Skip to content

ဒီဇင်ဘာဆိုသည့် ချမ်းအေးလှသောရာသီတွင် “Christmas” ကိုကျင်းပကြသည်။ ထိုလတွင်လည်း ပြင်ဆင်မှုများပြုလုပ်ကြပေသည်။ လမ်းများတွင်လည်း မီးရောင်စုံများချိတ်ဆွဲကာ သစ်ပင်များ၌ဖြစ်စေ၊ ခြံစည်းရိုးများတွင်ဖြစ်စေ၊ အိမ်ခေါင်မိုးပေါ်၌ ကြယ်နီကြီးကို ချိတ်ဆွဲ၍ပင်ဖြစ်စေ အမျိုးမျိုးသော အလှဆင်ခြင်းများကို လုပ်ဆောင်လေ့ရှိသော လတစ်လဟုခေါ်ဆိုရမည်ဆိုလျှင်လည်း မှားမည်မထင်ပါ။

စီးပွားရေးလုပ်ငန်းရှင်များသည်လည်း သူတို့၏ စားသောက်ဆိုင်၊ ကုန်တိုက်၊ ဟော်တယ် စသဖြင့်တို့တွင် အလှဆင်ခြင်းများကို ဆွဲဆောင်မှုတစ်ခုအနေဖြင့် လုပ်ကြသကဲ့သို့ စီးပွားရေးချဲ့ထွင်နိုင်ရန် “Economic Boosting” များ “Marketing Strategy” များ ချမှတ်ကာ နှစ်တိုင်းလုပ်ဆောင်တတ်ကြသည်ကိုလည်း သတိထားမိကြမည်ဟု ထင်ပါသည်။

ခေတ်အဆက်ဆက်မှ ရေတွက်လျှက်ရှိခဲ့သော ခုနှစ်များကို BC “Before Christ” မှ AD “Anno Domini or in the year of our Lord” ဟုခေါ်ဆိုလာခြင်းသည် အချည်းနှီးသက်သက်မဟုတ်။ တစ်ကမ္ဘာလုံးဆိုင်ရာ အသုံးပြုလျှက်ရှိသော “AD ဘယ်လောက် ဘယ်လောက်” ဟု လက်ရှိအသုံးပြုနေသော ခုနှစ်၊ ဆိုကြပါစို့ “AD 2021 ဒီဇင်ဘာလ” ဟု သင်နှင့် ကျွန်ုပ်သုံးနေခြင်းသည်ပင်လျှင် ထိုအရာနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။ တနည်းဆိုရသော် “In the year of our Lord, AD” နှင့် လုံးဝသက်ဆိုင်နေခြင်းပင် …

ခရစ္စမတ်စ် “Christmas” သည် ခရစ်ယာန်တို့၏ ပွဲတစ်ပွဲဟု အချို့ကလည်း ဆိုတတ်ကြသေးသည်။ အချို့ကလည်း “Merry Christmas, Happy Christmas” ဟုဆိုရမည့်အစား “I don’t celebrate Christmas, Happy Holidays” ဟုသာ ဆိုတတ်ကြပြန်သည်။ အမှန်တော့ ထိုပွဲသည် ခရစ်ယာန်တို့နှင့်သာဆိုသော ပွဲမဟုတ်သလို၊ ခရစ်ယာန်တို့၏ ပွဲအနေဖြင့်သာ တည်ရှိနေခြင်းမဟုတ်သည်ကိုတော့ သတိပြုမိကြဟန် မတူချေ။ လိုရင်းတိုရှင်းသာ ဆိုရမည်ဆိုလျှင် ခရစ္စမတ်စ် အချိန်တွင် လက်ဆောင်လေးများလည်း ပေးတတ်ကြပေသည်။

ရှင်မဿဲခရစ်ဝင် ၁:၂၁

 သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည့်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။

ကျွန်ုပ်တို့ လူသားအားလုံးသည် အပါယ်လားရာမှ လွတ်နိုင်ဖွယ်မရှိသည်ကို သိသဖြင့် အပြစ်မှကယ်ချွတ်ရန် ဤလောကသို့ ကြွလာခြင်း၊ လူ့ဇာတိခံယူခြင်းပင် … ထိုအရာသည် ဤကမ္ဘာသူ ကမ္ဘာသား အားလုံးနှင့်ဆိုင်ပေသည်။

ရောမဩဝါဒစာ ၆:၂၃

 အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

ထိုသခင်ယေရှုလုပ်ဆောင်ပေးသော လက်ဆောင်သည် ကျွန်ုပ်တို့အားလုံးအတွက်ဖြစ်ပေသည်။ ထိုသခင်အား ကျွန်ုပ်တို့ ချီးမွမ်းကာ ဂုဏ်ပြုခြင်းသည် ခရစ္စမတ်စ်၏ အဓိပ္ပါယ်တစ်ခု အနှစ်သာရတစ်ခုလည်းဖြစ်သည်။ ခရစ္စမတ်စ်ကို “Celebrate” လုပ်သည်ဆိုသည်မှာ ထိုသခင်ယေရှုခရစ်တော်၏ လူ့ဇာတိခံယူခြင်း၊ ထိုသခင်ယေရှုလုပ်ဆောင်ပေးသော လူသားအားလုံးအတွက် ကယ်တင်ခြင်းလက်ဆောင်၊ ထိုသခင်အား ချီးမွမ်းခြင်း ကိုးကွယ်ခြင်းများပင်ဖြစ်ပေသည်။ ထို့အတူ ကျွန်ုပ်ထပ်လောင်း ဝေမျှပေးချင်သည်မှာ … ထိုသခင်သည် လူသားအားလုံးနှင့်ဆိုင်ကြောင်း၊ ထိုလက်ဆောင်သည် ကမ္ဘာသူ ကမ္ဘာသား အားလုံးနှင့်သက်ဆိုင်ကြောင်းသာမက ကမ္ဘာ့သမိုင်းအထောက်အထား သက်သေအပြည့်အဝထင်ရှားခဲ့ကြောင်းကို သင်နှင့်ကျွန်ုပ်အပါအဝင်သာမက မည်သည့်ဘာသာဝင်များမဆို အသုံးပြုလျှက်ရှိသော သို့တည်းမဟုတ် တစ်ကမ္ဘာလုံးအသုံးပြုလျှက်ရှိနေသော “BC” *Before Christ* နှင့် “AD” *Anno Domini* *In the year of our Lord* သည် သက်သေတစ်ခုပင် …

ကမ္ဘာပေါ်ရှိ ခရစ္စမတ်စ်လက်ဆောင်များအားလုံးသည် ခရစ်တော်သာ မရှိဘူးဆိုလျှင် တန်ဖိုးမရှိ” ဟု ဆရာကြီးတစ်ဦးဖြစ်သော David Jeremiah ဆိုဖူးသည်။

မိတ်ဆွေ … သင်နှင့်ကျွန်ုပ်မလုပ်ဆောင်နိုင်သော အပြစ်၏အခအတွက် လက်ဆောင်သည် ထိုသခင်အားဖြင့် ထာဝရအသက်ပင်ဖြစ်သည်။ မိမိကိုယ်တိုင် မိမိရင်ဘတ်ပေါ်သို့ လက်တင်၍ မိမိကိုယ်ကိုယ် မညာတမ်းဆင်ခြင်ကြည့်လျှင် ကုသိုလ်နှင့် အကုလိုလ် မည်သည်ကပိုများသနည်း၊ ထို့အတူ နေ့စဥ် မည်သည့်အရာကို ပို၍များများလုပ်မိသနည်း စသဖြင့် တွေးကြည့်ကာ လက်ရှိသာ မိမိ၏ အသက်ဝိညာဥ် ရုပ်သိမ်းခံရမည်ဆိုလျှင် ကောင်းကင်လား ငရဲလား ဆိုသည့် အာမခံနိုင်မည့် တိတိကျကျရှိပါပြီလားဟု အဖြေရှာကြည့်သင့်ပေသည်။

ယနေ့သည်ပင်လျှင် ကယ်တင်ရာနေ့ရက်ဖြစ်သလို ယနေ့ ခရစ္စမတ်စ်သည် သင့်အတွက်ဖြစ်သည်။ ယနေ့ အဖိုးဖြတ်မရသည့် သခင်ယေရှုခရစ်တော်၏ ခရစ္စမတ်စ်လက်ဆောင်သည် သင့်အတွက်ဖြစ်သည်။ ယနေ့မှာတော့ ထိုသခင်၏တည်ရှိခြင်းကြောင့် ထိုခရစ်စမတ်သည် တန်ဖိုးရှိနေရခြင်းပင်ဖြစ်ပေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။