Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၄)

ထင်း​မ​ရှိ​လျှင် မီး​သေ​တတ်​သ​ကဲ့​သို့ ကုန်း​တိုက်​သော​သူ​မ​ရှိ​လျှင် ရန်​ငြိမ်း​တတ်၏။
သုတ္တံကျမ်း ၂၆း၂၀
Without wood, fire goes out; without a gossip, conflict dies down.
Proverbs 26:20

အတင်း(ကုန်းတိုက်)ပြောတတ်တဲ့သူတစ်ယောက်ဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ရဲ့စကားတွေဟာ သူ့ရဲ့ရပ်တည်မှုကိုဖော်ပြသလို၊ အခြားသူတွေရဲ့ရပ်တည်မှုကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ အထက်က ကျမ်းပိုဒ်မှာဆိုထားတဲ့အတိုင်း အတင်းပြောတဲ့သူ(ကုန်းတိုက်သောသူ) မရှိဘူးဆိုရင် ရန်ငြိမ်းပါတယ်။
လောင််စာ မရှိတော့ရင် မီးဆိုတာ ဆက်ပြီးတောက်လောင်စရာ အကြောင်းမရှိပါ။
တင်းမာမှုတွေကို ဖြေလျှာ့ဖို့ အတင်းပြောလိုက်တာနဲ့ ပြီးမသွားပါ။ ပို၍သာ ဆိုးလာတာပါ။
ဒီကနေ့ ကျွန်တော်တို့ ဘာတွေနားထောင်နေကျလဲ။ ဘာတွေပြောနေကျလဲ။ အတင်းအဖျင်း ကုန်းတိုက်စကားတွေဆိုရင်တော့ မဖြစ်ဘူးနော်။ ရပ်တန့်သင့်ပါတယ်။ အဲ့လိုစကား၊ အပြုအမူအသက်တာတွေဟာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အထူးသဖြင့် ခရစ်ယာန်အဖွဲ့အစည်းမှာ တကယ့်အဖျက်အားကြီးတဲ့ အဆိပ်အတောက်ပါပဲ။

ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့ ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။
သုတ္တံကျမ်း ၂၆း၂၂
There is nothing so delicious as the taste of gossip! It melts in your mouth.
Proverbs 26:22 CEV

ပြဿနာက ဒီကနေ့လူတွေဟာ အဲ့အဆိပ်အတောက်ကို နှစ်သက်စွာ စားသုံးနေကြတာ စိတ်မကောင်းစရာပါ။ အရသာရှိတဲ့ အစားအစာလိုပဲ ကိုယ့်အထဲကို ဝင်လာတတ်တယ်။ အရသာရှိလို့ နေ့စဥ်စားသုံးလာနေရင်တော့ ဘေးထွက်ဆိုးကျိုးတွေက မတွေးဝံ့စရာပါ။
ဖြောင့်မတ်တဲ့ မိတ်ဆွေ၊ ကူညီမစတတ်တဲ့ သူငယ်ချင်း၊ ဖေးမလမ်းပြတတ်တဲ့ အပေါင်းအသင်းတွေကို ဆုံးရှုံးရနိုင်သလို၊ တိုးပွားလာမည့် မိတ်ဆွေတွေဟာဆိုရင်လည်း အဆိပ်အတောက်နဲ့မီးတောက်လို လူတွေသာ။
ဒါကြောင့် အတင်းအဖျင်းဆိုတဲ့အရာမှာ မပါဝင်မိပါစေနဲ့၊ ပျံ့နှံ့စေတဲ့သူ(ထင်း) လည်းမဖြစ်လိုက်ပါနဲ့။

လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။
သုတ္တံကျမ်း ၁၁း၁၃
A gossip goes around revealing a secret, but a trustworthy person keeps a confidence.
Proverbs 11:13 HCSB

ငယ်စဥ်တုန်းကဆို အိမ်တကာပတ်ပြီး “အတင်းစုံ” အခမဲ့ဖြန့်ဝေပေးသူတွေကိုမှတ်မိပါသေးတယ်။ ဒီဘက်ခေတ်မှာ “အတင်းကြီး”မှသာ အိမ်ပတ်ကျပါတော့တယ်။ ဆိုရှယ်မီဒီယာ လိုနေရာမျိုးတွေမှာ အတင်းအဖျင်းတွေကို ပေါ်ပေါ်ထင်ထင် ရေးတင်လာနေကျတော့ ခရစ်ယာန်တွေကလည်း မနေနိုင်ဘဲ ပါဝင်လာတာကိုမြင်ရတာ စိတ်မကောင်းစရာပါ။
လောကီသားတွေကတော့ သူတပါးရဲ့လျှို့ဝှက်အပ်သောအရာတွေကို ကိုယ်အကျိုးတွက် ဖော်ပြနေချိန်မှာ ယုံကြည်သူတွေကပါဝင်နေမယ်ဆိုလည်းမဟုတ်သေးပါ။ မဖြစ််သင့်ပါ။
အထူးသဖြင့် ခရစ်ယာန်အသိုင်းအဝိုင်းတွေထဲမှာ သူတပါးရဲ့ လူသိ မခံချင်၊ အရှက်ကွဲ မခံချင်တဲ့အရာတွေကို သစ္စာရှိစွာနဲ့ ဝှက်ထားပေးတတ်တဲ့သူ အင်မတန်ရှားလာပါတယ်။ ဒေါသထွက်ချင်လောက်အောင်မြင်တွေ့ခဲ့ဖူးတာက ဆရာသမားဆိုသူတွေက သစ္စာမဲ့စွာ သူတပါးရဲ့အရှက်သိက္ခာနဲ့ဆိုင်တဲ့အရာကို ပျံ့နှံ့စေတဲ့အဖြစ်မျိုးပါပဲ။ ဒီလို သစ္စာစောင့်ခြင်း မရှိမှုမျိုးက အသင်းတော်မှာ မရှိသင့်ပါ။ နေရာလည်း မပေးသင့်ပါ။

အိုချစ်သောလူငယ် သင့်အသက်ရွယ်နုပျိုသည်ကိုအဘယ်သူမျှမထီမဲ့မြင်မပြုစေနဲ့ ဆိုတဲ့အခါ ပထမဦးစွာသတိပြုရမှာသင့်ရဲ့ “စကားပြောခြင်း“အရာပါပဲ။
သင်ပြောတဲ့စကားဟာ ငန်သောအရသာနဲ့ပြည့်စုံပြီး ကြားနာသောသူအတွက်အကျိုးရှိလျက် ယုံကြည်သောသူတို့ကိုပုံသက်သေ ဖြစ်စေမလား။
ဒါမှမဟုတ် မီးတောက်စေမယ့်လောင်စာ၊ စားချင်စဖွယ်အဆိပ်အတောက်၊ လျှို့ဝှက်သင့်သည်ကိုပျံ့နှံ့စေတဲ့ စကားပြောခြင်းမျိုးကိုဦးတည်နေလားဆိုတာကို သတိပေးနှိုးဆော်ပါရစေ။

မေတ္တာဖြင့်