ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။
သုတ္တံကျမ်း ၁၀ : ၄
Lazy people are soon poor; hard workers get rich.
Proverbs 10:4
ပျင်းရင်ဖျင်းတယ်လို့ ငယ်ငယ်ကလူကြီးတွေဆုံးမတာကို ကြားဖူးကြမှာပါ။ ကိုယ်တိုင်က ဘယ်လောက်တောင် ပျင်းလဲဆိုရင် ဖျင်းတယ်ဆိုတဲ့စကားလုံးက ဘာမှန်းတောင် မသိခဲ့ပါဘူး။ အထက်က နှုတ်ကပတ်တော်ကတော့ ဒီကနေ့ ယုံကြည်သူတော်တော်များများ ဘာကြောင့် မကြွယ်ဝသလဲဆိုရင် သခင်ယေရှု မရှိလို့ မဟုတ်ဘဲ လုံ့လဝိရိယ မရှိလို့ဆိုတာ သတိထားမိပါတယ်။ လုံ့လဝိရိယမရှိခြင်းကလည်း ပျင်းရိလို့ပါပဲ။ အဲ့အခါမှပဲ စာရေးသူလည်း ပျင်းရင်ဖျင်းတယ် ဆိုတာကိုသဘောပေါက်သွားပါတယ်။
သုတ္တံဆရာကတော့ လောကအရာမှာဆင်းရဲခြင်းသို့ရောက်ရခြင်းရဲ့အစက ပျင်းရိခြင်းကလို့ မီးမောင်းထိုးပြပါတယ်။ ဒါဆို ဝိညာဥ်ရေးရာမှာရော ကျွန်ုပ်တို့လုံ့လဝိရိယ စိုက်ထုတ်ခြင်းပိုများမလား၊ ဒါမှမဟုတ် ဆင်ခြင်တွေပေးပြီး ပျင်းရိကာ ကိုယ့်ရဲ့ဝိညာဥ်ရေးရာက ချွတ်ခြုံကျနေပြီလား။
သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။
ဟေဗြဲဩဝါဒစာ ၆း၁၁-၁၂
And we desire each one of you to show the same earnestness to have the full assurance of hope until the end, so that you may not be sluggish, but imitators of those who through faith and patience inherit the promises.
Hebrews 6:11-12
ဟေဗြဲဆရာကတော့ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရတဲ့သူတွေလို ကိုယ်တိုင်အတုယူတဲ့အသက်တာဖြစ်ပြီး၊ လုံ့လဝိရိယထုတ်ကာ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေဖို့အလိုရှိပါတယ်။ ဒါပေမယ့် ပျင်းလို့တော့ မရပါဘူး။ ဒါကြောင့်လည်း ကြိုးစားစရာမလိုဘူး၊ ကိုးစားဖို့ပဲလိုတယ်ဆိုတဲ့တဖွဲ့ရယ်၊ လူငယ်ကြိုးစားခြင်းဆိုပြီးခေါင်းစဥ်တပ်ထားပေမယ့် အချိန်ပြည့် အရက်သောက်၊ ဆေးချ၊ ဂိမ်းဆော့တာတွေကိုပဲ ကြိုးစားတဲ့တဖွဲ့ရယ်ဆိုပြီး တချို့အသင်းတော်တွေမှာမြင်ဖူးပါတယ်။ ဘယ်သူ့ကို အတုယူနေလဲ၊ ဘာအတွက်ခရစ်ယာန်ဖြစ်နေကြလဲ မသိတော့လောက်အောင် ဝိညာဥ်ရေးရာမှာ လုံ့လဝိရိယထုတ်ခြင်းမရှိကြတော့ပါဘူး။
ကြိုးစားစရာမလိုဘူး ကိုးစားဖို့ပဲလိုတယ်ဆိုတာကို ခံယူကျင့်သုံးတဲ့ လူငယ်တွေကိုလည်း သတိပေးချင်ပါတယ်။ ဒီစကားက လူပျင်းစကားထက် မပိုပါဘူး။ ဘာလို့ဒီလိုပြောရလဲဆိုရင် အဲ့လိုပြောတဲ့လူငယ်အများစုက ငွေရတဲ့လောကအလုပ်ကျတော့ကြိုးစားချက်က လက်လန်လောက်ပါတယ်။ စိတ်မကောင်းစရာက သူရဲ့ဝိညာဥ်ရေးကျတော့ ကိုးစားဖို့ပဲလိုတယ်ဆိုပြီး “အလုပ်မအားတာနဲ့ ကျမ်းစာတောင်မဖတ်ဖြစ်ပါဘူးကွာ” ဆိုပြီးဆင်ခြင်ပေးပါတယ်။ ကိုးစားတယ်ဆိုပြီး လုံ့လဝိရိယထုတ်ခြင်း ပါမလာတာက တကယ်ကိုးစားတာမဟုတ်ပါဘူး။ ဥစ္စာတော့ကြွယ်ဝလာပါလိမ့်မယ်၊ ဝိညာဥ်ရေးကတော့ချွတ်ခြုံကျနေမှာပါပဲ။
ယောရှုဟာ ဘုရားရဲ့မျက်မှောက်နဲ့တန်ခိုးတော်ကို ခံစားရပြီး၊ အားယူ၍ရဲရင့်ခြင်းရှိနိုင်ရခြင်းဟာကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ခြင်းအားဖြင့်ဖြစ်သလို၊ ထိုသို့ပြုခြင်းဖြင့်လည်း အကြံထမြောက်ပြီးအောင်မြင်ရတဲ့အခွင့်ကိုခံစားရတာပေါ့။
ဒီကနေ့ကတော့ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းအရာကိုရှေ့ဦးစွာရှာဖို့ပြင်းပြခြင်းထက် အပျင်း”တစ်” ခြင်း ကပိုများပြီး၊ ထိုအရာတွေကိုတော့ အပတ်တကုတ်အားထုတ်လာနေတဲ့ လူငယ်တွေကများလာပါတယ်။ ထိုအရာဆိုတဲ့လောကအရာတွေဟာ ယုံကြည်သူရော၊ မယုံကြည်သူရော ရှာဖွေတတ်ပါတယ်။ သို့သော် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းဆိုတဲ့ အရာကတော့ ယုံကြည်သူတွေရှာမယ့်အရာပါ။ အမှုတော်ဆောင်တွေပဲ ရှာရတာမဟုတ်ပါ၊ ယုံကြည်သူတိုင်းက ဦးစားပေးရှာရမယ့် ထူးမြတ်တဲ့အရာပါ။ ရှေ့ဦးစွာရှာရမယ့်အရာအတွက်သင်ပျင်းနေပြီဆို သတိထားပါ။
လူတိုင်းလိုလိုကတော့ တနည်းနည်းနဲ့ပျင်းတာ၊ အားစိုက်ထုတ်ချင်စိတ် မရှိတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း ခရစ်တော်ကို မရခင်ကလည်းပျင်း၊ ရပြီးလည်းပျင်းနေမယ်၊ လုံ့လဝိရိယထုတ်ခြင်းကလည်း မရှိဘူးဆိုရင် အထူးသတိပြုပါတော့။ သင်ဟာကြေခဲသောအစာပင် မဆိုထားနှင့်၊ နို့ကိုပင်အလိုမရှိသည့် အခြေအနေမျိုးပင်။
ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။- ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိများကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုကတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။- ထိုသို့အလိုငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊ သီလ၌ ပညာကိုလည်းကောင်း၊- ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကိုလည်းကောင်း၊- ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။- အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏။- ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။- ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည်ဖြစ်၍၊- ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့။
ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁း၃-၁၁
ဒါကြောင့် ချစ်သောလူငယ်တို့ ပျင်းရိခြင်းမရှိဘဲ စိတ်တန်းသဖြင့်အားထုတ်ကာ လုံ့လဝိရိယပြုတတ်ကြဖို့ အစဥ်သတိပြုပါ။ ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကို သိမှတ်စွဲလန်းပြီး ထိုပါရမီတို့နှင့်ပြည့်စုံလျက် ခရစ်တော်ကို သိခြင်းအရာမှာ ပျင်းရိခြင်းမရှိ၊ အကျိုးမဲ့မဖြစ်စေခြင်းငှာပြုပြင်ပေးမှာပါ။ ဒါကြောင့်ထိုပါရမီတို့နှင့်မကင်းဘဲ အစဥ်ပြုစုတတ်ပါ ချစ်သောလူငယ်။
ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
သုတ္တံကျမ်း ၂၆း၁၃
ချစ်သောလူငယ် အိမ်ပြင်မှာ၊ လမ်းမှာ ခြင်္သေ့ မရှိပါ။ သို့သော် အိမ်ထဲမှာရှိသော လူပျင်းကသာ တကယ့်ကြောက်စရာဆိုတာကို ကိုယ်တိုင်ဆင်ခြင် အားထုတ်လျက်နှိုးဆော်ရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။