Skip to content

လူသားဖြစ်သော ကျွန်တော်တို့အယောက်စီတိုင်းသည် စိတ်ဆိုးခြင်း၊ စိတ်မရှည်ခြင်းများ ရှိတတ်ကြသည်။ ထိုအချိန်များတွင် ပြောသောစကားများသည် နူးညံ့သိမ်မွေ့ခြင်းမရှိတတ်တော့ကာ အမျက်ဒေါသ၊ စိတ်မရှည်ခြင်းနှင့် စိတ်ဆိုးခြင်းများနောက်သို့သာ ပြောသောစကားများသည် အလိုလို လိုက်ပါသွားတတ်သည်။ အထိန်းအကွပ်မရှိတော့ဘဲ တဖက်သား၏ ရင်ဝသို့ မြှားအလီလီပစ်ခွင်းသကဲ့သို့ အဆက်မပြတ် ပစ်သွင်းနေမိသည်ကို သတိမရတော့ချေ။

ထို့အတူ မိမိ၏ စိတ်အလိုနောက်သို့လိုက်၍ စကားသံအမျိုးမျိုးပြောင်းလဲသွားတတ်ကြသည်ကို ကျွန်ုပ်တို့အားလုံးလည်း သတိထားမိကောင်း ထားမိတတ်ကြပေလိမ့်မည်။ စိတ်ပျော်ရွှင်နေသည့်အချိန်၌ ပြောသောစကား၊ စိတ်ညစ်နေခိုက်တွင် ပြောသောစကား၊ စိတ်မကြည်၊ စိတ်မရှည်ချိန်တွင် တစ်မျိုး၊ စိတ်ဆိုးသည့်အနေအထားတွင် တစ်ဖုံ စသဖြင့် လေယူလေသိမ်း သံစဥ်အမျိုးမျိုးဖြင့် သံစုံတီးဝိုင်းမျိုးကို ကျွန်ုပ်တို့ သေချာပေါက်ရင်းနှီးကြမည်မှာ မြေကြီးလက်ခပ်မလွဲပေ။

ထိုအနေအထားမျိုးသည် ပဋိပက္ခတစ်ခုကို အစပျိုးရန်အကောင်းဆုံးသောအနေအထားလည်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိအားကြမ်းတမ်းစွာပြောဆိုခြင်းအား နှစ်သက်မည်ဟု ကျွန်ုပ်မထင်ပါ။ သင် (ငါ) ဆိုလျှင် မည်သို့ခံစားရမည်နည်း … စသဖြင့် ဝင်ရောက်ခံစားကြည့်သင့်ပေလိမ့်မည်။

စကားပြောခြင်း (အသံကာလာ၊ အနေအထားများအပေါ်မူတည်၍) သည်ပင်လျှင် ပဋိပက္ခကိုဖြစ်စေတတ်သည်ကို သတိထားကာ ဆင်ခြင်သင့်ပါသည်။ ထိုပဋိပက္ခမှတဆင့် မိတ်ဆွေများ စကားမပြောချင်လောက်သည်အထိဖြစ်လာစေခြင်း၊ စိတ်မကောင်းဖြစ်စေခြင်း၊ Relationships များ၊ ညီကိုမောင်နှမများ၊ အသင်းတော်များ စသဖြင့် အက်ကွဲကြောင်းများကို ဖော်ဆောင်လေသော အမျက်ကိုနှိုးဆော်တတ်ပေသည်။

သုတ္တံကျမ်း ၁၅:၁
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသော စကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။

ထို့ကြောင့် ပဋိပက္ခကိုဖြစ်ပွားစေတတ်သော စိတ်ဆိုးခြင်း၊ စိတ်မရှည်ခြင်းများမှတဆင့် ကြမ်းတမ်းသောစကားများကို စေလွှတ်ကာ အမျက်ကိုနှိုးဆော်ခြင်းများ မဖြစ်စေရန် သမ္မာသတိနှင့်ဆင်ခြင်ကြပါစို့။ သို့တည်းသာမဟုတ် “ဖြေးညှင်းသော စကားသည် စိတ်ကိုဖြေတတ်၏” ဟု ကျမ်းစာလာသည်အတိုင်း လိုက်လျှောက်နိုင်ကြသောသူများ ဖြစ်ကြဖို့ရန်လည်းလိုအပ်ပေသည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။