Skip to content

တမန်တော်တို့သည် ဗိမာန်တော်၌ သော်လည်းကောင်း အိမ်၌ သော်လည်းကောင်း ဆုံးမဩဝါဒပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ ဧဝံဂေလိတရားဝေငှခြင်း စသဖြင့်တို့အား နေ့စဥ်နေ့တိုင်း လုပ်ဆောင်လျှက်နေကြသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးသည့်နောက်တွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရိုးရိုးသာမာန်အနေဖြင့် ခေါ်ဆိုကာ ခေါင်းစဥ်တပ်ရမည်ဆိုလျှင် လူမှုရေးပြဿနာတစ်ခုဟု ခေါ်ဆို၍လည်း ရနိုင်ပေသည်။ မုဆိုးမများအား အလုပ်အကျွေးပြုခြင်းဆိုင်ရာပြဿနာတစ်ခု ဟုလည်းဆိုကြပေအံ့ …

ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဟေဗြဲလူမျိုးနှင့် ဟေလေနစ်လူမျိုးတို့မှ စတင်လာသော မီးပွားများသည် အသင်းတော်တစ်ခုလုံးထံသို့ လွင့်စင်လာပေသည်။ ထို့ကြောင့် တမန်တော်တို့သည် ထိုပြဿနာ အခြေအနေအရပ်ရပ်တို့အား ဖြေရှင်းကြရန် ပြင်ဆင်ကြရပေတော့သည် မဟုတ်ပါလား။

ထူးခြားချက်တစ်ခုမှာ တမန်တော်တို့သည် သူတို့၏ အချိန်များကို ထိုပြဿနာများနှင့်သာ အလဟဿ မဖြစ်စေရန် ဂရုတစိုက်ရှိခဲ့ကြခြင်းပင်ဖြစ်သည်။ လူမှုရေးပြဿနာဟုဆို၍ရနိုင်သော မုဆိုးမများအား လုပ်ကျွေးခြင်းဆိုင်ရာ ထိုပြဿနာသည် အရေးကြီးသည်မှန်သော်လည်း ထိုအရာများနှင့်သာ သူတို့၏ အချိန်များစွာတို့အား လေလွင့်မသွားစေရန် ဂရုတစိုက်ရှိခဲ့ကြခြင်းသည် အင်မတန်အတုယူဖွယ်တစ်ခုလည်းဖြစ်ချေသည်။

တမန်တော်ဝတ္ထု ၆:၄
ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။

ယနေ့ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်လည်း အရေးကြီးသော ပြဿနာများစွာတို့သည် ရှိနေတတ်သည်မှာမှန်သော်လည်း ထိုအရာများစွာတို့အတွက်နှင့် ထိုအရာများစွာတို့ကြောင့်သာ မိမိတို့၏အချိန်များစွာတို့ကို ကုန်ဆုံးသွားစေဖို့ရန်သာ ဘုရားသခင်အလိုတော်ရှိပါသလားဟု ဆင်ခြင်မိရန်အရေးကြီးပေသည်။

တမန်တော်တို့သည် ပြဿနာ၌သာ အာရုံစိုက် အချိန်ကုန်စေခြင်းထက် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို ဟောပြောဝေငှခြင်းအမှုတို့ကို အစဥ်မပျက်ပြုနိုင်စေရန် ဂရုတစိုက်ရှိခဲ့ကြသည်မှာ အဓိကကို သိခြင်းဟုဆိုရလျှင်လည်း ငြင်းဆိုနိုင်ဖွယ်မရှိပေ။

ယနေ့ကျွန်တော်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဧဝံဂေလိတရားဝေငှခြင်း၊ ဟောပြောတိုက်တွန်းခြင်းတို့ထက် လူမှုရေးပြဿနာ၊ နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာ၊ မိသားစုရေးပြဿနာ အစရှိသဖြင့်တို့အတွက်သာ အားစိုက်မိ၍ အချိန်ကုန်သွားစေမိပြီလားဆိုသည်ကို အနည်းငယ်ဆင်ခြင်မိပါသည်။

ဤသို့ဆိုခြင်းကြောင့် ထိုအရာများကို လစ်လျူရှုထားစေရန်ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် ထိုအရာများကိုသာ ဦးစားပေးနေမိပြီလားဟုသာဆိုလိုခြင်းဖြစ်ပေသည်။ ထိုအရာများသည် အရေးကြီးသည်မှာမှန်သော်လည်း ထိုအရာများစွာအတွက်သာ အချိန်ပေးနေမိခြင်းဖြစ်၍ ဆုမတောင်းနိုင်တော့လောက်အောင်ဖြစ်နေပြီလား၊ ကျမ်းစာမဖတ်နိုင်လောက်အောင် အချိန်ကုန်သွားပြီလား၊ ဧဝံဂေလိတရားမဝေငှနိုင်လောက်အောင်၊ ဟောပြောသက်သေမခံနိုင်တော့လောက်အောင်များ ဦးစားပေးလိုက်မိပြီလားဟုသာဆိုလိုခြင်းဖြစ်ပါသည်။

တမန်တော်တို့ကတော့ လက်ရှိသူတို့ကြုံတွေ့ရင်ဆိုင်နေရသော မုဆိုးမလုပ်ကျွေးခြင်းဆိုင်ရာ ထိုပြဿနာသည်အရေးကြီးသည်မှန်သော်လည်း “ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်” ဟုဆိုခြင်းသည် အဓိကအရာကို သိခြင်းဟုပင်ဆိုနိုင်ပေသည်မဟုတ်ပါလား။

ထို့ကြောင့် ယနေ့ကျွန်ုပ်တို့ရင်ဆိုင်နေကြရသည့် လက်ရှိပြဿနာများစွာဖြစ်ကြသော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမျိုးရေး၊ မိသားစုရေး စသည်တို့သည် အရေးကြီးသည်မှာ မှန်သော်လည်း ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဧဝံဂေလိတရားဝေငှခြင်း၊ ဟောပြောသက်သေခံခြင်းတို့ကို မပြုနိုင်လောက်အောင်ပင် ဦးစားပေးနေမိပြီလားဆိုသည်ကို ဆင်ခြင်ရင်း တမန်တော်တို့၏ ပြောဆိုချက်ကို သတိရကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။