Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၇)

နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
သုတ္တံကျမ်း ၁၂း၁
Whoever loves discipline loves knowledge, but one who hates correction is stupid.
Proverbs 12:1

နည်းလမ်းနည်းနာ(Discipline) ကိုခံယူလိုသူတွေဟာ ပညာအတတ်ကိုနှစ်သက်တဲ့သူတွေဖြစ်ပြီး၊ ဆုံးမသွန်သင်ပေးခြင်း(Correction)ကို မုန်းတဲ့သူတွေကတော့ စဥ်းစားဥာဏ်ကင်းမဲ့သော(Stupid)သူလို့ သုတ္တံဆရာကဆိုပါတယ်။ ဆရာကြီးယုဒသန်က “တိရစ္ဆာန်သဘောရှိတဲ့သူ” လို့ပြန်ဆိုထားတော့ ပို၍ပေါ်လွင်လှပါတယ်။
ဟုတ်ပါတယ် တိရစ္ဆာန်ဆိုတာ လူတွေလိုအသိဥာဏ်မျိုးရှိသည့် သတ္တဝါတွေမဟုတ်ပါဘူး။ အချိန်နာရီပေါင်းများစွာထိန်ကျောင်း၊ လေ့ကျင့်ပေးမှသာ ယဥ်ပါးလာနိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။

Discipline လို့ပြောရင်နည်းနည်းတော့ ကျောချမ်းပါတယ်။ ဘာလို့ဆိုရင် ဒီစကားလုံးက အသင်းတော်တွေမှာပျောက်နေလို့ပါ။ ဟုတ်ပါတယ် တကယ်ပျောက်တာပါ။ ပျောက်ရခြင်းကလည်း လူငယ်တွေကို နည်းလမ်းနည်းနာကျ သွန်သင်ပေးခြင်းဖြင့်ပညာအတတ်(Divine Wisdom) နှစ်သက်လာဖိို့ထက်၊ “ဘုရားကျောင်းပုံမှန်လာနေဖို့ပဲအရေးကြီးတယ်” “သူကအလှူငွေပါဝင်နေကျ” “သူတို့ကအသင်းတော်ကိုပံ့ပိုးပေးနေတာ” ဆိုပြီး ချော့မော့နေခြင်းက အသင်းတော်အတွက်ရေရှည်မှာလွယ်ကူမည်တော့မဟုတ်ပါ။ ဘုရားဆီကလာတဲ့ဥာဏ်ပညာနဲ့အသက်ရှင်တဲ့လူငယ်မျိုးဆက်တွေထက်၊ လောကီဥာဏ်ပညာနဲ့ စိတ်ကြိုက်အသက်ရှင်တဲ့မျိုးဆက်တွေနဲ့ပြည့်လာနေမှာ သေချာပါတယ်။ ဒါကြောင့် တိမောသေဩဝါဒစာဒုတိယစောင်မှာ တမန်တော်ကြီးရှင်ပေါလုက နောင်ကာလဟာခဲယဥ်းတဲ့ကာလဖြစ်မယ်ဆိုတာကိုသိပြီး သတိရှိဖို့ အခန်းကြီး၃ အပိုဒ်ငယ် ၁ ကနေစလို့ဖော်ပြသွန်သင်ခဲ့ပါတယ်။

ချစ်သောလူငယ် သင်ဟာလူငယ်ဆရာ(Youth Pastor/Leader)တစ်ယောက်ဖြစ်တယ်ဆိုရင် ကိုယ်တိုင်က နည်းလမ်းနည်းနာ ခံယူဖို့ကိုနှစ်သက်ရုံတင်မကဘဲ ဖောက်ပြန်တဲ့ ဤလောကကိုရင်ဆိုင်ရမည့် မျိုးဆက်သစ်လူငယ်တွေလည်း နှစ်သက်တတ်လာအောင်ပြင်ဆင်ကာအဆင်သင့်ရှိဖို့စာရေးသူဆန္ဒပြုပါတယ်။
ချစ်သောလူငယ် သင်ဟာအမှုတော်ဆောင်တယောက်မဟုတ်လို့ “ငါ ဒါတွေမလိုဘူး” ဆိုပြီး တိရစ္ဆာန်သဘောနဲ့ ကိုယ့်မိသားစုထဲ၊ အသင်းတော်ထဲ၊ လူမှုအသိုင်းအဝိုင်းထဲမှာ အသက်တာကိုရေစုန်မျောနေသေးရင် နောင်တနဲ့သခင့်ထံပြန်လာဖို့ စာရေးသူမေတ္တာရပ်ခံပါရစေ။

နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
သုတ္တံကျမ်း ၁၀ : ၁၇
People who accept discipline are on the pathway to life, but those who ignore correction will go astray.
Proverbs 10:17

ဘာကြောင့် ဆန္ဒပြုကာမေတ္တာရပ်ခံရသလဲဆိုရင် နည်းလမ်းနည်းနာတို့ကို ခံယူစောင့်ရှောက်သူတို့ဟာ အသက်လမ်းမှာလျှောက်လှမ်းနေလို့ပေမယ့်၊ အစဥ်တစိုက်ငြင်းပယ်နေသူတွေကတော့ ထိုလမ်းမှလွဲသွားတတ်လို့ပါပဲ။

ထိုမှတစ်ပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။
သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော။
သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။
တစ်နည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တစ်ခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။
ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
ဟေဗြဲဩဝါဒစာ ၁၂း၅-၁၁

ချစ်သောလူငယ်တို့ ထာဝရဘုရားဆုံးမတော်မူခြင်း(Discipline)ကို ပေါ့သေးသေးမမှတ်ပါနှင့်(Do not take lightly)။ ထာဝရဘုရားဆုံးမသွန်သင်ခြင်း(Correction)ရောက်လာတဲ့အခါမှာလည်း စိတ်မပျက်ပါနှင့်(Discourage)။ ဘာကြောင့်လဲဆိုရင် ကိုယ့်မိဘရင်းတွေကသာ ကိုယ့်ကိုဆုံးမကြတယ် မဟုတ်လော။ ဒါကြောင့် ကိုယ်ဟာ ဘုရားသားသမီးဆိုရင် ကောင်းကင်အဖရဲ့နည်းလမ်းနည်းနာကျ ဆုံးမခြင်းကို ပို၍ခံယူသင့်သည်မဟုတ်လော။ သွေးသားနှင့်စပ်ဆိုင်တဲ့ မိဘတို့ရဲ့ ဆုံးမခြင်းကို ခံရတဲ့အခါ၊ သူတို့ကို ရိုသေကြတယ် မဟုတ်လား။ ဒါဆိုရင် စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်ရင် အသက်ချမ်းသာရကြမည် မဟုတ်လော။
ဘာကြောင့်လဲဆိုရင် ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တစ်ခဏသာ ဆုံးမပေးကြပေမယ့်၊ ကိုယ်တော်ကတော့၊ တိရစ္ဆာန်သဘောရှိသူကျွန်ုပ်တို့အား သူရဲ့သန့်ရှင်းခြင်းပါရမီတော်ကို ဆက်ဆံစေခြင်းငှာ၊ ကျွန်ုပ်တို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူသောကြောင့်ပါပဲ။
ဒါကြောင့် ကျွန်ုပ်တို့အကျိုးအတွက်ယှဥ်တဲ့ နည်းလမ်း၊ နည်းနာကျတဲ့ ဆုံးမသွန်သင်မှုမျိုးကို သခင်ဘုရား၌၊ အသင်းတော်၌၊ မိသားစု၌ အစဥ်နာယူကာသန့်ရှင်းသောအသက်တာဖြင့်၊ အသက်လမ်းထဲမှာ ချစ်သောလူငယ်တို့လျှောက်လှမ်းပါမည်အကြောင်း

မေတ္တာဖြင့်