Skip to content

တခါက ဖူဆယ်ကစားကွင်းမှာ ဘောလုံးကစားရင်း ဘေးကပ်ရပ်ကွင်းမှာ ဆယ်ကျော်သက်လူငယ်လေးတွေလည်း ကစားနေကြတာကိုသတိထားမိပါတယ်။
ဒါနဲ့ကစားလို့ပြီးတော့ ဖိနပ်တွေချွတ် အင်္ကျီလဲနေချိန် ဘာကိုမြင်လိုက်ရလဲဆိုတော့ အဲ့ဒီလူငယ်လေးတွေ ဘောလုံးမကစားကြဘဲ ကွင်းထောင့်မှာ စုပြုံပြီး ဖုန်းကြည့်ကာ စကားတွေလည်း တတွတ်တွတ်ပြောဆိုနေကြပါသေးတယ်။
အဲ့အချိန်မှာ စကားသံတခုထွက်လာပါတယ် “ဖုန်းထဲကို ဝင်ချင်လိုက်တာကွာ” ဆိုတဲ့စကားပဲဖြစ်ပါတယ်။
သဘောပေါက်လိုက်ပါတယ် သူတို့ဘာကိုကြည့်ပြီး ဒီလိုစကားသံထွက်လာသလဲဆိုတာကိုပေါ့။

“ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။”
ယောဘဝတ္တု ၃၁း၁
“I have made a covenant with my eyes; how then could I gaze at a virgin?
Job 31:1
ဒီစကားဟာ ယောဘ ပြောခဲ့တာပါ။ ဒါပေမယ့် စကားတခုထက်ပိုပါတယ်။ သူ့မျက်စိနဲ့ ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကိုပင်ပြုတာပါ။
ဘာကြောင့်သူ ပြုသလဲလို့မေးရင် ဘုရားသခင်အားမပြစ်မှားချင်လို့ ဟုသာဆိုချင်ပါတယ်။
၉တန်းကျောင်းသားဘဝတုန်းက အရမ်းကြမ်းတဲ့ဆရာမတယောက်ရဲ့စကားကို သတိရမိပါတယ်။ တခန်းလုံးမှာရှိတဲ့ယောကျ်ားလေးတွေကို သူပြောတဲ့စကားပါ “နင်တို့တွေ မိန်းကလေးဆို နောက်ကနေပဲကြည့်တဲ့ကောင်တွေ”ကြုံတိုင်းအဲ့လိုဆူပါတယ်။ ဆရာမစကား မမှားပါ။

ယနေ့မျက်မှောက်ကာလကတော့ အနောက်ကနေရော အရှေ့ကနေပါ ကြည့်တာကိုအားပေးနေတဲ့ခေတ်ပါ။
အချို့သော Music video တွေ၊ ဇာတ်လမ်းတွေကဒါတွေကို ပိုပိုပြီးတော့အသားပေးလာကြတာကိုသတိပြုမိမှာပါ။
ဒီနေရာမှာ လူငယ်တွေကို အထူးသဖြင့် သတိပေးချင်တာကတော့ ကိုယ့်မျက်စိဘာကိုကြည့်ပြီး ဘာကိုသဘောကျနေသလဲဆိုတာပေါ့။
ဒါဝိဒ်မင်းကြီးလိုအဖြစ်မျိုးတော့ မဖြစ်ချင်ပါနဲ့။ အကြည့်တချက်နဲ့ မထူးဇာတ်တွေဖြစ်ခဲ့တာ ကျမ်းစာဖတ်တဲ့ယုံကြည်သူမှန်ရင် သိပါလိမ့်မယ်။
သို့သော်လည်း သင်ဟာထိုသို့သော အမှုရာမျိုး၌ လွန်ကျုးနေတဲ့သူဆိုရင် ဒါဝိဒ်မင်းကြီးကဲ့သို့ပဲ လွန်ကျူးမိသောအပြစ်တွက်ပူဆွေးကာ နောင်တနှင့်သခင့်ဆီလှည့်လာပါ။

ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။- ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-
ရှင်မဿဲခရစ်ဝင် ၅း၂၈-၂၉

တခါတရံ မျက်မမြင်များကို ကြည့်ပြီးဆင်ခြင်မိပါတယ်။ ဘာလို့လဲဆိုတော့ အကြည့်ကနေစတဲ့ ပြဿနာ သူတို့မှာမရှိပါဘူး။ သူတို့လည်းအသွေးအသားနဲ့ဆိုတော့ သူ့ပြဿနာနဲ့သူတော့ရှိမှာပါပဲ။
ဒါပေမယ့် ကိလေသာစိတ်နဲ့သူတပါး မယားကိုကြည့်ဖို့ရာမဖြစ်နိုင်ပါ။

ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ

ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။
ရောမဩဝါဒစာ ၆း၁၂-၁၄

မမေ့ပါနဲ့ သင်ဟာကျေးဇူးတရားလက်၌ရှိတယ်ဆိုတာ။
ဒါကြောင့်အပြစ်တရားမအုပ်စိုးပါစေနဲ့။
ကိုယ်အဂ်ါတွေကို ဒုစရိုက်လက်နက် အဖြစ်အပြစ်တရားကို မဆက်သလိုက်ပါနဲ့။
ဒါကြောင့် ဖေ့စ်ဘုတ်၊ အင်စတာဂရမ် လိုနေရာမျိုးတွေမှာ ဘယ်သူတွေကို ကိုယ် follow ထားတာတွေကိုသတိပြုပါ။ အကြည့်နဲ့ သွေးသားကို နိုးဆော်ပြီး ဘုရားကိုပြစ်မှားစေမယ့်သူတွေကို follow ထားရင်အခုပဲ unfollow/unfriend လုပ်လိုက်ပါ။

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။
ရောမဩဝါဒစာ ၇း၂၅

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-
ဂလာတိဩဝါဒစာ ၅း၁၆

အို ချစ်သောလူငယ်တို့ သတိထားပါ
သင့်မျက်စိဘာကိုကြည့်နေလဲဆိုတာ

မေတ္တာဖြင့်