Skip to content

အသက် ၁၈ နှစ်ပြည့်ရင် စိတ်ကြိုက်ကဲလို့ရပြီဆိုတဲ့ အတွေးအခေါ်က ဒီကနေ့လူငယ်များအပေါ်လွှမ်းမိုးသက်ရောက်မှု အားကောင်းလာပါတယ်။ အင်တာနက်ခေတ််ဖြစ်သောကြောင့် နိုင်ငံတကာရဲ့ယဥ်ကျေးမှုအသီးသီးကို မြင်တွေ့ရလာတဲ့အခါ အတုယူသင့်သည့်အရာထက်၊ မယူသင့်သည့်အရာတွေကို နှစ်ခြိုက်သဘောကျ ကျင့်သုံးလာသည်က ပိုများပါတယ်။ တချို့အရာတွေမှာကတော့ စည်းကမ်းနှင့်ဥပဒေအရ အသက် ၁၈ နှစ်ပြည့်မှသာ တရားဝင်လုပ်ဆောင်လို့ရတဲ့အရာတွေလည်း ရှိပါတယ်။ သို့သော်လည်း ယုံကြည်သူခရစ်ယာန်တစ်ယောက်အနေနှင့်ကတော့ ဘယ်အသက်အရွယ်အပိုင်းအခြားပဲရောက်နေပါစေ ဘုရားရဲ့စံနှုန်းနှင့်ညီသော အသက်ရှင်သော အသက်တာဖြစ်ဖို့အရေးကြီးပါတယ်။ ထိုစံနှုန်းကိုလည်း ဘယ်ကနေအစပြုသင့်သလဲဆိုရင်

သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။
သုတ္တံကျမ်း ၂၂း၆
Train up a child in the way he should go; even when he is old he will not depart from it.
Proverbs 22:6

အသက်၁၈နှစ်ပြည့်တာနဲ့ “သားသားစားချင်တာစားလို့ရပြီ၊ မီးမီးစားချင်တာစားလို့ရပြီ” ဆိုတဲ့အကွက်ကိုခင်းဖို့ တာစူနေတဲ့ လူငယ်လေးတွေရှိပါလိမ့်မယ်။ အသက်၁၈နှစ်ပြည့်တဲ့အချိန်ရောက်ရင်တော့ ဒီကလေးအတွက်ငါရင်လေးရတော့မှာပဲဆိုပြီး ပူပန်နေတဲ့မိဘတွေလည်းရှိပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိဘအနေနဲ့သားသမီးကို လမ်းမှန်ကိုပြသပို့ဆောင်ပေးဖို့ ဆုံးမသွန်သင်ဖို့ တာဝန်ရှိပါတယ်။ ငယ်သောအရွယ်မှာဆုံးမသွန်သင်ပေးခြင်းမရှိရင် အသက်ကြီးလာတဲ့အခါမှာ သူ့စိတ်ကြိုက်အသက်ရှင်သွားပါလိမ့်မယ်။ ဒါကြောင့်တချို့ လူငယ်လေးတွေ ဘယ်လိုမှတ်ချက်အပေးခံရလဲဆိုရင် “ဒီကလေးက ငယ်ငယ်လေးတုန်းကချစ်စရာကောင်းပြီးလိမ္မာလိုက်တာ ကြီးလာမှဘယ်လိုတွေဖြစ်သွားတာလဲမသိဘူး“ဆိုပြီးပြောဆိုတာတွေကြားဖူးကြမှာပါ။
မိဘကတော့ အနည်းနဲ့အများ ဆုံးမပါလိမ့်မယ်။ သို့သော်လည်း သားသမီးကိုအလိုအရမ်းလိုက်ခြင်းက အိုသောအခါမှာ သိသာထင်ရှားပါတယ်။

မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။
သုတ္တံကျမ်း ၂၂း၁၅
Folly is bound up in the heart of a child, but the rod of discipline drives it far from him.
Proverbs 22:15

ဆုံးမတဲ့ကြိမ်းလုံး(Rod of Discipline) ကိုသုံးတာထက်၊ ဒီကလေးက အသားနာမှ မှတ်မယ်ဆိုပြီး ဆဲဆိုကာအသားကုန်ကြုံးရိုက်ခြင်းကိုပြုတာဟာ ကာယကံရှင် ကလေးအတွက်ကြီးမားတဲ့စိတ်ဝေဒနာကိုဖြစ်သွားစေနိုင်ပါတယ်။
မိုက်သောသဘောဟာ စိတ်နှလုံးထဲကမထွက်တဲ့အပြင် အသက်အရွယ်ကြီးရင့်လာတဲ့အခါ မိဘတယောက်ဖြစ်လာဖို့စိတ်ကူးရှိဖို့ပင်မပြောနှင့်၊ ရိုက်နှက်ဆုံးမတတ်သောမိဘတွေကို ရွှံ့မုန်းတဲ့သူတောင်ဖြစ်လာနိုင်ပါတယ်။
မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိသောကြောင့်သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်ပါ။ မပျက်ကွက်ပါနှင့်။

သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှ ကယ်နုတ်ရမည်။
သုတ္တံကျမ်း ၂၃း၁၃-၁၄

ကြိမ်လုံးနှင့်ရိုက်ပြီးဆုံးမလို့တော့ မသေပေမယ့်၊ သေတဲ့အထိတော့မရိုက်မိပါစေနဲ့။ သို့သော် rod of discipline ဖြစ်ပါစေ။ သို့မှသာ သူ၏အသက်ဝိညာဥ်ကို မရဏာနိုင်ငံမှ ကယ်နုတ်နိုင်မှာဖြစ်တယ်။ ယိုယွင်းပျက်စီးပြီး၊ အပြစ်များတဲ့ လောကကြီးထဲမှာ ဆယ်ကျော်သက်အရွယ်ရောက်တာနဲ့စိတ်ကြိုက်အသက်ရှင်ချင်လာတဲ့ အနာဂတ်သားကောင်းသမီးကောင်းတွေကို ဆုံးမဖို့မမေ့ပါနှင့်။ မဆုံးမဘဲ မနေပါနှင့်။

ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့် ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
သုတ္တံကျမ်း ၂၉း၁၅

တုတ်နဲ့လည်းရိုက်ပါ နှုတ်ကလည်းအားစိုက်ပါ။ ပညာတိုးပွားပါလိမ့်မယ်။ ဆုံးမဖို့ပျင်းနေရင်တော့ ကိုယ်တိုင် အရှက်ကွဲခြင်းကိုကြုံရပါလိမ့်မယ်။

ဆုံးမတာတော့ဟုတ်ပါပြီ နောက်ဆက်ပြီးဘာလုပ်ပေးမလဲ။
သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်လည်းကောင်း” ဒီစကားလေးက တိမောသေဩဝါဒစာဒုတိယစောင် အစမှာ တမန်တော်ကြီးရှင်ပေါလုက တိမောသေကိုသတိရလျက် ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွမ်းရင်းပြောတဲ့စကားပါ။ ဒီစကားမှာ တိမောသေရဲ့ယုံကြည်ခြင်းဟာ အစစ်ဖြစ်တယ်ဆိုတာကို နားလည်ရသလို၊ ထိုယုံကြည်မျိုးကလည်း သူ့ရဲ့အဖွားနဲ့အမိတို့မှာလည်းရှိတယ်ဆိုတာကိုတွေ့ရပါတယ်။

ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျလျက်၊ မိဘနေရာမှာရှိနေသော ချစ်သောလူငယ်တို့ … ကိုယ်တိုင်ကဆုံးမခြင်းကို နာမခံပုန်ကန်တတ်ခဲ့ရင်တောင်မှ ကိုယ့်သားသမီးကို ချစ်သောစိတ်နှင့်ဆုံးမသွန်သင်ပါ။ မဆုံးမဘဲမနေပါနှင့်။ ကိုယ်တိုင်လည်း တရားတော်၌မွှေ့လျော်ပြီး၊ ယုံကြည်ခြင်းလမ်းနှင့်ယုံကြည်ခြင်းစစ်ကို သွန်သင်လမ်းပြနိုင်သော မိဘများဖြစ်ပါမည်အကြောင်းတိုက်တွန်းခွန်အားပေးပါရစေ။ စိတ်ကြိုက်အသက်ရှင်သောမျိုးဆက်ကို တိုးပွားစေမှာလား၊ ဘုရားအလိုကိုဆောင်၍နှစ်သက်စေသော မျိုးဆက်ကိုတိုးပွားစေမှာလားဆိုတာကတော့ ချစ်သောလူငယ်ပြင်ဆင်နိုင်ပါစေ။ ဆယ်ကျော်သက်အရွယ်နဲ့ ၁၈နှစ်ပြည့်လာရင် သူတို့စိတ်ကြိုက်လုပ်တော့မယ့်အရာတွေကို တွေးပူနေတာထက်၊ သူတို့သွားရာလမ်းဝကို ဆုံးမသွန်ပေးလျက်၊ ထိုလမ်းမှလွဲမသွားစေဖို့ရန် ကိုယ်တိုင်ကသစ္စာရှိစွာသခင့်နောက်လိုက်လျက် သခင့်ရဲ့သမ္မာတရားဖြင့်ထိန်းကျောင်းလမ်းပြနေပါမည့်အကြောင်းနှိုးဆော်ရင်း

မေတ္တာများစွာဖြင့်