Skip to content

“မ​ရ​ဏာ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။”
သုတ္တံကျမ်း ၁၅း၁၁
“Sheol and Abaddon lie open before the Lord; how much more the hearts of the children of man!”
Proverbs 15:11

ငရဲအကြောင်းပြောတတ်ကြပေမယ့် ငရဲကို ဘယ်သူမှမမြင်ဖူးပါ။ ငရဲကကြောက်ဖို့ကောင်းတယ်လို့ပြောကြပေမယ့်လည်း ဘယ်သူကမှအသက်ရှင်လျက်နဲ့ မရောက်ဖူးပါ။ သို့သော် ငရဲဆိုတာတကယ်ရှိသည်ကိုတော့ ဘယ်ခရစ်ယာန်မှ မငြင်းပါ။ အထက်က သုတ္တံစကားလေးကတော့ မ​ရ​ဏာ​နိုင်​ငံ​နှင့်အ​ဗ​ဒ္ဒုန်​နိုင်​ငံ ဆိုတာကိုဖော်ပြထားပါတယ်။

Sheol – (Easton’s Bible Dictionary)
(Heb., “the all-demanding world” = Gr. Hades, “the unknown region”), the invisible world of departed souls.
Abaddon – (Easton’s Bible Dictionary)
Destruction, the Hebrew name (equivalent to the Greek Apollyon, i.e., destroyer) of “the angel of the bottomless pit” (Rev. 9:11). It is rendered “destruction” in Job 28:22; 31:12; 26:6; Prov. 15:11; 27:20. In the last three of these passages the Revised Version retains the word “Abaddon.” We may regard this word as a personification of the idea of destruction, or as sheol, the realm of the dead.

မ​ရ​ဏာ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံရဲ့အဓိပ္ပါယ်ကတော့ အကျဉ်းဆိုရလျင်၊ ပျက်စီးခြင်းနေရာ သေသောသူတို့နေရာ၊ စွန့်ခွါသွားတဲ့ဝိညာဉ်များရှိရာမျက်မြင်မရသောအရပ် ဟုနားလည်ရပါသည်။ သို့သော် ဒီနေရာမှာ စာရေးသူကတော့ထိုအကြောင်းအရာကို ဆွေးနွေးမှာမဟုတ်ပါ။

ကျွန်ုပ်တို့နားမလည်၊ မမြင်ဖူး၊ မရောက်ဖူးသောနေရာအရပ်ဟာ ဘုရားသခင်ရှေ့မှာ ဖွင့်လှစ်ထင်ရှားလျက်ရှိတယ်လို့ သုတ္တံဆရာကဆိုပါတယ်။ တနည်းအားဖြင့် ဘုရားသခင်ရဲ့ရှေ့မှာ အရာခပ်သိမ်းဟာ ထင်ရှားလျက်ရှိပြီး ကွယ်ဝှက်ကာဖုံးဖိထား၍မရနိုင်ဘူးဆိုတာပါပဲ။ မ​ရ​ဏာ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံတောင် ဘုရားသခင်ရှေ့မှာထင်ရှားပေါ်လွင်နေရင် လူတွေရဲ့စိတ်နှလုံးဆိုရင်တော့ ပို၍တောင်ထင်ရှားမယ်မဟုတ်ဘူးလားတဲ့။
ချစ်သောလူငယ်တို့ ကိုယ့်နှလုံးရဲ့အခြေအနေကိုကိုယ်သိပါရဲ့လား။ အစဉ်တစိုက်စစ်ဆေး နေပါရဲ့လား။ ဘုရားရှင်ကရှင်းလင်းစွာမြင်နေရတဲ့ ကိုယ့်နှလုံးကိုကိယ်တိုင်စောင့်ရှောက်နေပါရဲ့လား။

“စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။”
ရှင်မဿဲခရစ်ဝင် ၅း၈
မျက်မြင်မရသောဘုရားကို မြင်ရနိုင်တဲ့သူတွေကတော့ စိတ်နှလုံးဖြူစင်သောသူတွေပါ။ မျက်မြင်မရတဲ့ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့နှလုံးသားတွေကို ရှင်းလင်းစွာမြင်ရသလို၊ ထိုနှလုံးသားတွေဟာဖြူစင်တယ်ဆိုရင် ဘုရားသခင်ကိုမြင်ရလိမ့်မယ်လို့ သခင်ဟာတောင်ပေါ်ဒေသနာမှာ မိန့်တော်မူခဲ့ပါတယ်။

ဒီကနေ့ သွန်သင်မှုတွေ၊ တိုက်တွန်းနှိုးဆော်ခြင်းတွေမှာတော့ ဘုရားရှင်ကနှလုံးသားကိုကြည့်တာနော် ဆိုတဲ့စကားကို ထပ်ခါထပ်ခါကြားနာနေကြရပေမယ့်၊ နှလုံးထဲသို့မဝင် နှလုံးသားကိုမပြင်တဲ့ သူတွေကများလှပါတယ်။ ဖာရိရှဲလိုမျိုး အသက်တာတွေပေါ့။ အပြင်ကကောင်းပေမယ့် အတွင်းကဟောင်းလျက်ပေါ့။ ဒါကြောင့် ဖာရိရှဲထက်သာလွန်ချင်ရင် နှလုံးသားကိုပြင်ပါ ချစ်သောလူငယ်တို့။ ထို့သို့ပြင်ဖို့ နှုတ်ကပတ်တော်၌မှီဝဲဆည်းကပ်ပါ။

ဟေဗြဲဩဝါဒစာ ၃း၁၃
“ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။”
ဒုစရိုက်အပြစ်နဲ့ပြည့်တဲ့ လောကမှာအသက်ရှင်ရတဲ့အခါ ထိုအရာတွေရဲ့လှည့်ဖြားခြင်းတွေအားဖြင့် စိတ်နှလုံးမခိုင်မာသွားဖို့ တဦးနှင့်တဦး နေ့တိုင်းအစဉ်တိုက်တွန်းနှိုးဆော်ဖို့ အင််မတန်မှအရေးကြီးပါတယ်။ အထူးသဖြင့် ယနေ့ဆိုတဲ့ အချိန်ကာလမှာပေါ့။
စိတ်မကောင်းစရာက အချင်းချင်းကိုတိုက်တွန်းနှိုးဆော်ဖို့ပင် မပြောနှင့်၊  ကိုယ့်အတွက်ခွန်အားဖြစ်စေမည့် နှုတ်ကပတ်တော်ကျမ်းစာ၊ ဝိညာဉ်ရေးရာစာပေတွေကိုပင် ဖတ်၍ဆင်ခြင်ဖို့ပင် ပျင်းရိလာနေကြသည်။ ဒါကြောင့်လည်း ဒုစရိုက်ရဲ့လှည့်ဖျားခြင်းအားဖြင့်နှလုံးသားတွေ ခိုင်မာနေကြသည်မှာလည်း မထူးဆန်းချေ။

ချစ်သောလူငယ်တို့ နှလုံးသားရေးရာလို့ ဆိုလိုက်တာနဲ့ ကိုယ်ချစ်ရသောသူနဲ့သူ့ရဲ့အကြောင်းကိုသာမြင်တတ်ကြသည်မဟုတ်လော။ တကယ်တမ်း ဆင်ခြင်ရမည့်နှလုံးသားရေးရာကတော့ ကျွန်ုပ်တို့ အပြစ်ရှိစဉ်ပင်ချစ်သော သခင်နှင့်ရင်နှီးကျွမ်းဝင်ရမည့်အကြောင်းပါပဲ။
ကယ်တင်ခြင်းခံရသောအသက်တာဟုဆိုလျင် နေ့စဉ်ပြင်ဆင် စောင့်ရှောက်ရမည်ကတော့ သင့်နှလုံးသားပင်။
ချစ်သောလူငယ်တို့ … လူတွေကတော့ သင့်အပေါ်ယံကိုပဲ ကြည့်ပါလိမ့်မယ်၊ မြင်ပါလိမ့်မယ်။ ထိုအပေါ်ယံသာယာမှုအပေါ်မှာ သင်အားယူလို့တော့မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် နှလုံးကျောက်ကပ်ကို စစ်ဆေးတဲ့သခင့်ရှေ့မှာ အပေါ်ယံပဲလှပြီး အတွင်းကအကျဉ်းတန်သည့်အဖြစ်မျိုး မဖြစ်စေချင်သောကြောင့်ပါ။

ရှင်ပေတရုဩဝါဒစာပဋ္ဌမစောင် ၃း၄
“ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။”

“သခင်မြင်သည့် နှလုံးသား
ဆိုးယုတ်လို့နေလား
သခင်မြင်သည့် နှလုံးသား
ခိုင်မာလို့နေလား
သခင်မြင်သည့် နှလုံးသား
ပြုပြင်နေပြီလား”

မေတ္တာဖြင့်