Skip to content

“ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။”
သုတ္တံကျမ်း ၁၄း၂၃
“There is profit in all hard work, but endless talk leads only to poverty.”
Proverbs 14:23

လူတချို့ဟာ ကြိုးစားတာနဲ့စကားများတာကိုရွေးဆိုရင် စကားများတာကိုပဲရွေးတတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမည့်အချက်က ထိုအရာနှစ်ခုလုံးဟာ အချိန်ယူရပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ၊ အချိန်တခုရောက်လာတာနဲ့အမျှ ဘယ်အရာကအကျိုးရှိသလဲဆိုတာ မြင်တွေ့လာရမှာပါ။

ဘုရားအချိန်ကိုစောင့်ပါ” “ဘုရားအချိန်ကအကောင်းဆုံးပဲ” စသည်ဖြင့်စကားတွေဟာ ဒီကနေ့ခရစ်ယာန်လူငယ်တွေရဲ့နားနှင့်နှုတ်ခမ်းမှာ မစိမ်းပါဘူး။ ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ သို့သော်ငြာလည်း ထိုစကားတွေက ဟုတ်မှန်ပေမယ့် အသက်ရှင်မှုက မမှန်တာဟာ ပြဿနာပါ။ ဘယ်လိုမျိုး မမှန်သလဲဆိုရင် ဘုရားကို (ဘုရားရဲ့အချိန်ကို) စောင့်မယ်သာဆိုတာ၊ ဘုရားရဲ့အချိန်သာ အကောင်းဆုံးပြောတာ တကယ်တမ်းစောင့်နေစဉ်ကာလအတွင်းမှာကျတော့ အသက်တာမှာကြိုးစားအားထုတ် ဆက်ကပ် အစေခံ ပြင်ဆင်ခြင်း အလျင်း မရှိတာပါပဲ။ ဒါမျိုးက ဘာနဲ့တူလဲဆိုရင် ဗေဒင်ဆရာစကားကို မျက်စိမှိတ်ယုံပြီး ထိုင်နေတာနဲ့တူပါတယ်။ ဒါကြောင့် ချစ်သောလူငယ်တို့ ကြားနာရတဲ့ဒေသနာတိုင်းကို ဟက်ချလောင်းဆိုပြီးဖြစ်လာလိမ့်မယ် အထင်နဲ့ ထိုင်စောင့်မနေပါနဲ့။ လုပ်စရာရှိတာကို ဆက်လုပ်နေပါ။ ကိုယ့်ရဲ့ယုံကြည်ခြင်းကို စစ်ဆေးပြင်ဆင်ပါ။ ငါတနေ့ကျရင် ဆရာဝန်ကြီးဖြစ်ရမယ်လို့ ငယ်စဉ်ကအတွေးစိတ်ကူးဟာ စာမဖတ်၊ စာမကြိုးစားဘဲ ကြီးလာတဲ့သူအတွက် မဟုတ်ပါဘူး။ ဖြစ်ရမယ်လို့ ယုံကြည်ပြီး ကြိုးစားပြင်ဆင်နေသူတွေ အတွက်ပါ။
နောက်တချက်က ဖြစ်ကိုဖြစ်ရမယ် ဆိုပြီးတော့ ကိုယ်တကယ်တမ်းဖြစ်မယ့်ရမယ့်အရာနဲ့လွဲပြီး ကြိုးစားအားထုတ်မှုနေရာမှားနေရင်လည်းမဟုတ်သေးပါဘူး။ ဒါဟာ မိဘတွေနဲ့လည်းသက်ဆိုင်ပါတယ်။ သားသမီးကို ရွေးချယ်စရာအခွင့်အရေးမပေးဘဲ အတင်းအကြပ် ဆုတောင်း ကြိုးစားခိုင်းတာမျိုးတွေကလည်း မဖြစ်သင့်ပါဘူး။ အကျိုးတခုတော့ ရှိလာန်ိုင်ပေမယ့် အကျိုးနည်းနိုင်တဲ့ အခြေအနေတခုလည်းဖြစ်လာနိုင်တဲ့ ဖိအားပေးမှုမျိုးလို့ စာရေးသူပြောချင်ပါတယ်။

နောက်ထပ် ခွန်အားပေးချင်ပါသေးတယ် ချစ်သောလူငယ်တို့။ အထူးသဖြင့် လောကလုပ်ငန်းခွင်တွေထဲသို့ဝင်ဖို့ရာ ပြင်ဆင်နေတဲ့လူငယ်တွေကိုပေါ့။ ဒီလိုပြင်ဆင်တဲ့အခါမှာ ကြိုးစားအားထုတ်မှုက အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို တချို့သောသူတွေမှာ အတန်းပညာ၊ အတတ်ပညာ အားနည်းမှုရှိပါတယ်။ ဒါကြောင့် အလုပ်ကကိုယ့်ကို သင်ပေးသွားပါလိမ့်မယ်ဆိုတာကို သိမှတ်ပြီးကြိုးစားသင့်ပါတယ်။ အတန်းပညာ၊​ အတတ်ပညာ ရှိသောသူများလည်းကြိုးစားမှုကို မရပ်တန့်သင့်ပါ။ လောဘရှိဖို့ပြောနေခြင်း မဟုတ်ဘဲ ကြိုးစားမှုတိုင်းမှာ အကျိုးရှိကြောင်းကိုသဘောပေါက်စေချင်သောကြောင့်ပါ။
ဝိညာဉ်ရေးမှာလည်း ထိုနည်းတူပါပဲ။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ မိဿဟာရဖွဲ့ခြင်းတို့ကို သင် “ပျင်း” နေရင်တောင်မှ “ကြိုးစား” ပြီးနေ့စဉ်ဆက်ကပ်ပါ။ ထိုဝိညာဉ်ရေးရာနဲ့စပ်ဆိုင်တဲ့အရာတွေမှာလည်း သင်ပျင်းနေရင် ကြားရသမျှတရားဒေသနာတိုင်းကို သင်ဟာ ဘာလာလာ အိုကေတဲ့ ခရစ်ယာန်လူငယ်တယောက်ဖြစ်နေပါလိမ့်မယ်။ ဗေရိမြို့သားတွေဟာ နှုတ်ကပတ်တော်ကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကျသူတွေပါ။ ဒါကြောင့်လည်း ထူးမြတ်သောသူတွေလို့ အခေါ်ခံရတဲ့ အကျိုးကိုရခဲ့ကြပါတယ်။ ဒါကြောင့် သင်လည်း နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာဖို့ပျင်းရင် မိစ္ဆာပရောဖက်တွေ၊ လက်တလုံးခြားတရားတွေ၊ သမ္မာတရားနဲ့သွေဖီနေတာတွေ၊ ဘုရားရဲ့ကတိတော် အလိုတော်တွေကို သင်ခွဲခြားနိုင်မှာ၊ သိနိုင်မှာမဟုတ်ပါဘူး။ ပျင်းရိခြင်းနဲ့ ကြိုးစားခြင်းဟာ အထင်ရှားဆုံးဆန့်ကျင်ဖက်တွေပါ။ အသက်တာမှာ ထိုနှစ်ခုထဲကတခုကတော့ ထင်ရှားနေမှာပါ။ ဒါကိုသတိပြုနိုင်ပါစေ ချစ်သောလူငယ်။

“ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။”
သုတ္တံကျမ်း ၁၃း၄
“The slacker craves, yet has nothing, but the diligent is fully satisfied.”
Proverbs 13:4

“ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။”
သုတ္တံကျမ်း ၂၂း၂၉
“Do you see someone skilled in their work? They will serve before kings; they will not serve before officials of low rank.”
Proverbs 22:29

ချစ်သောလူငယ်တို့ ကြိုးစားလုပ်ဆောင်ခြင်းကင်းမဲ့လျက်တောင့်တ၍မရတတ်သော အသက်တာမျိုးမှာ အသက်ရှင်နေမိပြီလား။ ကိုးစားရင်ရပြီဆိုပြီး ကြိုးစားမှုမရှိတဲ့သူတယောက်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကျောင်းပဲတက်မယ် စာမလုပ်ဘူးဆိုတာနဲ့ အလားသဏ္ဌာန် တူနေပါပြီ။
ဒါကြောင့် ကြိုးစားအားထုတ်မှုတိုင်းကို လောဘနဲ့မယှဉ်ဘဲ၊ ပျင်းရိခြင်းကို အနိုင်မယူနိုင်ရင်တောင်မှ အခွင့်အရေး မပေးသောအသက်တာမျိုးနဲ့ အသက်ရှင်သောလူငယ်များဖြစ်ဖို့ တိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်