Skip to content

၂၁ရာစုမှာ ကလေး၊ လူငယ်၊ လူကြီးများအကြား ရေပန်းစားနေရာယူလာတာကတော့ ရသမျိုးစုံ၊ ပုံစံမျိုးစုံပေးတဲ့ ဗွီဒီယိုဂိမ်း တွေပဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းကနေစတင်ပြီး နည်းပညာမြင့်မား၊ အဆင့်မြင့်မားတဲ့ ဗွီဒီယိုဂိမ်းတွေကလည်း ဒုနဲ့ဒေးအပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြတာ ယနေ့ထိပါပဲ။

ဒီကနေ့ ခရစ်ယာန်အသိုင်းအဝိုင်း လူငယ်များကြားထဲမှာလည်း ဂိမ်းကစားခြင်းက နေရာယူလွှမ်းမိုးမှုရှိနေပါတယ်။
ဒီလိုပြောလို့ ဂိမ်းကစားခြင်းက အပြစ် လို့ဆိုနေခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းကို အတိုင်းထက်လွန်စွဲလမ်းခြင်းက အပြစ်ရဲ့သွေးဆောင်ရာများသို့ ရောက်စေသည်ကိုတော့ သတိပြုရန်လိုအပ်ပါတယ်။

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။- ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။- ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။- သင်၏​တိုး​ပွား​ခြင်း​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို စိတ်​စွဲ​လမ်း၍ ကြိုး​စား​အား​ထုတ်​လော့။- ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ်​ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း သ​တိ​ပြု၍ အ​မြဲ​တည်​နေ​လော့။ ထို​သို့​ပြု​လျှင်၊ ကိုယ်​ကို​လည်း​ကောင်း၊ နား​ထောင်​သော သူ​တို့​ကို​လည်း​ကောင်း ကယ်​တင်​လိမ့်​မည်။
တိမောသေဩဝါဒစာပထမစောင် ၄း၁၂-၁၆

တမန်တော်ကြီးရှင်ပေါလုက လူငယ်လေးတိမောသေကို သတိပေးတိုက်တွန်းထားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။ တိမောသေလေး ဂိမ်းစွဲနေလို့ ရှင်ပေါလုကြီးက သတိပေးနေတာမဟုတ်ပါဘူး။ ခုခေတ်လို ဂိမ်းမှမရှိတာလေ။ ဒါပေမယ့် ဘာကြောင့် ပြောရလဲဆိုရင် ပထမအချက် သူဟာလူငယ်တစ်ယောက်ဖြစ်သလို ဒုတိယအချက် သူဟာအမှုတော်ဆောင်နေသူလည်းဖြစ်သောကြောင့်ပါ။

ချစ်သောလူငယ်တို့ကို ဦးစွာတိုက်တွန်းချင်သည့်အရာကတော့ “သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်” ဆိုတာပါပဲ။
လူငယ်ဆိုတာက သိတဲ့အတိုင်း “ဟုတ်ကဲ့” လို့သာပါးစပ်ကပြောပေမယ့် “မဟုတ်တဲ့” အရာကျတော့စိတ်ပါကိုယ်ရောက် လုပ်တတ်သူတွေပါ။
ဒီကနေ့ခရစ်ယာန်လူငယ်လေးတွေ ထောင့်ပေါင်းစုံကနေ ငယ်ရွယ်မှုနဲ့ပက်သက်လို့ ဝေဖန်မှုတွေများစွာ ခံနေရပါတယ်။ ထိုအထဲမှာမှ ဂိမ်းစွဲလမ်းခြင်းကြောင့် မထီမဲ့မြင်ပြုခံရခြင်းဟာလည်း တခုအပါအဝင်ပါပဲ။
“နင်ကျမ်းစာဖတ်ပြီးပြီလား” “ဆုတောင်းပြီးပြီလား” “ဘယ်အချိန်မှအိပ်တာလဲ” “ဒါလူထတဲ့အချိန်လား” “ဒါပဲဆော့နေလိုက်၊ လက်ကြောမတင်းတဲ့ကောင်” “စာကျက်ဖို့ရော မစဥ်းစားတော့ဘူးလား” “ဂိမ်းဆော့နေဦးမယ်ဆို အိမ်ပေါ်ကဆင်းသွားလိုက်” လို့စတဲ့စကားတွေဟာ ဂိမ်းစွဲနေတဲ့လူငယ်လေးတွေရှိတဲ့အိမ်မှာနေ့စဥ်ကြားနေရတဲ့စကားတွေပါပဲ။
ဂိမ်းမှာပြဿနာရှိလားဆိုတော့ ပြဿနာမရှိပါဘူး(၁၈+  ဂိမ်းတွေကတော့တကယ့်ပြဿနာပါ)။ ပြဿနာကတော့ ဆော့နေတဲ့သူမှာသာရှိတာပါ။ ဆော့ရင်း ဆော့ရင်း စွဲလမ်းလာတော့ လူငယ်ရဲ့ပျိုမြစ်ခြင်း အရင်းအမြစ်တွေက ဘုရားရဲ့ဘုန်းတန်ခိုးတော်အတွက်ဖြစ်မလာတဲ့အပြင် လူတွေရဲ့အထင်မြင်သေးခြင်းကိုပါခံရနိုင်ပါသေးတယ်။
နောက်ပြီး “စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့” လို့ဆိုတဲ့အရာတွေမှာ မှေးမှိန်လာကြပါတယ်။
မယုံကြည်သူတွေရှေ့မှာ ပုံသက်သေဖြစ်ဖို့ အရေးကြီးတယ်နော်လို့ ပြောကြပေမယ့် တကယ်တမ်းလက်တွေ့မှာ ယုံကြည်သူ လူငယ်အချင်းချင်းတောင်ပုံသက်သေ မပြနိုင်ကြပါဘူး။

“ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။ ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။ သင်၏​တိုး​ပွား​ခြင်း​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို စိတ်​စွဲ​လမ်း၍ ကြိုး​စား​အား​ထုတ်​လော့။” လို့ ရှင်ပေါလုက တိမောသေကို ပြောခဲ့ပါတယ်။ ဒီကနေ့လူငယ်တွေ ချီဆောင်ခြင်းအကြောင်းတွေနားထောင််၊ နောက်ဆုံးသော ကာအကြောင်းတွေ နားထောင်ပြီးတော့ ကိုယ့်ကိုကိုယ် အဟုတ်မှတ်နေကြပေမယ့် ကျမ်းစာဖတ်ခြင်း ဆိုတဲ့အလွယ်ကူဆုံးသောအရာလေးတောင် မလုပ်ချင်၊ မလုပ်နိုင်ကြပါဘူး။ ဆုကျေးဇူးတွေကိုလည်း မပြုစုတတ်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​များကိုလည်း စိတ်စွဲလမ်းကြိုးစားအားထုတ်ခြင်းမရှိပဲနဲ့ လူအပေါင်းတို့ရှေ့မှာဘယ်လိုလုပ် ကိုယ့်အသက်တာရဲ့ ဝိညာဥ်ရေးရာတိုးပွားခြင်းကိုပြနိုင်မှာလဲ။
ဒါကြောင့်ကိုယ်စွဲလမ်းလွန်နေတဲ့ အရာကိုစစ်ဆေးပါ။ ကိုယ်ဦးစားပေးရှေ့တန်းတင်လွန်းနေတဲ့အရာကို သတိပြုပါ။

ဒါကြောင့်စွဲလမ်းမှုများတဲ့ လောကကြီးမှာ အထူးသဖြင့် ဂိမ်းကိုအရာခပ်သိမ်းထက်စွဲလမ်းနေတဲ့ ချစ်သောလူငယ်တို့ ဂိမ်းကိုလုံးဝမဆော့ပါနဲ့လို့တော့ မပြောလိုပေမယ့်၊ စွဲလမ်းသင့်တဲ့ သခင်နှင့်သခင့်ရဲ့စကားကို နုပျိုနေတဲ့အချိန်မှာမှ သင်မစွဲလမ်းရင် ရှေ့လာမည့်အနာဂတ်ကို သင်မြင်ယောင်ကြည့်လို့ရပါတယ်။
ဂိမ်းဆော့ပါ သို့သော်စည်းကမ်းနဲ့ဆော့ပါ။ ဘာကြောင့်လဲဆိုရင် လောကအရာတွေကို စည်းကမ်းမဲ့စွဲလမ်းခြင်းဟာ ရေရှည်မှာ ထိခိုက်ဆုံးရှုံးမှု များလာနိုင်လို့ပါ။
သင်ဟာ Gamer အဖြစ်အသက်မွေးဝမ်းကြောင်းပြုချင်သပဆိုရင်လည်း ကြိုးစားပါ။ သို့သော်လည်း ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောအစဥ်ရှိလျက်၊ တရားတော်နှင့်တရားလမ်းထဲ၌ အစဥ်မွေ့လျော်၊ လျှောက်လှမ်းခြင်းငှာ မမေ့လျော့မည်အကြောင်း သမ္မာသတိရှိစေလိုပါတယ်။
ချစ်သောလူငယ် သင်ယခုစွဲလမ်းအစပြုတဲ့အရာဟာ သင်ရဲ့အနာဂတ်က်ိုပုံဖော်ပါလိမ့်မယ် ဆိုတာကိုနိုးဆော်ရင်း

မေတ္တာဖြင့်