Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၆)

အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။
ဂလာတိဩဝါဒစာ ၆း၇
Don’t be deceived: God is not mocked. For whatever a man sows he will also reap,
Galatians 6:7 HCSB

လှည့်စားခံရတဲ့သူဟာ အလွဲတွေယူပြီး အလွဲတွေလုပ်တတ်တာ ကမ္ဘာဦးအစမှာကတည်းကပါ။ ထိုသို့သောအမှုမှာ ဘုရားသခင်ဟာ မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူပါဘူး။ ခံတော်မမူသောကြောင့် လူဟာကိုယ်ကြဲတဲ့ မျိုးစေ့အတိုင်း အသီးအနှံကိုရိတ်ရပါတယ်။
ဒီကနေ့ ခရစ်ယာန်အသိုင်းအဝိုင်းဟာဆိုရင်လည်း အလွဲယူလျက် အလွဲတွေလုပ်ကာ ကိုယ်ကြဲတဲ့မျိုးစေ့အတိုင်းရိတ်သိမ်းနေရပါတယ်။

လူတွေရဲ့လှောင်ပြောင်ကဲ့ရဲ့မထီမဲ့မြင်ပြုခြင်းကို အထူးသဖြင့်အခံရဆုံးသူဟာ ဘုရားသခင်လို့ပြောရင် သင်ငြင်းမှာလား။ ရုပ်ရှင်၊ စာပေ၊ တီဗွီစီးရီး၊ ရုပ်သံအစီအစဥ်၊ သတင်းဂျာနယ်တွေမှာ တခုမဟုတ်တခု၊ တမျိုးမဟုတ်တမျိုး ပုံစံအစုံနှင့် ထာဝရဘုရားအားစော်ကားကာ မထီမဲ့မြင်ပြုလာနေကြတာ သင်မြင်သည်မဟုတ်လား။ နောက်ပြီး ဘယ်သူကနေပြီးစတင်လိုက်တယ်တော့မသိပါဘူး Monroe၊ John Lennon စတဲ့ကမ္ဘာကျော်အနုပညာရှင်တွေဟာ ဘုရားကိုမထီမဲ့မြင်ပြုတဲ့စကားတွေပြောလို့ သေပွဲဝင်ရပါတယ်ဆိုပြီး၊ ဘုရားသခင်အားကရုဏာမဲ့ကြမ်းကြုတ်တဲ့ဘီလူးသာသာ ပုံသွင်းပြောဆိုတဲ့သွန်သင်ချက်၊ ဥပမာပေးမှုမျိုးကို ခရစ်ယာန်အသိုင်းအဝန်းမှာမြင်တွေ့ရတာ အဆင်မပြေလှပါဘူး။
စာရေးသူအတွက် သေချာတာတခုကတော့ ထိုသူတို့ပြောတဲ့စကားလုံးတွေဟာ ဖန်ဆင်းရှင်ဘုရားကိုမထီမဲ့မြင်ပြုတယ်ဆိုတာကတော့ ငြင်းဖွယ်မရှိသလို၊ ထိုသူတို့၏အသက်ဝိညာဥ်ကိုကယ်တင်ရွေးနှုတ်ဖို့ရန် ကျွန်ုပ်တို့သည်သခင်ယေရှုကိုပိုင်ရသကဲ့သို့အခွင့်အရေးကိုလည်း ထိုသူတို့လက်ခံရွေးချယ်ဖို့အခွင့်ရေးရှိခဲ့တာကလည်း ငြင်းဖွယ်မရှိပါဘူး။ သို့သော် သူတို့ကြဲခဲ့သောမျိုးစေ့အတိုင်းကိုသာ သူတို့ပြန်ရိတ်သိမ်းရသည်ကိုတော့ သဘောပေါက်ဖို့ရာလိုပါတယ်။

မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။
ဂလာတိဩဝါဒစာ ၆း၈

ဒါကြောင့် ထိုသူတွေကိုဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး အချိန်ကုန်မယ့်အစား၊ ကိုယ်က ဘယ်နေရာမှာ မျိုးစေ့ကြဲနေလဲဆိုတာကို ပြန်ပြီးဆင်ခြင်ကာ အချိန်ယူရင် မကောင်းပေဘူးလား။ ဝိညာဥ်လူလို့ ကိုယ့်ကိုကိုယ်ပြောပြီး၊ သီချင်းတွေနဲ့ဖောင်ဖွဲ့သီဆိုပြီး ဇာတိပကတိမှာမျိုးစေ့ကြဲနေတာကတော့ ဖြစ်သင့်သောအရာ မဟုတ်ပါ။ အချိန်တော်တော်များများမှာကြားခဲ့ရ၊ ကြားနေရဆဲစကားတခုက အရက်သောက်အသည်းခြောက်လို့ ဆုံးပါးသွားတဲ့လူကို ဘုရားရှင်ကချစ်လို့ပြန်ခေါ်သွားပြီလို့ကြားရတာကလည်း အဆင်မပြေပါဘူး(ထာဝရဘုရားသည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် သူ့ချစ်ခြင်းကိုသံသယမရှိပါ)။ ကြားနာနေတဲ့ ဓမ္မပရိတ်သတ်ကို အရက်ကိုသေတဲ့အထိမသောက်ပါနဲ့ စိုက်သည့်အတိုင်းရိတ်ရမယ်လို့ ဟောတာမျိုးကခပ်ရှားရှားပါပဲ။ ကျန်ရစ်တဲ့မိသားစုကိုနှစ်သိမ့်ခြင်းက ဘုရားကိုမထီမဲ့မြင်ပြုသလိုဖြစ်လာနေတာကလည်း မဖြစ်သင့်ပါဘူး။

တရားဒေသနာဝေငှသည့်အခါလည်းထိုနည်းတူပါပဲ။ တရားနာလာသူပရိသတ်တွေ အားလုံးလိုလိုဟာ အသီးသီးကိုယ့်ဝေဒနာတွေနဲ့ ပင်ပန်းနွမ်းလျနေနိုင်ပါတယ်။ သို့သော်လည်း တရားဒေသနာဝေငှသူပြင်ဆင်လာတဲ့တရားဒေသနာဟာ “ဒီကနေ့သင်ကြွေးကြော်ပါ” “ဝန်ခံပါ” “ကြေညာပါ” “ချမ်းသာပြီ” “ကျန်းမာပြီ” ဆိုကာ အာမင်တွေ စွတ််ဆတ်ထူးခိုင်းပြီး စစ်မှန်သောယုံကြည်ခြင်းကိုပြုစုခြင်းထက်၊ လူရဲ့တက်မက်ခြင်းအပေါ်ယံစိတ်ခံစားချက်ကိုသာ အခြေပြုပြောဆိုနေခြင်းကလည်း ဓမ္မဟောင်းကာလမှာ ဘုရားကမစေလွှတ်၊ မခွဲခန့်၊ မပြောခိုင်းဘဲ လူတွေကိုလှည့်စားကာ ဘုရားကိုပေါ်တင်စော်ကားကာ မထီမဲ့မြင်ပြုသည့်ပရောဖက်တို့နှင့် ဆင်တူပေသည်။ ထိုပရောဖက်တို့လည်း စိုက်သည့်အတိုင်းရိတ်ခဲ့ရပါတယ်။ ထို့ကြောင့် ဓမ္မအမှုဆောင်လုပ်ဖော်ဆောင်ဖက်တို့ … ဒေသနာဟာ စေတနာပါလျက် ဝေဒနာတွေကိုသည်းခံနိုင်သော ယုံကြည်ခြင်းကိုဦးစွာတည်ဆောက်ပေးကြပါလို့ ဒီနေရာကနေနှိုးဆော်ပါရစေ။

ချစ်သောလူငယ်တို့ … လူငယ်ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ််လပ် အသက်ရှင်ချင်သည့်စိတ်က ပုံမှန်ပါပဲ။ သို့သော်ပုံမှန်မဟုတ်သည့်အရာက သင်ဟာ ခရစ်ယာန်လူငယ်တယောက်ဖြစ်မယ်၊ သက်ဆိုင်ရာအသင်းတော်မှာပါဝင်နေမယ်၊ အခြားသောကူညီမစခြင်းအမှုကိုပြုတဲ့နေရာမှလည်းပါဝင်နေမယ် ဆိုသော်လည်း တဖက်မှာ အလွဲတွေယူပြီး ဘုရားကို မထီမဲ့မြင်ပြုနေမယ်ဆိုတာကတော့ မဖြစ်သင့်ပါ။ ဘယ်လောက်ပဲ တော်နေပါစေ၊ အားကိုးနေရပါစေ စိုက်သည့်အတိုင်းသင်ရိတ်ရပါလိမ့်မယ်။ လူတွေကတော့ နှမြောတသဖြစ်နိုင်ပေမယ့် ကိုယ်ကြဲတဲ့မျိုးစေ့ကို ရိတ်သိမ်းရသည်ကိုတော့ ကိုယ်ပဲသိပါလိမ့်မယ်။
ဒါကြောင့်သခင့်ရဲ့ကျေးဇူးတော်ကို အစဥ်လိုအပ်သည်ကိုမြင်လျက် ဆင်ခြင်နိုင်ပါမည်အကြောင်း …


ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။
ရောမဩဝါဒစာ ၂း၄

မေတ္တာဖြင့်