စိုက်ပျိုးရသည့်ကာလ၊ ရိတ်သိမ်းရသည့်အချိန်၊ ဖြိုဖျက်ရသည့်ကာလ၊ တည်ဆောက်ရသည့်အချိန်ရှိသကဲ့သို့ပင် စစ်တိုက်ရသည့်ကာလ၊ ထွက်ပြေးရသည့်အချိန်လည်းရှိသည်။ ရှောင်ပုန်းရသည့်ကာလရှိသကဲ့သို့ ရင်ဆိုင်ရသည့်အချိန်လည်းရှိသည်မဟုတ်ပါလား။
ဒါဝိဒ်သည် ဂေါလျတ်နှင့်ရဲဝင့်စွာ ရင်ဆိုင်ခဲ့ပြီးသည့်အချိန်တွင် ချီးမြှောက်ခြင်းကိုခံရသည်။ ရှင်ဘုရင်ရှောလုသည် ချီးမြှောက်သော်လည်း မနာလိုခဲ့။ ထို့ကြောင့် သူ၏မနာလိုခြင်းကြောင့်ပင် ဒါဝိဒ်အား မကောင်းသည့်အကြံအစည်ကို ကြံစည်ခဲ့ပေသည်။
ထို့အတူ ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်ခဲ့ရသည့်ကာလလည်းရှိခဲ့သည်။ ထိုစစ်ပွဲများအား အောင်မြင်ခဲ့သည့်အချိန်လည်းရှိပေသည်။ “ဒါဝိဒ်သည် ရှောလု၏ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့်ပြုမူသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏” ဟုဆိုသကဲ့သို့ပင် မွှေးပျံ့သည့်ဂုဏ်သတင်း၊ ငယ်ဂုဏ်၊ ဥာဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ သတိဝိရိယနှင့်လည်း အင်မတန်ပြည်စုံသူတစ်ယောက်လည်းဖြစ်ပေသည် မဟုတ်ပါလား။
နောက်တဖန်စစ်မှုပေါ်လာသည့်အချိန်တွင် ဒါဝိဒ်သည် ထိုစစ်မှုကိုတိုက်ခဲ့သဖြင့် ဖိလိတ္တိလူတို့ပြေးကြပေသည်။ ထိုသို့သောစစ်ကို တိုက်ရသည့်ကာလရှိသကဲ့သို့ ထွက်ပြေးရသည့်အချိန်လည်း ဒါဝိဒ်တွင်ရှိခဲ့ပေသည်။ အကြောင်းမှာ ဒါဝိဒ်သည်ဆောင်းတီးလျက်နေစဥ်တွင် ရှင်ဘုရင်၏အပေါ်သို့ ဆိုးသောဝိညာဥ်သက်ရောက်သောအခါ ဒါဝိဒ်အား လှံတိုနှင့်ထိုးသော်လည်း မထိခဲ့ဘဲ ထရံကိုသာစူးစိုက်ခဲ့သည်။ ထို့ကြောင့် ဒါဝိဒ်သည် ရှောလု၏အထံတော်မှ ပြေး၍ ထိုညကို လွန်စေခဲ့ရသည့်ကာလပင်ဖြစ်ပေသည်။
သို့သော် ရှောလုသည် လူလွှတ်၍ သတ်ရန်စေခိုင်းခဲ့သည်။ နံနက်အချိန်တွင် ဒါဝိဒ်၏အိမ်သို့ လူလွှတ်၍ သတ်ခိုင်းခဲ့ပြန်သည်ကို တွေ့ရပေသည်။ ထိုအရာကိုသိသဖြင့် ဒါဝိဒ်၏အမျိုးသမီးဖြစ်သူ မိခါလသည် ထွက်ပြေးရန်ပြောဆိုခဲ့သည်။ ယနေ့ညတွင်သာ မပြေးလျှင် မနက်ဖြန်တွင် သေလိမ့်မည်ဟုဆိုခြင်းသည် စစ်သူရဲအတွက် စိတ်ဓါတ်ကျချင်လည်းကျချင်ပေမည်။ သို့သော် ထွက်ပြေးခြင်းသည် သတ္တိကြောင်ခြင်းမဟုတ်ပါ။ ရှင်ဘုရင်၏ရဲမက်များအား ဒါဝိဒ်အနေဖြင့် မနိုင်ခြင်းကိုသိသဖြင့် ခြေတစ်လှမ်းဆုတ်ခြင်းဟုလည်း မြင်ကြည့်လို့ရပေမည်မဟုတ်ပါလား။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၉:၁၂ တွင် ဒါဝိဒ်ကို ပြတင်းပေါက်မှလျှောချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
ဒါဝိဒ်ထွက်ပြေးခဲ့သည်။ ထိုသို့သာမက သူသည် ပုန်းရှောင်ရသည့်ကာလ၊ ဒုက္ခများစွာခံခဲ့ရသည့်အချိန်လည်းရှိခဲ့ရသည်။ အခြေအနေများကိုကြည့်လျှင် ဂေါလျတ်အား အနိုင်ယူခဲ့သူ ဒါဝိဒ်၊ ရှေ့တန်းစစ်မြေပြင်တွင် ရဲရဲဝင့်ဝင့်စစ်တိုက်ခဲ့သူ ဒါဝိဒ်၊ ဖိလိတ္တိလူများကို နှိမ်နှင်းခဲ့သူ ဒါဝိဒ်ကြီး ယခုတော့ပြေးနေရသည်၊ ရှောင်ပုန်းနေရသည်၊ ဒုက္ခပင်လယ်ထဲနစ်မွန်းနေသည်ဟုဆိုစရာရှိသော်လည်း ထိုအရာသည်အဆုံး မဟုတ်ပေ။
ဒါဝိဒ်သည် စစ်တိုက်ရသည့် ကာလ၊ ထွက်ပြေးရသည့် အချိန်၊ ပုန်းရှောင်ရသည့် အပိုင်းအခြား၊ ဒုက္ခရောက်သည့်ကာလများရှိသော်လည်း အဆုံးသတ် မသွားပါ။ ဒါဝိဒ်၏ ရှင်ဘုရင်ဖြစ်လာခြင်း အပိုင်းအခြားများသည် ထိုထွက်ပြေးခြင်း၊ ရှောင်ပုန်းခြင်း၊ ဒုက္ခဆင်းရဲရောက်ရခြင်းများပါဝင်သလို စစ်တိုက်ခြင်းများလည်းရှိပေသည် မဟုတ်ပါလား။ ဂေါလျတ်အား အနိုင်ယူခဲ့သူ စစ်ပွဲများအားတိုက်ခဲ့သူသည် သွေးကြောင်၍ ထွက်ပြေးခြင်း မဟုတ်ပါ၊ ရှေ့မတိုးသာ၍ နောက်ဆုတ်ခြင်းသည် သတ္တိနည်းခြင်းမဟုတ်သကဲ့သို့ ထွက်ပြေးခြင်း၊ ပုန်းရှောင်ခြင်းသည် လိုအပ်သည့် ဗျူဟာများလည်းဖြစ်သည်ဟုပင်ဆိုရပေမည်။ ထိုအရာများသည်လည်း ဒါဝိဒ်၏ ရှင်ဘုရင်ဖြစ်စေရန် တနည်းအားဖြင့်ဆိုရသော် အောင်ပွဲကိုရရန် ဖြတ်ကျော်လာရသော ဘဝအပိုင်းအခြားများပင်ဖြစ်နေပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
⚠️ Gentle Reminder:
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။