Skip to content

တခါတရံတွင် ကျွန်တော်တို့သည် စကားပြောနေချိန်တွင်ဖြစ်စေ၊ အဖြစ်အပျက် အကြောင်းအရာတစ်ခုကြောင့်ဖြစ်စေ၊ အခြေအနေအလိုက် ရုတ်တရက် နှုတ်မှ စီးထွက်လာတတ်သည့် ညစ်ညူးသော စကားများရှိနေတတ်ကြသည်။ ဥပမာ ဘာရယ်မဟုတ်သော်လည်း “စောက်” ဟုအသုံးပြုမိခြင်း၊ ဘာရယ်မဟုတ်သော်လည်း အခြားသော ညစ်ညူးရာစကားများကို အသုံးပြုမိခြင်းဟု ဆိုကြပါစို့။

“စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ” “စကားများ အမှားပါ” စသည့် စကားပုံများအတိုင်း ဘာရယ်မဟုတ်ပြောမိရာမှတဆင့် အမှားပါကာ အခက်တွေ့ရသည့် အချိန်လည်းရှိတတ်ကြပေသည်မဟုတ်ပါလား။ အချို့အချို့သော ပဋိပက္ခများသည်ပင်လျှင် ထိုပြောစကားများမှတဆင့် အခြေပြုကာ ဖြစ်တည်လာတတ်ကြပေသည်။ ကျွန်ုပ်တို့၏ စိတ်အခြေအနေကြောင့် ညစ်ညူးသည့်စကားများကို ပွင့်အံမိစေသည့်အခိုက်အတန့်သည် ပဋိပက္ခအား အစပြုခြင်းလည်းဖြစ်စေတတ်သကဲ့သို့ ဘာရယ်မဟုတ် စနောက်ခြင်းများမှ စီးဆင်းရာ ညစ်ညူးသည့်စကားများသည်ပင်လျှင် ပဋိပက္ခတစ်ခုအား ဦးတည်တတ်သည်ကိုလည်း ကျွန်ုပ်တို့သတိထားရမည့်အချက်ပင်ဖြစ်သည်။

ထိုသို့သော ပဋိပက္ခမျိုးသည် ကျွန်ုပ်တို့၏ စကားများကြောင့် အစပြုတတ်သော ပဋိပက္ခအမျိုးအစားဖြစ်သည်။ ထိုအရာအတွက် ကာကွယ်ဆေးမှာ ကောင်းသောစကားပင်ဖြစ်သည်။

ဧဖက်ဩဝါဒစာ ၄:၂၉
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။

သူတပါးအတွက် အကျိုးရှိစေသော စကား၊ တည်ဆောက်စရာဖြစ်စေသော စကား၊ နူးညံ့သိမ်မေ့သော စကား၊ မေတ္တာစကား၊ မင်္ဂလာ စကား၊ စသဖြင့်သော နားဝင်ချိုသည့် စကားများသည် ပဋိပက္ခတစ်ခုအတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးတစ်ခွက်ပင်ဖြစ်ချေသည်ဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ပြောသော စကားများသည် သူတပါးအတွက် စိတ်နာစေခြင်း၊ ထိမိ၍ လဲစရာဖြစ်စေခြင်း၊ နာကျင်စေခြင်း၊ စိတ်ဆိုး စိတ်ပျက်စေခြင်း စသဖြင့် မဖြစ်စေရန် သတိပြုရမည်ဖြစ်သည်။ ထို့အပြင် အပြစ်တင်သောစကားများထက် အပြုသဘောနှင့်သာ ပြောတတ်သော စကားများ ဖြစ်စေရန်လည်း မမေ့လျော့သင့်ပေ။ တခါတရံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင် အပြစ်တင်တတ်သော နှုတ်ကို ပိုင်ဆိုင်ထားတတ်ကြပေသည်မဟုတ်ပါလား။ မလိုအပ်ဘဲ ကြီးထွားလာတတ်သော ပဋိပက္ခများသည် ထိုသို့သော အပြစ်တင်ခြင်း၊ ညစ်ညူးသောစကားများ ပြောဆိုမိခြင်း၊ စိတ်နာစေခြင်း စသဖြင့်သော နှုတ်ထွက်စကားများကြောင့်သာ ဖြစ်လေ့ရှိကြသည်။ ဤသို့မဖြစ်စေရန် မိမိတို့၏ နှုတ်ထွက်စကားများကို သမ္မာသတိနှင့်ထိန်းကာ ဆင်ခြင်ရန် လိုအပ်သည်မှာ အသေအချာပင် …

ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ အသင်းတော်၊ ကျွန်ုပ်တို့၏ မိသားစု၊ ကျွန်ုပ်တို့၏ လုပ်ငန်းခွင်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၊ ကျွန်ုပ်တို့၏ သက်ဆိုင်ရာ နေရာဒေသ အသီးသီးတို့၌ မည်သည့်အချိန် မည်သည့်အခြေအနေတွင်ဖြစ်စေ ပဋိပက္ခများအတွက်ပင်ဖြစ်စေ ထိုကာကွယ်ဆေးကို မမေ့မလျော့ အသုံးပြုကာ ကောင်းသောစကားများကိုသာ သုံးဆောင်ကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။