ ခိုင်မာသောဆုံးဖြတ်ချက် မချနိုင်ခြင်း၊ စွန့်လွှတ်ရမည့်အရာ ဆုံးရှုံးရမည့်အရာများနှင့်လွန်ဆွဲနေကြသည်များလည်းရှိကြသည်။ ဒါကြောင့် အမှုတော်ဆောင်သူများအနေနှင့် ထိုသို့အထက်ကအခြေအနေရှိသူများကို မေတ္တာဖြင့်ကူမကာ ထူမပေးဖို့ရန်၊ မမေ့လျော့ဖို့ရန်တိုက်တွန်းပါရစေ။ အမှုတော်ဆိုသည်မှာ တဦးတယောက်တည်းကသူရဲကောင်းလုပ်ရသည့် အရာမဟုတ်သောကြောင့်ပေ။ ထိုသို့မီးမောင်းထိုးသတိပေးလျှက်နှင့် ပေကပ်နေသေးလျှင်တော့ လွှတ်ထားလိုက်ပါ၊ အမှုတော်အတွက် အမှုတော်ဆောင်ဟာ ရှေ့ဆက်ရမှာပါ။ ရှေ့မှာအသုံးပြုရမည့်၊ ကြုံရမည့်အရာတွေအတွက် ခွန်အားနှင့်အချိန်နာရီတို့ကို အလဟဿ မဖြစ်စေလိုက်ပါနဲ့။

ချစ်သောအမှုတော်ဆောင်တို့ … အမှုတော်ဆောင်ဖြစ်လာရခြင်းဆိိုတာ အင်မတန်မှကြီးမြတ်တဲ့ အခွင့်ထူးပါ။ ကြီးမြတ်သောသူတို့သာရတဲ့အခွင့်အရေး မဟုတ်ပါဘူး။ ကြီးမြတ်သောသူ၏အစေကိုခံရသောအခွင့်ထူးဖြစ်သောကြောင့် အစေခံနှလုံးသားဖြင့်အစဉ်ဆက်ကပ်နေပါမည်အကြောင်း နှိုးဆော်ရင်း

မေတ္တာဖြင့်

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။