Skip to content

သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်သောကြောင့် သင်းအုပ်ဟာ ရှေ့ဦးစွာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ရမယ် လို့ တမန်တော်ကြီးရှင်ပေါလုက တိမောသေကို သတိပေးခဲ့ပါတယ်။

သင်းအုပ် (overseer) လို့ဆိုတဲ့အခါ
Overseer – (Webster’s 1828 Dictionary)
OVERSEE’R, n.
1. One who overlooks; a superintendent; a supervisor.
2. An officer who has the care of the poor or of an idiot, _c.

နားလည်လွယ်အောင်ပြောရရင် ဘုရားရဲ့သိုးတွေကိုကြီးကြပ်ပေးရတဲ့သူပေါ့။
အခြေအနေမျိုးစုံနဲ့သိုးတွေပေါ့။
ဒါပေမယ့် လက်ရှိအခြေအနေမှာ သင်းအုပ်အရာဆိုတဲ့ကောင်းသောအရာကို တောင့်တတာထက် သင်းအုပ်ဖြစ်ရင်ကောင်းတာတွေရမယ်ဆိုတဲ့စိတ်သဘောနဲ့ တောင့်တကာ သင်းအုပ်လုပ်လာသူတွေကပိုများလာပါတယ်ထိုသို့သောစိတ်နဲ့ သင်းအုပ်သော အသင်းတော်တွေဟာလည်း တဖြည်းဖြည်းပေါ်ထွက်လာပါတယ်။
အမြင်သာ ကောင်းနေပေမယ့် တဖက်မှာအပြစ်တင်ခွင့်နှင့်မလွတ်သော အခြေအနေတွေဖြစ်လာနေကျပါတယ်။

အပြစ်တင်ခွင့်နှင့် မကင်းလွတ်ရတဲ့ ပြဿနာတွေကဘာတွေလဲ

• သိုးတွေကို စားကျက်(နှုတ်ကပတ်တော်)သို့ မပို့ဆောင်ခြင်း
• သိုးတွေကို မိမိအကျိုးအဖို့သာ အသုံးပြုခြင်း
• ဆူဖြိုးသောသိုးတွေကိုသာ ထိန်းကျောင်းလိုခြင်း
• ပိန်ကြုံအားနည်းသော သိုးတွေကိုမကြည့်ရှုလိုခြင်း

“သိုးတွေကို စားကျက်(နှုတ်ကပတ်တော်)သို့ မပို့ဆောင်ခြင်း”

အသင်းတော်တချို့မှာ သင်းအုပ်ဟာ ဝတ်ကျေတန်းကျေတရားဟောပြီး၊ အဲ့တရားကို အာမင် ထူးခိုင်းကာ အသင်းတော်မှာပါဝင်လာနေစေပါတယ်။ နှုတ်ကပတ်တော်ထက် ကိုယ့် အာဘော်ကိုသာရိုက်သွင်းပေးသလိုမျိုးပေါ့။ ပိုဆိုးတာက နှုတ်ကပတ်တော်ကိုတဖက်လှည့်ပြီး ကိုယ့်ရဲ့အပြောတွေနဲ့နားတွေကို ယားစေကာ၊ ကိုယ်တိုင်လည်းစားကျက်ကိုပြင်ဆင်ခြင်းမရှိ၊ ကိုယ်ထိန်းကျောင်းရသောသိုးတွေကိုလည်း ဖြစ်သလိုစားကျက်မှာ ပစ်ကာထားတဲ့အနေအထားပါ။

“သိုးတွေကို မိမိအကျိုးအဖို့သာ အသုံးပြုခြင်း”

တကယ်တမ်းဆို သိုးရဲ့အကျိုးအတွက် သင်းအုပ်ဆိုတာ ရှိနေရမှာပါ။ သိုးကနေ အကျိုးကျေးဇူးခံစားရမည်ဆိုတာကလည်း မမှားပါဘူး။ ဒါပေမယ့် မိမိရဲ့အကျိုးအတွက် သိုးတွေကို ကပ်ဖားရပ်ဖားလုပ်ကာနေခြင်းက သိုးထိန်းအတုရဲ့လုပ်ရပ်ပဲဖြစ်ပါလိမ့်မယ်။

“ဆူဖြိုးသောသိုးတွေကိုသာ ထိန်းကျောင်းလိုခြင်း”

အသင်းတော်တခုဟာ ချမ်းသာတဲ့သူ၊ နာမည်သြဇာကြီးတဲ့သူ၊ ပညာတတ်ကျွမ်းသူ တွေကိုသာ အထူးသဖြင့်နေရာပေး၊ ဦးစားပေးနေရင် သတိကြီးကြီးသာထားပေတော့။ အဲ့လိုလူတွေကလည်း ကိုယ့်ကိုပဲဦးတည်၊ ဦးစားပေးနေမှုများလာနေရင်လည်း သဘောကျမနေပါနဲ့။ သင်လည်းကြံရာပါဖြစ်သွားပါလိမ့်မယ်။

ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊- တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။
ရှင်ယာကုပ်ဩဝါဒစာ ၂း၁-၄

“ပိန်ကြုံအားနည်းသော သိုးတွေကိုမကြည့်ရှုလိုခြင်း”

အသင်းတော်တွေမှာ လူမသိသူမသိ အစေခံတဲ့သူတွေအများစုဟာ ထိုက်သင့်တဲ့နေရာကို မရတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အရည်အချင်းမရှိတဲ့သင်းအုပ် ဟာ  သူ့အကျိုးတွက်အထက်ကလူတွေကိုသာ နေရာပိုပေးနေလို့ပါပဲ။

သင်းအုပ်အရာ၌လည်းကောင်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌လည်းကောင်း ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတ္တံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည်၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။- သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ ဖြစ်ကြလော့။- သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။
ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၁-၄

အမှုဆောင်လျက်ရှိသောသင်းအုပ်တို့ တမန်တော်ကြီးရှင်ပေတရု တောင်းပန်သကဲ့သို့ စာရေးသူတောင်းပန်ပါတယ်။
စေတနာစိတ်နှင့်သင်းအုပ်အရာကိုပြုစုပေးကြပါ။ ပုံသက်သေကိုပြကြပါ။ ညှိုးနွမ်းတတ်တဲ့ အရာတွေအတွက် တပွဲစားမလုပ်ပဲ၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရမယ်ဆိုတာကိုသာ မြော်လင့်လျက် သစ္စာရှိစွာအမှုဆောင်လျက် အပြစ်တင်ခွင့်နှင့်ကင်းလွတ်ပါမည်အကြောင်း။

သခင့်ကိုချစ်လျှင် သခင့်ရဲ့သိုးသငယ်တို့ကိုကျွေးမွေးပါ၊ သခင့်ရဲ့သိုးတို့ကိုထိန်းပါ၊ သခင့်ရဲ့သိုးတို့ကိုကျွေးမွေးပါ။ (ယောဟန် ၂၁း၁၅-၁၇)

မေတ္တာဖြင့်