“ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။”
ရှင်မဿဲခရစ်ဝင် ၁၆း၂၄
“Then Jesus said to His disciples, “If anyone wants to come with Me, he must deny himself, take up his cross, and follow Me.”
Matthew 16:24
ယေရှုခရစ်တော်ရဲ့နောက်တော်သို့လိုက်ချင်သောသူ(ဆည်းကပ်လိုသောသူ)များပါတယ်။
ဒါပေမယ့် ကိုယ်လိုက်ချင်တဲ့ပုံစံနဲ့ လိုက်နေတာက ပိုများပါတယ်။
ဒီကနေ့ ခရစ်တော်နောက်လိုက်ပါ၊ အလိုဆောင်ကြပါလို့ အားတက်သရောတိုက်တွန်းနှိုးဆော်မှုတွေရှိပေမယ့် စိတ်မကောင်းစရာက ခရစ်တော်ကဘယ်သူဖြစ်တယ်ဆိုတာ၊ ဘာကြောင့် နောက်တော်သို့ လိုက်သင့်တယ်ဆိုတာကိုတော့ ပြောသောသူနှင့် သိချင်သောသူ အင်မတန်မှနည်းပါတယ်။
နောက်တော်သို့လိုက်ရာတွင် အရေးကြီးသည့် ပထမအချက်မှာ “ကိုယ်ကိုကိုယ်ငြင်းပယ်ခြင်း“ဆိုတဲ့ အချက်ပါ။ အဝလွန်နေသည့်လူတဦးရဲ့ ရည်ရွယ်ချက်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ဖြစ်သောကြောင့်၊ ထိုရည်ရွယ်ချက်ကို ထိခိုက်စေမည့် မိမိရဲ့ဆန္ဒတွေကို ငြင်းပယ်ဖို့ လိုအပ်လှပါတယ်။ ထိုနည်းတူပဲ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းဖို့ ဆော့ကစားနေသူဟာလည်း ထိုကြံ့ခိုင်မှုကို ထိခိုက်စေနိုင်မည့်အရာများကို ငြင်းပယ်ဖို့လိုအပ်ပါတယ်။
ဒါဆိုရင် ယေရှုခရစ်တော်နောက်သို့ လိုက်မည်ဟုဆုံးဖြတ်ထားလျှင် ကိုယ်ကိုကိုယ် မငြင်းပယ်ဘဲနှင့်တော့ မလိုက်ပါနဲ့။ ကြီးမြတ်သောသခင်ရဲ့ သဘော၊ အလို၊ ဆန္ဒတွေမှာ စိတ်ပါဝင်စားအလိုရှိခြင်းထက် ကိုယ့်သဘောအလိုဆန္ဒဖြင့်သာ လိုက်နေမည်ဆိုလျှင် ဒါဟာအမှန််တကယ်လိုက်ခြင်းဟု မဆိုနိုင်ပါ။ သခင့်နောက်သို့ လိုက်သည့်အရာမှာ သခင့်ရဲ့သဘောနှင့်ထပ်တူညီဖို့ လွန်ပင်အရေးကြီးပါတယ်။ ထိုမှသာ နောက်တဆင့်တည်းဟူသော သခင်နှင့်တူသော အသက်တာကိုဆက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ဒုတိယအရေးကြီးသည့်အချက်မှာ “ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်းခြင်း“ပါ။
လက်ဝါးကပ်တိုင်ဟုဆိုသည်နှင့် ပထမဦးစွာနားလည်ရသည်မှာ ကျိန်ခြင်းကိုခံရသူ၊ အပြစ်ရှိသူကိုစီရင်သည့်နေရာဟု နားလည်ရပါတယ်။
ကျွန်ုပ်တို့ကိုချစ်သောသခင်သည် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့အပြစ်တွက် ထိုလက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပါတယ်။
ဒါဆိုရင် ကိုယ့်ကားတိုင်ဆိုတာ ဘယ်ကားတိုင်လဲ။
အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။
ရှင်မဿဲခရစ်ဝင် ၁၀ : ၃၈
“အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။”
ရောမဩဝါဒစာ ၈း၃၆
ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းပြီးလိုက်ဆိုသည့်အရာမှာ ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတွေနှင့် အလှဆင််ထားသည့် တန်ဖိုးကြီးမားလှသည့် အရာကိုပြောနေခြင်း မဟုတ်ပါဘူး။ ယေရှုကိုရရင် ကျန်းမာပြီ၊ ချမ်းသာပြီဆိုပြီး လည်ပင်းမှာ CROSS လော့ကတ်လေးနဲ့ ကျော့မော့နေဖို့ဆို ပိုလို့တောင်ဝေးပါသေးတယ်။
ကားတိုင်လမ်းဟာ မလွယ်ကူပါဘူး၊ မချောမွေ့ပါဘူး။
ကိုယ်ထမ်းရမည့် လက်ဝါးကပ်တိုင်ဟာ အပြစ်ဝန်နဲ့ မလေးလံပေမယ့်၊ ဒုက္ခအခက်ခဲတွေနဲ့ ကင်းမယ်ဆိုတာတော့ မဟုတ်ပါ။ အဖိုးအခကတော့ ရှိမြဲပါ။
အိုချစ်သောလူငယ် ခရစ်ယာန်တယောက်ဖြစ်လို့ ဂုဏ်ယူနေပါသလား။
ခရစ်တော်နောက်လိုက်ဖို့ရော သင်စိတ်အားထက်သန်ကာ ဆန္ဒပြင်းပြနေပြီလား။
ဒါဆိုရင်တော့ သခင်က ဂုဏ်ယူနေပါလိမ့်မယ်။
“ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။- သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။- ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။- လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။- ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၄း၁၂-၁၆
ကိုယ်ကို ငြင်းပယ်ခြင်း မရှိ၊ လက်ဝါးကပ်တိုင်ထမ်းခြင်း မရှိရင်တော့ ခရစ်ယာန်အသက်တာဟာ မေးစရာမေးခွန်းများပါတယ်။
ယုံကြည်ခြင်းခရီးစဥ်မှာ ကိုယ်ကိုမငြင်းပယ်၊ လက်ဝါးကပ်တိုင်မထမ်းဘဲ လိုက်ခြင်းက လေးလံစွာလွတ်လပ်ခြင်းမျိုးပါ။
သို့သော်လည်း ကိုယ်ကိုငြင်းပယ်ကာ လက်ဝါးကပ်တိုင်ကိုထမ်း၍လိုက်ခြင်းက လွတ်လပ်စွာလေးလံခြင်းဖြစ်ပါတယ်။
ထိုလေးလံခြင်းကလည်း သခင့်ရဲ့ဂုဏ်တော်ကို ချီးမွမ်းစေပါတယ် ဆိုတာကို ဆင်ခြင်ရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။