ခွင့်လွှတ်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အရေးကြီးသောအရာတစ်ခုဟုဆိုလျှင်လည်း မမှားပါ။ လူတိုင်းလူတိုင်းအတွက် ခွင့်လွှတ်ခြင်းသည် လိုအပ်ပါသည်။ ခွင့်လွှတ်ခြင်းဟုဆိုရာတွင် သမ္မာကျမ်းစာရှုထောင့်အရ “Vertical Forgiveness နှင့် Horizontal Forgiveness” ဟူ၍ တွေ့ရနိုင်သည်။ “Vertical Forgiveness” သည် လူသားများအား ဘုရားသခင်၏ ခွင့်လွှတ်ခြင်းဖြစ်ပြီး “Horizontal Forgiveness” မှာတော့ လူသားများအချင်းချင်း ခွင့်လွှတ်ခြင်းဖြစ်ပေသည်။ (ဧဖက် ၄:၃၂) တွင်လည်း “ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြလော့။” ဟူ၍တွေ့ရပေသည်။
တခါတရံတွင် သူတပါးထံမှခွင့်လွှတ်ခြင်းကိုရရှိသော်လည်း မိမိကိုယ်တိုင်အပြစ်တင်နေမိခြင်းသည် ကျွန်တော်တို့ထံ၌ရှိတတ်ကြသည်။ မိမိကိုယ်တိုင် ထိုအပြစ်၌ ချည်နှောင်လျက်ရှိနေတတ်ကြသကဲ့သို့ အမြဲတမ်းပြန်လည်၍ မိမိကိုယ်ကိုယ် အပြစ်တင်မြည်တမ်းလေ့ရှိကြဖူးပေလိမ့်မည်။ “ငါဒါကို ဘာလို့များလုပ်မိပါလိမ့်၊ ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်ဘူး၊ ငါဒါကိုမလုပ်သင့်ဘူး” စသဖြင့် ထိုအပြစ်၌သာ ချည်နှောင်လျှက်ရှိမိတတ်ကြသည်။
ထိုအပြစ်စွဲနေသည့်စိတ်ဖြင့် တစ်ရက်တစ်ရက် အသက်ရှင်သွားကာ ထိုအပြစ်၏ချည်နှောင်ခြင်းသည် အိပ်မက်ဆိုးတစ်ခုအလား ခြောက်လှန့်နေတတ်သည်။ မိမိကိုယ်တိုင် အပြစ်တင်လျက် နေ့စဥ်ရှင်သန်နေခြင်းသည် တကယ်တော့ ဝိညာဥ်ရေးရာ ကြီးရင့်ခြင်းနှင့် ငြိမ်သက်ခြင်းအတွက် အနှောက်အယှက်တစ်ခုဖြစ်လာနိုင်ပေသည်။ ခွင့်လွှတ်ခြင်းသည် မလွယ်ကူဘူးဟုဆိုကြသော်လည်း မိမိကိုယ်ကိုယ်ပြန်လည်ခွင့်လွှတ်ခြင်းသည် သာ၍ခက်ခဲတတ်ပေသည်။ ဆောင်းပါးတစ်ခုတွင်တော့ ယခုကဲ့သို့ဖော်ပြထားသည်ကို ဖတ်ခဲ့မိဖူးပါသည်။ သို့သော်လည်း မမှတ်မိတော့သဖြင့် “Source” ကိုတော့မဖော်ပြတော့ပါ။ (နေရာချင်းလဲကြည့်လိုက်ပြီးတော့ အဲဒီလူကိုဘယ်လိုအပြစ်ပေးမလဲတွေးကြည့်ပါ၊ အခြားလူဆိုတော့ သနားစိတ်နဲ့ လျှော့ပေါ့တတ်ကြတယ် ခွင့်လွှတ်ပေးတတ်ကြတယ်လေ)
မှန်ပါသည်၊ လူတိုင်းလူတိုင်း အပြစ်လုပ်မိဖူးကြသည်။ ကျွန်တော်တို့ကိုယ်တိုင်ပင်လျှင် သိလျက်နှင့်လုပ်သည်ဖြစ်စေ မသိ၍လုပ်သည်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိလုပ်သည်ဖြစ်စေ မရည်ရွယ်ဘဲ လုပ်မိ၍ဖြစ်စေ အပြစ်လုပ်မိကြသည် မဟုတ်ပါလား။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုအရာများအားလုံးကို ဖုံးလွှမ်းပေးခဲ့သည် ဖြစ်သကဲ့သို့ “Vertical Forgiveness နှင့် Horizontal Forgiveness” အတိုင်းလည်း ယနေ့ကျွန်ုပ်တို့သည် တစ်ယောက်ကိုတစ်ယောက်လည်း ခွင့်လွှတ်ကြပေသည်။ ဘုရားသခင်၏မေတ္တာတော်သည် ကျွန်တော်တို့ကို ဖုံးအုပ်သဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင် ခွင့်မလွှတ်နိုင်ခြင်းများကို ယနေ့ပင်အဆုံးသတ်ရန် အချက်နှစ်ချက်ဖြင့်ဝေမျှပေးချင်ပါသည်။
(၁) စစ်မှန်သောနောင်တဖြင့် ဘုရားသခင်ထံ အပြစ်ဝန်ချပါ။
ဆာလံကျမ်း ၃၂:၅
“တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။”
(၂) ရှေ့သို့ဆက်ပါ။
ဖိလိပ္ပိဩဝါဒစာ ၃:၁၃
“နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊”
ရှင်ပေါလုသည် သူ၏ဘဝမှ အရာရာကို အရှုံးဟုသတ်မှတ်ထားခဲ့သူဖြစ်သည်။ သူ၏အကျိုးစီးပွားများကို ပြုစုသောအရာတို့ကိုပင်လျှင် “ရှုံးစေသောအရာဟု ခရစ်တော်ကြောင့်ငါထင်မှတ်၏” ဟူ၍ ဆိုခဲ့သူဖြစ်သည်။ ထိုသခင်၌တည်စေမည့်အကြောင်း ခပ်သိမ်းသောအရာတို့အားလည်း မစင်ကဲ့သို့ သတ်မှတ်သည်။
သူ၏ ကောင်းစားခဲ့ခြင်း၊ ဖာရိရှဲဖြစ်ခြင်း၊ ကျမ်းတတ်ကြီးဖြစ်ခြင်း၊ သူဌေးကြီး အာဏာရှိသူဖြစ်ခြင်းများကို ပြန်လည်တမ်းတ မနေတတ်သကဲ့သို့ ခရစ်ယာန်များအား နှိပ်စက်ခြင်း၊ ထောင်ထဲသွင်း အကျဥ်းချခြင်း၊ လိုက်လံ ဖမ်းဆီးခြင်း၊ နာကျင်စေခြင်း စသဖြင့် အပြစ်များကိုလည်း ချည်နှောင်မနေခဲ့ပါ။ “ငါဘာလို့များ လုပ်ခဲ့မိပါလိမ့်၊ ဒီအပြစ်မဲ့သူတွေ နာကျင်စေမှုအတွက် သူတို့ဘဝတွေအတွက် ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်ဘူး” စသဖြင့်လည်း မတွေ့ရခဲ့ပါ။
ရှင်ပေါလု၏ နောက်ပိုင်းအသက်တာသည် တစ်ခုကိုသာကြည့်ခဲ့သည်။ ထိုအရာသည် ခရစ်တော်ပင်ဖြစ်သည်။ သခင်ယေရှုခရစ်အားဖြင့် ခပ်သိမ်းသောအရာတို့အား အရှုံးကဲ့သို့သတ်မှတ်သည်။ “ငါအသက်ရှင်သည့်အရာသည် ခရစ်တော်ဖြစ်သည်” ဟုလည်းနားလည်ရပေသည်။ ထို့ကြောင့် သူအသက်ရှင်နေသ၍ ထိုနှောင်းခဲ့သော ကောင်းစားခြင်းများနှင့် လုပ်ပြီးခဲ့သော အပြစ်များကိုလည်း မမှတ်၊ ချည်နှောင်မနေတော့ဘဲ အရှေ့၌ရှိသော အရာများဖြစ်သည့် ခေါ်တော်မူခြင်းနှင့်ဆိုင်သော အထက်အရာကိုသာ ကမ်းလှမ်း၍ အဆုံးထိတိုင်အောင် လျှောက်လှမ်းခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် မိတ်ဆွေနှင့် ကျွန်တော်တို့သည် စစ်မှန်သောနောင်တရပြီးလျှင် ဘုရားသခင်ထံဝန်ချပါ။ “ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။” ဟုဆိုသည့်အတိုင်း ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့အား ဖုံးလွှမ်းပြီးသကာလ ရှင်ပေါလုကဲ့သို့ “နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသော အရာတို့ကို ကမ်းလှမ်း၍” အထက်အရပ်၌ရှိသော အရာတို့ကိုသာ မျှော်ကြည့်ကာ ပန်းတုံးတိုင်သို့လိုက်ပြေးကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။