Skip to content

အာဗြဟံဟု အမည်မပြောင်းမီ အာဗြံနှင့် လောတတို့ ခါနာန်ပြည်တောင်ပိုင်းသို့ရောက်သည့်နောက်တွင် နှစ်ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ “အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟုဖော်ပြထားသကဲ့သို့ “အာဗြံနှင့်အတူလိုက်သော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်” ဟူ၍တွေ့ရပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် မြေကြီးပင်မဆံ့နိုင်ပေ။ “ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မနေနိုင်ကြ” ဟုလည်း ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။

ထို့နောက်တွင် သူတို့နှစ်ဦး၏ နွားကျောင်းသားတို့သည် ခိုက်ရန်ပြုကြသည်ဟုတွေ့ရသည်။ တနည်းအားဖြင့်ဆိုရရလျှင် ရန်ဖြစ်ကြသည်ပေါ့။ သခင် မတူ၍သော်လည်းကောင်း၊ ကိုယ့်စားကျက်နေရာတွင် လာရောက်စားသောက်၍သော်လည်းကောင်း၊ အမျိုးမျိုးဖြစ်နိုင်ပေသည်။ ပစ္စည်းဥစ္စာ မကြွယ်ဝစဥ်တွင် အဆင်ပြေစွာ သွားလာခဲ့ကြသော်လည်း “အိတ်ဖောင်းလျှင် စိတ်ပြောင်းသည်” ဟူသည့်စကားအတိုင်းပင် ယခုတွင်မူ နွားကျောင်းသားများသည်ပင်လျှင် ခိုက်ရန်ပြုလာကြပြီဖြစ်သည်။ “မင်းသခင်၊ ငါ့သခင်ဟူ၍ဖြစ်စေ၊ မင်းသခင်ပိုင်ဆိုင်မှု၊ ငါ့သခင်နေရာဟူ၍ဖြစ်စေ” စကားစမြည်ပြောဆိုကာလည်း ရန်ဖြစ်ကောင်းလည်း ရန်ဖြစ်နေကြပေလိမ့်မည်။

အာဗြံ၏နေရာတွင် ကျွန်တော်တို့သာဆိုလျှင် “ဒီမယ် ငါ့တူ လောတ ငါခေါ်လာလို့ မင်းဒီလိုနေနိုင်တာပါ၊ မင်းလူတွေမင်းထိန်းကွာ” သို့မဟုတ် “ဟေ့ကောင် မင်းတို့တွေလစ်လိုက်တော့” ထိုသို့များ ပြောဆိုဆုံးဖြတ်မည်လော၊ မဟုတ်ပြန်လျှင်လည်း အာဏာပြ၍ ဂုဏ်ပြိုင်ကာ တဖက်သူအား နှိမ်ခြင်းရှိမည်လား မသိပေ။

အာဗြံ၏ ပဋိပက္ခကိုင်တွယ်ဖြေရှင်းပုံသည် ယနေ့ကျွန်ုပ်တို့အတွက် အတုယူဖွယ်ရာဖြစ်ပေသည်။ အာဗြံထံမှ ရှေးဦးစွာထွက်ပေါ်လာသော စကားသည် ရန်စကားမဟုတ်၊ အပြစ်တင်ခြင်းမဟုတ်၊ ဝေဖန်ခြင်းလည်းမဟုတ်သလို မတူညီမှုများအား ထောက်ပြ၍ အပြစ်လည်း မဆိုခဲ့ပေ။ ဖြစ်ပေါ်လာသည့် အဆင်မပြေမှုအပေါ်တွင်လည်း သူ့ပစ္စည်းဥစ္စာ၊ သူ့စိတ်ဆန္ဒနှင့် ခံစားချက်များကိုလည်း ဦးစားပေးကာ စကားမဆိုခဲ့ပါ။ သင်နှင့်ကျွန်ုပ်သည် ပဋိပက္ခတစ်ခုဖြစ်ပေါ်လာခြင်းအပေါ် မည်သည့်စကားမျိုးဖြင့် ရှေးဦးစွာ အစချီလေ့ရှိသည်ကို ဆင်ခြင်စရာတစ်ခုအဖြစ် သင်ယူရသည်မဟုတ်ပါလား။

အာဗြံသည် မတူညီခြင်းများ၊ အပြစ်တင်စရာများထက် တူညီမှုကိုသာ ရှေးဦးစွာစဥ်းစား၍ ပဋိပက္ခကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အရေးပေးသည်မှာ “ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျှက်” ဟူသောစကားသည် သက်သေပင်ဖြစ်ပေသည်မဟုတ်ပါလား။ ကျွန်ုပ်တို့တွင် မတူညီမှုများစွာရှိနေပေလိမ့်မည်ဖြစ်သော်လည်း အာဗြံကဲ့သို့ တူညီမှုကိုသာ၍ အလေးပေးတတ်ရန်လည်း လိုအပ်ပေလိမ့်မည်။ ပဋိပက္ခဖြစ်သည့်အချိန်တွင် ထိုတူညီမှုသည် အထောက်အကူတစ်ခုဖြစ်ချေမည်။

သို့သော်လည်း ကျွန်ုပ်တို့သည် မတူညီမှုကိုသာ မြင်တတ်ကြသကဲ့သို့ မတူညီခြင်းများကိုသာ ရွေးခြယ်ပြောဆို အပြစ်တင်လေ့ရှိတတ်ကြသည်။ “ငါတို့က မတူဘူး၊ မင်းအမြင်က ငါ့အမြင်နဲ့ကွဲတယ်၊ မင်းသဘောထားက ငါနဲ့အဆင်မပြေဘူး” စသဖြင့်သော အမျိုးမျိုးသော ကွဲလွဲမှုများကိုသာ ပြောဆို၍ ပဋိပက္ခဖြစ်လေ့ရှိတတ်ကြပေသည်မဟုတ်ပါလား။

ကမ္ဘာဦးကျမ်း ၁၃:၈
အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌လည်းကောင်း၊ ခိုက်ရန် မရှိပါစေနှင့်။

ငါတို့တွေ သားအမိသားအဖ၊ တူဝရီး၊ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမတွေဖြစ်လျှက် ဘာလို့များ စကားများနေမလဲ၊ ငါတို့တွေ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ဆောင်ဖက်တွေဖြစ်လျှက်၊ ငါတို့တွေ အသင်းသူအသင်းသားတွေဖြစ်လျှက်၊ ငါတို့တွေ ယုံကြည်သူတွေဖြစ်လျှက်၊ ငါတို့တွေ ….. ငါတို့တွေ ခိုက်ရန်မရှိပါစေနှင့်ဟူသည့် စကားသည် ပဋိပက္ခတစ်ခုအတွက် အထောက်အကူဖြစ်ပေလိမ့်မည် မဟုတ်ပါလား။

ထို့နောက်တွင် အာဗြံဟံ၏ သူတပါးအား ဦးစားပေးတတ်ခြင်း၊ သူတပါး၏ စဥ်းစားဆုံးဖြတ်ချက် ရွေးချယ်ခြင်းအပေါ်၌ လေးစားခြင်းကိုလည်း တွေ့ရပေသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် သူတပါးထက် မိမိကိုယ်ကိုယ်သာ ဦးစားပေးချင်သည်။ သူတပါး၏ စဥ်းစားရွေးချယ်ခြင်း၊ သူတပါး၏ ဆုံးဖြတ်ချက်များအပေါ်၌ အပြစ်တင်ချင်သလို ရှုံ့ချချင်တတ်ကြပေသည်မဟုတ်ပါလား။

ထိုသို့သော မတူညီခြင်းကိုသာ မြင်တတ်ခြင်း၊ မတူညီခြင်းအပေါ် ပြစ်တင်ရှုံ့ချခြင်း၊ သူတပါးအား ဦးစားမပေးတတ်ဘဲ အနိုင်ယူခြင်း၊ သူတပါး၏ လုပ်ဆောင်ရွေးချယ်မှုအပေါ် အပြစ်ဆိုခြင်း၊ သူတပါး၏ စဥ်းစားရွေးချယ်ခြင်းအပေါ် ရှုံ့ချခြင်း၊ သူတပါးတို့နှင့် ကွဲလွဲခြင်းအပေါ်၌သာ အခြေခံကာ အမြဲတမ်းပြဿနာဖြစ်စေနေလျှင်တော့ ထိုအမှုအရာများသည် ပဋိပက္ခကို ကြီးမားလာစေတော့မည် မဟုတ်ပါလား။

အာဗြံသည် “ညီအစ်ကိုချင်းဖြစ်လျှက်” ဟုဆိုတတ်သကဲ့သို့ (ဥပမာတစ်ခုဆိုရလျှင်ဖြင့်) ကျွန်ုပ်တို့သည်လည်း ငါတို့သည် သခင်ယေရှုခရစ်တော်၌ ယုံကြည်သူများဖြစ်လျှက် ဟူသော တူညီခြင်းအပေါ်၌ အခြေခံကာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရန်အရေးကြီးပေသည်။ ထို့နောက် အာဗြံ၏ သူတပါးအပေါ် ဦးစားပေးတတ်ခြင်း၊ သူတပါး၏ စဥ်းစားခြင်း ရွေးချယ်ခြင်း ဆုံးဖြတ်ခြင်း လုပ်ဆောင်ခြင်းအပေါ်၌ လေးစားခြင်းနှင့် စဥ်းစားပေးတတ်ခြင်း နားထောင်ပေးခြင်းသည် ပဋိပက္ခတစ်ခုအတွက် လိုအပ်သည့် ဆေးတစ်ခွက်ပင်ဖြစ်နေပေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။