ဆာလံဆရာသည် အင်မတန်စိတ်နှလုံးကြေကွဲနေသည်။ မတရားသောသူများ၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့သူများရှေ့တွင် မည်သည့်စကားမျှပင် မပြောချင်တော့လောက်သည်အထိ စိတ်ညစ်ညူးလျက်နေပေသည်။ ထိုသူတို့သည် မည်သို့သောအမှုများကို ပြုကြသည်မသိရသော်လည်း၊ ဆာလံဆရာ၏ဖော်ပြချက်အရ မတရားသောသူ၊ အဓမ္မလူတွေဖြစ်ကြသည်။
ထိုသူတို့ကြောင့် စိတ်နှလုံးကြေကွဲနေရသည်။ ထိုသူတို့၏ လုပ်ရပ်များကြောင့် နာကျင်နေရသည်။ ထိုသူတို့၏ အပြုအမူများကြောင့် ငိုကြွေးနေရပေသည် မဟုတ်ပါလား။ တနည်းအားဖြင့်ဆိုရသော် ထိုသို့သော အချိန်ကာလများသည် ဆာလံဆရာ၏ မှောင်မိုက်သောနေ့ရက်များပင်ဖြစ်ချေသည်။
“ထိုမှောင်မိုက်ကာလတွေသည် ဘယ်လောက်ထိကြာဦးမှာလဲ၊ ဘယ်လောက်ထိဖြတ်သန်းနေရဦးမလဲ၊ ဘယ်လောက်ထိ နာကျင်နေရမလဲ”
“ထိုမှောင်မိုက်ကာလထဲမှာ ဘယ်လောက်ထိ ငိုကြွေးနေရမလဲ၊ ဘယ်လောက်ထိ ခက်ခဲပင်ပန်းနေရဦးမှာလဲ၊ ဘယ်တော့မှများ လွတ်မြောက်ခြင်းအခွင့်ကို ရပါ့မလဲ”
ဆာလံကျမ်း ၃၉:၇
ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်း ရှိပါ၏။
လူ့ဘဝသည် အခိုးအငွေ့ဖြစ်သည်၊ ထာဝရဘုရားအတွက်တော့ ဆာလံဆရာ၏အသက်တာသည် တစ်ထွာတစ်မိုက်မျှသာပင်ဖြစ်ကြောင်းကိုလည်း သူသေချာသိပေသည်။ ထို့ကြောင့် လူ့ဘဝသည် အခိုးအငွေ့သာဖြစ်သည်။ လူသားတို့သည် နည်းလမ်းပေါင်းစုံသုံး၍ စည်းစိမ်၊ အာဏာ၊ ဂုဏ်တွေကို ရယူကြသော်လည်း အထွဋ်အထိပ်တွင် ဘယ်လောက်မျှ မနေရကြပေ။ အရာရာ အနတ္တပင်ဖြစ်ကြောင်းနှင့် အကျိုးမဲ့လုပ်ဆောင်နေကြခြင်းကို ကျွန်ုပ်တို့နားလည်စေရန် ဆာလံဆရာ၏ ကွက်ကွက်ကွင်းကွင်းဖော်ပြချက်မှာ ထင်ရှားပေသည်။
ထိုမှောင်မိုက်ထဲမှာ စိတ်နှလုံးကြေကွဲနေသော်လည်း မျှော်လင့်စရာ ဘယ်မှာများလဲ … ထိုမှောင်မိုက်ကာလသည် မည်မျှကြာမည် မသိသော်လည်း ကိုယ်တော်သည်သာ မျှော်လင့်ရာဖြစ်သည်။ “မတရားသောသူ၊ အဓမ္မလူ၊ လူမိုက်များ၏ ကဲ့ရဲ့ခြင်းကို မခံပါရစေနဲ့ ကိုယ်တော်” ဟူသော ဆုတောင်းသံ၊ ကိုယ်၌သာ မျှော်လင့်စရာရှိတော့ကြောင်းသည် ကျွန်ုပ်တို့အတွက် ဆင်ခြင်စရာလည်းဖြစ်ပေသည်။
[ ] ကိုယ်တော်သည် လူတို့၏အပြစ်များကို ဒဏ်ခတ်သည်။ ဆုံးမသည်။
[ ] ပိုးရွကဲ့သို့ ဖျက်ဆီးတတ်သည်။
[ ] ထိုလူတို့၏ တင့်တယ်ခြင်းအသရေပြယ်ပျောက်စေသည်။
[ ] လူခပ်သိမ်းတို့သည် အနတ္တသက်သက်ဖြစ်သည်။
ထိုအမှုအရာများသည် ကိုယ်တော်စီရင်တော်မူသဖြင့် ဆာလံဆရာဝန်ခံသည်။ ထိုအမှုအရာများသည် ကိုယ်တော်၏ခွင့်ပြုချက်ဖြင့် ရောက်လာခြင်းဖြစ်သောကြောင့် သူ၏နှုတ်ကိုမဖွင့် တိတ်ဆိတ်စွာနေသည်။ ဆုံးမခြင်းကိုလည်း ခံရပြီဖြစ်သဖြင့် အားကုန်လှပြီ၊ ပင်ပန်းလွန်းလှပြီဖြစ်သောကြောင့် ယခုတောင်းလျှောက်ပါပြီဟူ၍တွေ့ရပေသည်။
[ ] ထို့ကြောင့် ကိုယ်တော်ထံသို့ ဆုတောင်းပတ္ထနာပြုပါသည်။
[ ] ကျွန်ုပ်အော်ဟစ်သံကို နားထောင်တော်မူပါ။
[ ] ကျွန်ုပ်မျက်ရည်များကိုလည်း သုတ်တော်မူပါ။
[ ] ရှေးဘိုးဘွားများသို့နှယ် အာဂန္တု ဖြစ်ရပါသည်။
[ ] အကျွန်ုပ်ကို သက်သာရမည့်အခွင့်ပေးတော်မူပါ။
(ကျမ်းညွှန်း-ဆာလံ၃၉) ကိုကြည့်လျှင် ဆာလံဆရာသည် မတရားသောသူတို့အတွက်ကြောင့် စကားပင်မပြောချင်၊ စကားအားဖြင့် ပြန်လည်ချေပခြင်းကိုလည်း လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ နှုတ်အ နေပေသည်။
ကျွန်ုပ်တို့အသက်တာတွင်လည်း မတရားသောသူတို့၏ အပြုအမူ၊ လုပ်ဆောင်ချက်၊ အဓမ္မအရာတွေကြောင့် စကားပင် မပြောချင်လောက်တော့အောင် နာကျင်နေပြီလား …
ဆာလံဆရာရဲ့မှောင်မိုက်ကာလလိုပဲ ကျွန်တော်တို့တွေ မှောင်မိုက်ကာလကို ဖြတ်သန်းရတာ ဘယ်လောက်ကြာနေကြပြီလဲ … ဘယ်လောက်ထိငိုကြွေးနေရဦးမလဲ … ဘယ်လောက်ထိ ခံစားနေရဦးမှာလဲ … ဘယ်လောက်ထိနာကျင်နေရဦးမလဲ … ဒီမှောက်မိုက်ထဲကနေ ဘယ်တော့များမှ လွတ်မြောက်ခြင်းကိုပေးမှာလဲ …
ကျွန်ုပ်တို့သည် ထိုမှောင်မိုက်၏ အနက်ဆုံးသော ကာလကိုဖြတ်ကျော်ရသော်လည်း မျှော်လင့်ရာသည် ကိုယ်တော်ပဲ ရှိပါသည်။ ကိုယ်တော်ကိုသာ မျှော်လင့်ပါသည်၊ ကိုးစားပါသည်၊ ကိုယ်တော်သာလျှင် ကျွန်ုပ်တို့၏ မှီခိုအာကိုးရာလည်းဖြစ်ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ယခုမှာ မှောင်မိုက်၏ တိုက်ခတ်ခြင်းကြောင့် ပင်ပန်းလွန်းလှပါပြီ၊ စိတ်ပျက်၍ နာကျင်ကာ အော်ဟစ်ငိုကြွေးနေကြပါပြီ။ စိတ်နှလုံးကြေကွဲကာ စိတ်ဆိုးညစ်၍နေကြပါပြီ အရှင်ဘုရား …
ကျွန်ုပ်တို့၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ … ကျွန်ုပ်တို့၏ အော်ဟစ်သံကို နားထောင်တော်မူပါ … ကျွန်ုပ်တို့၏ ငြီးတွားသံကို ကြားတော်မူပါ … ကျွန်ုပ်တို့၏ မျက်ရည်စများကိုလည်း သုတ်တော်မူပါဟု ဆက်လက်ဆုတောင်း၍ အမှောင်မိုက်ဆုံးသောကာလကိုလည်း ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ဖြတ်ကျော်ကြပါသည် အရှင်ဘုရား …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။