နောမိသည် တစ်နေ့တွင် နေရပ်သို့ပြန်လာခဲ့သည်။ သို့သော် သူမ၏ ရင်ဘတ်ထဲတွင် ဒဏ်ရာဗလပွနှင့်ပင်။ မေးခွန်းများစွာကိုလည်း မျိုသိပ်ကောင်းမျိုသိပ်ထားပေလိမ့်မည်။ ဣသရေလပြည်၌ ဒုက္ခရောက်၍ မောဘသို့သွားခဲ့ကြသော်လည်း အဆင်မပြေခဲ့။ ပြည်တော်ပြန်လာချိန်တွင်လည်း ခါးသီးသော ခံစားချက်များကိုသာ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့ပေသည်။
ရုသဝတ္တု ၁:၂၀
သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။
သူမ၏အမည်ကိုပင် မေ့နိုင်လောက်အောင် ခါးသီးခြင်းသည်နာကျင်စေသဖြင့် “မာရ” ဟုသာခေါ်ပါဟုပင် ပြောဆိုသည်ကို အတိုင်းသားမြင်တွေ့ရပေသည်။ သူမ ကြုံတွေ့ခဲ့ရသော ခါးသီးခြင်းသည် သူမ မခံမရပ်နိုင်အောင် ပြင်းထန်လွန်းသည်ဟု သူမ ခံစားရသည်။ နောက်ဆုံးတွင် “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။” ဟူ၍ပင် နှုတ်မှထုတ်ပြောသည်အထိကိုပင် သူမ နာကျင်စွာ ငိုကြွေးနေရပေလိမ့်မည်။
ထိုသို့သောအခြေအနေ၊ ထိုသို့သောအဖြစ်အပျက်၊ ထိုကဲ့သို့သောခံစားချက်များသည် ကျွန်ုပ်တို့နှင့်များ တူနေမည်လား။ “ခါးသီးခြင်းများကိုသာကြုံနေရတယ်၊ မတရားခြင်းတွေကိုသာ ခံစားနေရတယ်၊ အဆင်မပြေခြင်းတွေကိုသာ ရင်ဆိုင်နေရတယ်” စတဲ့ ဒီလိုခါးသီးလွန်းလို့ “မာရ” လို့သာခေါ်ဆိုပါတော့ဟု ကျွန်တော်တို့လည်း နာကျင်စွာငိုကြွေးနေမိကောင်း နေမိကြပါလိမ့်မည်။ အခြေအနေများကိုကြည့်လိုက်လျှင်တော့ အနာဂတ်ပျောက်နေမည်၊ လူတိုင်း စိတ်ညစ်နေကြကာ လမ်းပျောက်နေသကဲ့သို့ မှောက်မိုက်ကာလကြီးထဲတွင် လည်နေကြပြီဟုသာဆိုကြပါစို့။ ထို့ကြောင့် “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။” ဟူ၍ နောမိဆိုသကဲ့သို့ ကျွန်တော်တို့သည်လည်း နှုတ်မှထုတ်ပြောသည်အထိကိုပင် နာကျင်စွာ ငိုကြွေးနေကြရပြီလား။
“အမှောင်ထဲသို့ရောက်နေသောလူသည် ဘာကိုမျှ မမြင်ရဘဲ မှောင်မိုက်ကိုသာ တွေ့ရပေမည်၊ မှောက်မိုက်ကိုသာ မြင်တွေ့ရကာ မှောင်မိုက်နှင့်သာ ရင်းနှီးကျွမ်းဝင်နေပေလိမ့်မည်။” ထိုသို့သောအခြေအနေရောက်လာလေလေ မှောင်မိုက်ကိုသာ ပို၍ ပို၍မြင်ရလေလေ၊ မှောင်မိုက်ကိုသာတွေ့ရလေလေ ပို၍တိုး၍စိတ်ပျက်လာလေလေဖြစ်နေပေတော့မည်မဟုတ်ပါလား။
၈၈ ခုမြောက်သောဆာလံ အပုဒ်ငယ် ၁၈ တွင် “အသိအကျွမ်းတို့သည် မှောင်မိုက်မှာရှိကြပါ၏” ဟုဆိုသကဲ့သို့ NIV version တွင်တော့ “Darkness is my closest friend.” ဟုဖော်ပြထားပေသည်။
ထိုအချိန်တွင် မှောင်မိုက်သည်သာ အရင်းနှီးဆုံးမိတ်ဆွေဖြစ်နေသည်၊ ထိုသို့သောအခြေအနေများသည် ခြေချော်လုပြီ၊ ဘုရားသခင် မျက်နှာလွှဲနေပြီဟုထင်ရနိုင်သကဲ့သို့ မာရအရပ်သို့ ရောက်ရလေပြီဟုပင် ခံသားကောင်း ခံစားနေရပေလိမ့်မည်။ နာကျင်ရသောကာလ ကြာညောင်းလာလေလေ၊ အဓမ္မလူတွေ မတရားသောသူတွေ၏အချိန်များ ကြာလာလေလေ မှောင်မိုက်ကြီးထဲသို့ ရောက်လာလေလေ ထိုမှောင်မိုက်ကသာ ဘုရားသခင်ထက် သာ၍နီးနေသလိုလိုဖြစ်ကောင်းဖြစ်နေပေမည်။ ထိုမှောင်မိုက်ကသာ ဘုရားသခင်ထက်ရင်းနှီးလာသကဲ့သို့ ခံစားရကာ … “Darkness is my closest friend.” ဖြစ်နေသလိုပင်။ ထို့ကြောင့် ၈၈ ခုမြောက်သော ဆာလံသည် ကြေကွဲဝမ်းနည်းစရာအကောင်းဆုံးဆာလံတေးဆို၍ သတ်မှတ်ကြသည်။
လက်ရှိကာလတွင်လည်း မှောင်မိုက်ထဲတွင် တစ်ယောက်တည်းအထီးကျန်နေပါသလား၊ ထိုမှောင်မိုက်ကာလကိုဖြတ်သန်းရင်းနှင့် “Darkness is your closest friend” ဖြစ်နေပါသလားမိတ်ဆွေ။
(ရှင်မဿဲခရစ်ဝင်၂၇:၄၅-၄၆)
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟုဆိုလိုသတည်း။
တကယ်တော့ ကျွန်တော်တို့သည် မှောင်မိုက်ထဲသို့ဖြတ်သန်းနေရချိန်မှာလျှင်ပင် တစ်ယောက်တည်းမဟုတ်ပါ။ ထိုသို့သောအခြေအနေများကို သခင်ယေရှုအကုန်အစင်သိပါသည်။ လူတွေ၏တံတွေးနှင့်ထွေးခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ ကိုယ့်လူများ၏ စွန့်ပယ်သွားခြင်း၊ သစ္စာဖောက်ခြင်း၊ မတရားစွပ်စွဲခံရခြင်း၊ အထင်သေးခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ နောက်ဆုံး တွင်လည်း အားလုံးသည် လူသတ်သမားနှင့်ပင် လဲလှယ်ကြပြန်သည် မဟုတ်ပါလား။ ခမည်းတော်ကလည်းစွန့်ပယ်ပြန်သေး၏။ ထိုသို့သောမှောင်မိုက်အတိဖြစ်သည့်အချိန်၊ အမှောင်မိုက်ဆုံးသောကာလကိုပင်လျှင် ကိုယ်တော်သိသည်။ အဲဒီမှောင်မိုက်ထဲတွင်လည်း ကိုယ်တော်တပါးတည်းရှိနေခဲ့ပေသည်။
သခင်ယေရှု၏ကားတိုင်တက်ခြင်းသည် လူသားများအတွက် ကယ်တင်ခြင်း၊ ထိုမှောင်မိုက်ကာလကိုဖြတ်သန်းခြင်းသည်လည်း လူသားများအတွက်ဖြစ်ပေသည်။ ဆာလံဆရာ၏ မြည်တမ်းရသော အမှောင်မိုက်ဆုံးသောကာလများသည် လက်ရှိယခုကျွန်တော်တို့ ခွန်အားယူရာ ကျမ်းပိုဒ်များစွာဖြစ်လာပေသည်။ လက်ရှိ ကျွန်တော်တို့ တယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်း၏ မှောင်မိုက်ကာလများသည် ဘယ်နေ့ ဘယ်အချိန်တွင် ဘာအတွက်ဖြစ်စေမည်ကို ကျွန်တော်တို့မသိကြသော်လည်း ကိုယ်တော်သိပါသည် … နားလည်နိုင်ဖို့ရာဘုရားရှင်ကောင်းကြီးရှိပါစေ။
မိတ်ဆွေ သင်ယခု … မှောင်မိုက်ကာလထဲတွင် အားငယ်နေလျှင်လည်း သတိရလိုက်ပါ ထိုအထဲမှာ ပင်လျှင်သခင်ယေရှုရှိပါသည်၊ မှောင်မိုက်သည်ကျွန်တော်တို့၏မိတ်ဆွေမဟုတ်ဘဲ အဲဒီမှောင်မိုက်ကိုဖြတ်သန်းဖူးတဲ့ သခင်ကအတူရှိနေပေသည်၊ သူကသာ ကျွန်တော်တို့၏မိတ်ဆွေ၊ ကျွန်တော်တို့၏ ကယ်တင်ရှင်ဖြစ်ပါသည်။ ထို့ကြောင့် အမှောင်မိုက်ဆုံးသောကာလများကို ရင်ဆိုင်ကြရသည့်အခါတွင် ဘုရားသခင်မျက်နှာလွှဲသွားသလားဆိုရင်ဖြင့် … မလွှဲသွားဘူး … ဘုရားသခင် အတူမရှိတော့ဘူးလားဟုဆိုလျှင်လည်း မဟုတ်ပါဘူး … ဘုရားသခင်အတူရှိနေပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့သော အမှောင်မိုက်ဆုံးသောကာလထဲမှာပင်လျှင် ကျွန်တော်တို့နှင့်အတူရှိပါသည် ဆိုတာကိုသိမှတ်ဖို့နှင့် လက်တော်ကိုငံ့လင့်ဖို့လည်းဖြစ်ပေသည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။