Skip to content

ဟာမန်သည် ​မော်ဒဂဲနှင့် သူ၏လူမျိုးများအား အကုန်အစင်သတ်ပစ်ရန် ပြင်ဆင်ခဲ့သည်။ ထိုအရာသည် ယ​​နေ့​ခေတ်တွင် ထင်ရှား​သော (Genocide) လူမျိုးတုန်းသတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ထိုသို့သတ်ဖြတ်ခြင်းကိုလုပ်​ဆောင်လျှင် ဟာမန်အတွက် ပြဿနာ​တွေ့နိုင်သည်၊ လူအစုလိုက်အပြုံလိုက်သတ်မှုဖြစ်နိုင်ပေ​သော​ကြောင့် ဥပ​ဒေနှင့် ငြိစွန်းနိုင်သည်။ ထို့​ကြောင့်ဟာမန်သည် စနစ်တကျစီစဥ်ခြင်း၊ ပြင်ဆင်ခြင်းများကို ​သေ​သေချာချာလုပ်​ဆောင်၍ ရှင်ဘုရင်လက်ခံ​စေရန်​ ကြံစည်ကာဆောင်ရွက်ခဲ့​ပေသည်။

ထို့​ကြောင့် ရှင်ဘုရင်၏ သ​ဘောတူညီမှုရ​သွားသော​ကြောင့် ဟာမန်၏ စနစ်တကျ ဥပ​ဒေ​ဘောင်အတွင်းမှ အကြမ်းဖက်ခြင်းသည် မည်သူမျှအပြစ်တင်ခွင့်မရ၊ မည်သူမျှတိုင်တန်း တရားစွဲဆိုခွင့်လည်း မရကြ​တော့ပါ။ ထိုအရာသည် တကယ်တမ်း​တော့ အဓမ္မအမှုအရာပင်ဖြစ်​ချေသည် မဟုတ်ပါလား။ တနည်းဆိုရလျှင် အစီအစဥ်တကျ စနစ်တကျကြံစည်ကာ အကြမ်းဖက်ခြင်းပင်ဖြစ်​ပေသည်။

ဟာမန်၏ ယုဒလူမျိုးများအားလုံးကို မတရားသတ်ဖြတ်ရန် ကြံစည်​ခြင်းသည် မည်သူတစ်ခုတစ်​ယောက်မျှ အလွတ်​ပေးလိမ့်မည် မဟုတ်ပါ။ က​လေးဖြစ်​စေ၊ လူကြီးဖြစ်​စေ၊ ဆင်းရဲသား၊ သူ​ဌေး၊ ပညာတတ်တတ် မတတ်တတ်၊ ​အောက်​ခြေလူတန်းစားဖြစ်​စေ လူတန်းစားမ​ရွေးသကဲ့သို့၊ သူတောင်းစား၊ ဆရာဝန်၊ ​လေဝိ အစရှိသဖြင့် ခြွင်းချက်ဟူ၍ မရှိပါ။ မတရားမှုဟူသည် အသက်အရွယ်မ​ရွေးသလို လူတန်းစားမ​ရွေးဘူးဆိုသည်ကို နားလည်စရာရှိပါသည်။

ဧသတာဝတ္ထု  ၄:၂-၃
လျှော်တေအဝတ်ကို ဝတ်လျက် နန်းတော်တံခါးထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါးရှေ့မှာ ရပ်နေ၏။ ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ လူများတို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။

ထိုအမှုအရာ​ကြောင့် ယုဒလူတိုင်း ဝမ်းနည်း​ကြေကွဲကြသည်။ ငို​ကြွေးမြည်တမ်းလျက် ​အော်ဟစ်ကြသည်။ အစာ​ရှောင်ခြင်း ​လျှော်​တေအဝတ်ကိုဝတ်လျက်အိပ်ခြင်း စသဖြင့် အမျိုးမျိုး​သော အမှုအရာများလုပ်​ဆောင်လျက် ထိုအဓမ္မအမှုကို သ​ဘောမတူ​ကြောင်း ပြသခဲ့ကြ​ပေသည် မဟုတ်ပါလား။ ​“အပြည်ပြည်တို့၌ ယုဒလူတို့” ဟုဆို​သော​ကြောင့် ယုဒလူမျိုးမှန်လျှင် အကုန်လုံးပါဝင်သည်။ ထိုအထဲတွင် ​လေဝိများလည်း ​အော်ဟစ်မြည်တမ်းကြမှာဖြစ်သလို က​လေးများလည်းပါဝင်​ပေလိမ့်မည်။

လူငယ်လည်းပါသလို၊ လူကြီးလည်းပါသည် ​လူတိုင်းလူတိုင်းသည် လမ်း​ပေါ်ထွက်လျက် ငို​ကြွေးမြည်တမ်းခြင်း၊ ထာဝရဘုရားကို ​အော်ဟစ်ခြင်း၊ အစာ​ရှောင်ခြင်း၊ ​လျှော်​တေဝတ်ခြင်း အမျိုးမျိုးတို့ကို တတ်နိုင်သည့်အတိုင်း အသီးသီးလုပ်​ဆောင်ကြသည် မဟုတ်ပါလား။ မော်ဒဂဲသည်လည်း ထို့အတူပင်ဖြစ်​ပေသည်။

“ယုဒလူမျိုးမှန်လျှင် ယုဒလူမျိုးအားလုံးအ​ပေါ်သို့ ကျ​ရောက်သည့် အဓမ္မမှုကြီးသည် အသက်အရွယ်ကြီးသည်ဖြစ်​စေ ငယ်သည်ဖြစ်​စေ ဆင်းရဲချမ်းသာ၊ ​လေဝိဘာညာမ​ရွေးဘဲ လူတန်းစားမ​ရွေး အားလုံးနှင့်ဆိုင်​ပေသည်။ တနည်းဆိုရ​သော် နိုင်ငံ့အ​ရေးသည် နိုင်ငံသားအားလုံးနှင့် ဆိုင်​ပေသည် မဟုတ်ပါလား။”

နန်း​​တော်တံခါး​ရှေ့တွင်လည်း ရပ်လျက် ​ခေတ်စကားနှင့်ဆိုရလျှင်​တော့ အဓမ္မအမှုကို လက်မခံ​ကြောင်း ဆန္ဒကိုထုတ်​ဖော်သကဲ့သို့ပင်ဖြစ်​နေ​ပေလိမ့်မည်။ နန်း​တော်ထဲမှ မည်သူမျှလာမကယ်တင်ပါဟု​ပြောလျှင် ​ပြောနိုင်မည်ဖြစ်​သော်လည်း ​မော်ဒဂဲသည် အဓမ္မအမှုအားလက်မခံ​ကြောင်းကို ပြသခြင်း၊ ဘုရားသခင်အား ​အော်ဟစ်မြည်တမ်းခြင်း၊ ငို​ကြွေးခြင်းများပင်ဖြစ်​ပေသည်မဟုတ်ပါလား။ နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။

အချို့က က​လေးများသည် နိုင်ငံ​ရေးနားမလည်ခြင်း၊ ခံယူချက်မရှိခြင်းဟုဆိုကာ စာလုပ်ခြင်း သို့မဟုတ် စိတ်ဝင်စားသည့်အရာကိုသာ လုပ်​ဆောင်လျှင် အကျိုးရှိမည်ဟု ဆိုကြသူများလည်းရှိကြသည်။ တနည်းဆို​ရသော် ထိုအဓမ္မအမှုသည် ထိုက​လေးများအတွက်လည်း အနာဂတ်မရှိပါ။ က​လေးဆိုသည်နှင့် ဟာမန်အလွတ်မ​ပေးခြင်းကို နမူနာကြည့်လျှင် နားလည်နိုင်​ပေလိမ့်မည်။ ထို့​ကြောင့် စာလုပ်၍ ထူးချွန်သွား​စေဦး​တော့ အဓမ္မအမှု​ကြောင့် အနာဂတ်မရှိသည့် က​လေးများ၏ဘဝသည် အသတ်ခံရမှာပင်ဖြစ်​သော​ကြောင့် ဘာမျှမထူးပါ။

ဟာမန်၏အကြံအစည်သည် ယုဒလူမျိုးများအားလုံးအား လူမျိုးတုံးသတ်ဖြတ်ရန်ဖြစ်သဖြင့် က​လေးဟူ၍ အလွတ်​ပေးမည်မဟုတ်သကဲ့သို့ ​လေဝိဟူ၍လည်း အ​လျှော့​ပေးမည်မဟုတ်သည်ကို​တော့ နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ ဟာမန်ပြုရန်ကြံစည်​သော ထိုအမှုအရာကို ကျွန်ုပ်တို့သည် ဆင်ခြင်ရင်း အဓမ္မမှု၊ မတရားမှုတို့မည်သည် လူမျိုးမ​ရွေး၊ ဘာသာမ​ရွေး၊ လူကြီးလူငယ်မ​ရွေး၊ လူတန်းစားမ​ရွေးဘူးဆိုသည်ကို နားလည်ရပါ​​သည်။ ထိုအဓမ္မအမှုအား ​မော်ဒဂဲ၊ ယုဒလူမျိုးများ၏ ​ဖြေရှင်းခြင်းကို ဆင်ခြင်နှလုံးသွင်းလျှက် ​အားယူကာ ရှေ့ကိုဆက်ကြပါစို့။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။