နေဟမိသည် လူသာ အကောင်လိုက် ရှုရှန်နန်းတော်၌ ရှိနေသော်လည်း သူ၏ စိတ်နှလုံးသည် သူ့လူမျိုးနှင့် သူ့မြို့တော်၌ ရှိနေသေးသည်ကို ”နေဟမိဖတ်စာ” ကိုဖတ်ကြည့်လျှင် စာဖတ်သူတို့ သိမြင်ခံစားမိနိုင်ပါသည်။ ထိုမြို့၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် အကြောင်းအရာများကို စိတ်ဝင်စားပုံ၊ သူ၏ စိတ်နှလုံးသည်လည်း ယေရုရှလင်မြို့၌ ရှိနေခြင်း၊ သူ့လူမျိုးများအပေါ်ထားသော စိတ်နေစိတ်ထားအခြေအနေ စသဖြင့်တို့ကို ဟာနန်နှင့် ယုဒလူအချို့တို့အား မေးမြန်းခြင်းများအပေါ်၌ သုံးသပ်ကြည့်လျှင် သိနိုင်ပေမည် မဟုတ်ပါလား။
ထိုပြည်၌ နေသောသူတို့ခံစားနေရသော ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းအကြောင်းအရာများကို ကြားသိရသည့် သူ၏ ခံစားချက်၊ ယေရုရှလင်မြို့ရိုး ပြိုပျက်ခြင်း၊ မြို့တံခါးကြီး မီးလောင်၍ကုန်ပြီဟု ဆိုသောပြန်ပြောပြချက်များသည် နေဟမိ၏စိတ်နှလုံးကို ထိခိုက်စေသော ကြီးမားသည့် ထိုးနှက်ချက်များပင်ဖြစ်ချေလိမ့်မည်။
နေဟမိမှတ်စာ ၁:၄
ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊
ထိုသတင်းစကားများကြောင့် နေဟမိသည် အချိန်မည်မျှကြာသွားသည်မသိ (အင်တန်ကာလပတ်လုံး) ငိုကြွေးမြည်တမ်းလျှက်နေသည်။ အင်တန်ကာပတ်လုံး အစာရှောင်လျှက် စိတ်နှလုံးကြေကွဲစွာ ငိုကြွေးနေသည်ကို တွေ့ရပေသည်။ ဘုရားသခင်ရှေ့တော်၌လည်း ကိုယ်စားပြု ဆုတောင်းပေးနေခြင်း၊ ထိုလူမျိုးတို့၏ ပြစ်မှားခြင်း ဒုစရိုက်များကို ဖော်ပြတောင်းပန်ခြင်း၊ အပြစ်များကို ဝန်ချတောင်းပန်ကာ နေ့ညဥ့်မပျက် ဆုတောင်းပတ္ထနာပြုနေခြင်းတို့ကိုလည်း တွေ့မြင်ရပေသည်။
ထိုကာလအချိန်ကိုကြည့်လျှင် နေဟမိသည် တိုင်းတပါး၌ အေးအေးဆေးဆေးနေထိုင်နိုင်သူတစ်ဦးဖြစ်သည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ သူသည် ရှင်ဘုရင်၏ ဖလားတော်ကိုင်တစ်ဦးဖြစ်သကဲ့သို့ အလွန်မျက်နှာရသောသူတစ်ဦးလည်းဖြစ်ချေသည်။ ရှုရှန်နန်းတော်တွင် သူ အေးဆေးစွာ နေထိုင်နိုင်သူဖြစ်သော်လည်း မနေ၊ ငိုကြွေးမြည်တမ်းလျှက်သာ အစာကိုရှောင်လျှက် ကိုယ်စားပြုဆုတောင်းပေးနေပေသည်မှာ ကျွန်ုပ်တို့အတွက်တော့ အင်မတန်မှ အတုယူစရာတစ်ခုဟုဆိုရလျှင်လည်း မမှားပါ။
နေဟမိသည် ရှင်ဘုရင်ထံမှ သာ၍ မျက်နှာသာရဖို့ရန် ဆုမတောင်းခဲ့ပါ၊ ထို့အတူ ဖလားတော်ကိုင်ရာထူးမှ အဆင့်မြင့်ရာထူးရလာစေရန် အစာကိုမရှောင်ခဲ့ပါ၊ အလားတူပင် သူ၏ လုပ်ငန်းများကြောင့် ငိုကြွေးမြည်တမ်းခြင်းလည်းမဟုတ်ခဲ့ပါချေ။ အထူးသဖြင့် တနည်းဆိုရလျှင် သူ့အတွက် တစ်ခုမှ မဟုတ်ခဲ့သည်မှာ အသေအချာပင် …
သေချာကြည့်လျှင် နေဟမိသည် သူ့လူမျိုးတော်တို့ ခံစားနေရသော ကြီးစွာသော ဆင်းရဲခြင်း၊ ယေရုရှလင်မြို့ရိုး ပြိုပျက်ခြင်း၊ မြို့ရိုးမီးလောင်ခြင်းများအတွက်သာ သူ့စိတ်နှလုံးကြေကွဲကာ အင်တန်ကာလပတ်လုံး ထိုသို့ပြုနေခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ တနည်းဆိုရလျှင် သူ၏အစာရှောင်ခြင်း၊ သူ၏ ငိုကြွေးခြင်း၊ သူ၏ ဆုတောင်းခြင်းများသည် “ငါနဲ့ ငါ့မိသားစု၊ ငါ့အကျိုးစီးပွား၊ ငါ့ရာထူး၊ ငါ့အာဏာ” စသော “ငါ” ဆိုတာတွေ၏ ဆန့်ကျင်ဘက်ပင်ဖြစ်ချေသည်။
ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း “အသင်းတော်၊ သာသနာ၊ ယုံကြည်သူညီအကိုမောင်နှမများ” အတွက်ဆုတောင်းပေးနေခြင်းလား “ငါ” တွေသာများနေသလား ဆင်ခြင်မိရန်လည်းလိုပါသည်။ ယနေ့တွင်တော့ ကျွန်ုပ်တို့သည် မည်သည့်နေရာတွင် ရှိနေပါစေ နေဟမိထံမှ သင်ယူကာ “အသင်းတော်အတွက်၊ သာသနာအတွက်၊ ယုံကြည်သူများအားလုံးအတွက်၊ ငိုကြွေးမြည်တမ်းနေကြသူများအတွက်၊ မိသားစုများ မစုံကြတော့သူများအတွက်၊ ကြီးစွာသော ဆင်းရဲခံနေရသူများအတွက်၊ ဖိနှိပ်ခြင်းခံနေရသောသူများအတွက်၊ အမိနိုင်ငံတော်ကြီးအတွက် စသဖြင့် … ” တို့အတွက်ကို သတိရလျှက် ငိုကြွေးမြည်တမ်းကာ စိတ်နှလုံးကြေကွဲလျှက် အင်တန်ကာလပတ်လုံး ဘုရားသခင်ရှေ့တော်၌ ဆုတောင်းပတ္ထနာပြုကြပါစို့ …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။