ဖိလိပ္ပိဩဝါဒစာ ၄:၅
လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။
“သင်တို့” ဆိုတာသည် ကျွန်တော်တို့ ယုံကြည်သူများကိုပြောခြင်းပင်ဖြစ်သည်။ တခါတလေတွင် ကျွန်တော်တို့သည် လက်အောက်ငယ်သားများကို ဆက်ဆံပုံကတစ်မျိုး၊ အထက်လူကြီးကိုဆက်ဆံပုံကလည်း တစ်ဖုံ၊ အိမ်မှာတစ်မျိုး အပြင်မှာတစ်မျိုး၊ အသင်းတော်တွင်လည်း ကောင်းကင်တမန်အလားပင် ကခုန်ချီးမွမ်းနေကြတတ်သော်လည်း အပြင်ရောက်လျှင်တော့ အော်ဟစ်ကြမ်းတမ်းခြင်း ဆဲဆိုခြင်းများနှင့်သာ အသက်ရှင်နေတတ်ကြတာမျိုးလည်း ဖြစ်နေတတ်ပေသည်။ ထိုသို့သော “ဘုရားသားသမီး အလိမ္မာတုန်းလေးများ” ဟုပင် စသဖြင့် ရှိတတ်ကြပေသည် မဟုတ်ပါလား … ထိုသူတွေသည် ဘယ်သူတွေလဲ မည်သူများပါလိမ့်ဟုဆိုရလျှင်တော့ “သင်တို့” ဟုဆိုသည့် ကျွန်တော်တို့ ယုံကြည်သူတွေပင် …
ဤနေရာတွင် နှုတ်ကပတ်တော်မှ ဘာပြောသလဲဆိုလျှင်ဖြင့် “လူအပေါင်းတို့ရှေ့” ဟုဆိုသည် … ပြောရလျှင် အထက်လူကြီးဖြစ်စေ၊ လက်အောက်ငယ်သားဖြစ်စေ၊ ဆင်းရဲသား သူဌေး၊ လူကြီးလူငယ်၊ ယုံကြည်သူ မယုံကြည်သူမရွေး လူအားလုံးတို့၏ရှေ့ … ထိုရှေ့တွင် ဘာဖြစ်ရမလဲဆိုလျှင်တော့ ……. “သင်တို့၏ ဖြည်းညှင်းခြင်းသဘောကို ထင်ရှားစေ“ဟုပင်။
(NIV တွင် Let your gentleness be evident to all.)
(KJV တွင် Let your moderation be known unto all men.) ဟူ၍တွေ့ရသည်။
Moderation ဆိုသည်မှာ အစွန်းမရောက်ခြင်း၊ အလွန်အကျွံ မဖြစ်ခြင်း၊ ထိန်းချုပ်ခြင်း ဟု အဓိပ္ပါယ်ရသည်။ အလွယ်နားလည်စေရန်ပြောရလျှင် ကိုယ့်လုပ်ဆောင်မှု၊ ကိုယ့်ပြောဆိုမှု၊ အသက်ရှင်နေထိုင်မှုတိုင်းသည် စည်းလွတ်ဝါးလွတ် မဟုတ်ဘူး … (Gentle) ညင်သာသည့်သဘော နူးညံ့သည့်သဘောရှိသကဲ့သို့၊ စိတ်ရှိတိုင်း မပြောဘူး မလုပ်ဘူး၊ (Moderation) ထိန်းချုပ်မှုရှိသည် … ထိုအရာများသည်ပင်လျှင် သူတပါးအတွက် သက်သေဖြစ်စေသည်ဆိုတာမျိုးပင်ဖြစ်ချေဦးတော့မည်။
ဒီလူကတော့ဖြင့် ငါ့ထက်ချမ်းသာသဖြင့် တမျိုးဆက်ဆံမည်၊ သူကတော့ ငါ့ထက်ရာထူးလည်းနိမ့် ဆင်းလည်း ဆင်းရဲသောကြောင့် ဖိထားမှဖြစ်မည် စသဖြင့်မျိုး မဟုတ်ပေဘဲ၊ ဒီလူက မယုံကြည်သူ ဒီလူကတော့ဘာ … စသဖြင့် ဘာ့ကြောင့်ဟုဆိုကာ မခွဲခြားဘဲ “လူအပေါင်းတို့ရှေ့၌” ဖြည်းညှင်းခြင်းသဘောကိုပြပါဟုဆိုနေခြင်းပင်မဟုတ်ပါလား။ ဆက်၍လည်း ဘာပြောထားသလဲ ဆိုလျှင်ဖြင့် ဘုရားသခင်ရှိသည်၊ မင်းတို့အနားတွင်လည်း ဘုရားသခင်ရှိသည်။
သဘောကတော့ဖြင့် “ဘုရားသခင်အတူရှိသည်” “မင်းတို့နှင့်အတူရှိနေသည်” … မင်းတို့၏ အပြောအဆို၊ အပြုအမူတွေကို သတိပြုပါ၊ ဖြည်းညှင်းသောသဘောကိုလည်းပြပါ၊ သူတပါးအတွက် သက်သေဖြစ်စေပါ ဟုဆိုတာမျိုးကိုပင်နားလည်ရေပသည်။
ထို့ကြောင့် မိတ်ဆွေနှင့် ကျွန်တော်တို့၏ အသက်တာအားဖြင့်ဖြစ်စေ၊ ပြောသောစကားအားဖြင့်ဖြစ်စေ စသဖြင့် သူတပါးအတွက် ပုံသက်သေဖြစ်နေဖို့ရာအရေးကြီးပါသည်။ လူအပေါင်းဟုပြောသည့်အတွက်ကြောင့်လည်း ယုံကြည်သူ/မယုံကြည်သူ လူတိုင်းလူတိုင်းအတွက်ပင်ဖြစ်သည်ဆိုတာကိုလည်း နားလည်ရပေသည်မဟုတ်ပါလား။ ကိုယ်ပြောသောစကားတိုင်း၊ ကိုယ်ပြုသည့်အမှုအရာတိုင်းတို့မည်သည် သူတပါးအတွက် ထိမိ၍လဲစရာမဖြစ်စေဘဲ တည်ဆောက်စရာသာဖြစ်စေကာ ကိုယ်နှင့်အတူ ဘုရားသခင်အမြဲရှိနေသည်ဆိုသည်ကိုလည်း သိမှတ်စွဲလန်းရင်းဖြင့် မည်သူ့ရှေ့မှာပင်မဆို ဖြည်းညှင်းသောသဘောကို ထင်ရှားပြရင်း သက်သေဖြစ်စေကြဖို့ရာ ဆင်ခြင်ကာ ဝေမျှရင်း …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။