Skip to content

အတိတ်တုန်းက ညစ်ညမ်း(အပြာ)ပုံတွေ၊ ရုပ်ရှင်တွေကို စွဲလမ်းခဲ့သူ တစ်ယောက်အနေနဲ့ ထိုအရာတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြနိုင်ပါတယ်။
သင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို သေစေတယ်။
ကင်ဆာရောဂါလိုပဲ တဖြည်းဖြည်း လိုက်စားပြီး သေစေတာ။
တဏှာစိတ်တွေ ပြင်းပြပြီး၊ ဆန္ဒဖြေဖျောက်နည်းတွေနဲ့ပဲ လောင်မြိုက်နေခဲ့တယ်။
ဒီကိစ္စက မယုံကြည်သူတွေမှ မဟုတ်ပါဘူး။
ယုံကြည်သူခရစ်ယာန်များလည်း ကျွန်ုပ်တို့ရဲ့ အသက်တာ စိတ်နှလုံးကို ထိခိုက်စေတဲ့ ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့လိုအပ်ပါတယ်။
ဒိိအရာကြီးဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ချည်နှောင်မှုကြီးပါ။
လွတ်မြောက်စေနိုင်တာလည်း သခင်ယေရှု တပါးတည်းသာ။
ဒါကြောင့် သခင့်ကိုသာ၍စွဲလမ်းပါ။

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ဒီအရာနဲ့ပက်သက်လို့ စွဲလမ်းနေပြီ (အလွန်အမင်း/သာမာန်) ဆိုရင်သတိပြုပါ။
သင်လုပ်ချင်တဲ့ အပြစ်ကိုသင်ရွေးချယ်နိုင်ပေမယ့်၊ ရရှိကြုံတွေ့လာမယ့် အကျိုးဆက်ကိုတော့ သင်ရွေးချယ်လို့ မရပါဘူး။
ဒါကြောင့် စိတ်ချယုံကြည်ရသူ တစ်ဦးဦးနှင့် ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ နှုတ်ကပတ်တော်နှင့်ပြန်လည်ကုသပါ။
ဆွေးနွေးတိုင်ပင်သောသူဟာလည်း ထိုအမှုအရာကနေလွတ်မြောက်ခဲ့သူဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ကိုယ့်ရဲ့ခန္ဒာဟာ ဘုရားသခင်ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ရာ အဖိုးခပေးရွေးဝယ်သော သန့်ရှင်းတဲ့ဗိမ္မာန်တော်ဖြစ်တယ်လို့သိမှတ်ကြပေမယ့် ထာဝရဘုရားသည် သန့်ရှင်းသောဘုရားဖြစ်တယ်ဆိုတဲ့ အဓိကအချက်ကို မေ့လျော့နေတတ်ကြပါတယ်။
ထိုမှသာ “ငါသန့်ရှင်းသည်အတိုင်း သင်တို့လည်းသန့်ရှင်းခြင်းရှိကြလော့” ဆိုတဲ့နှုတ်ကပတ်တော်ကို သိမှတ်စွဲလမ်းနိုင်မှာဖြစ်ပါတယ်။

ချစ်သော ညီငယ် ညီမငယ်တို့ ဒီလောကကြီးရဲ့ entertainment တွေကို ဆင်ခြင်ကြည့်ရအောင်။
လက်ရှိနားထောင်နေတဲ့ လောကသီချင်းတွေမှာ လိင်အသားပေးစာသားတွေ၊ လိင်ဆက်ဆံခြင်း၊ ကာမစိတ်ကိုလှုံဆော်ပေးတဲ့ စာသားတွေကို သတိပြုမိပါသလား။
လက်ရှိကြည့်နေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ လူငယ်ဘဝမှာ လိင်ဆက်ဆံတာ ပြဿနာမဟုတ်ဘဲ၊ စမ်းသပ်လုပ်ဆောင်သင့်တဲ့အရာတခုလို့ အားပေးကြော်ညာ နေတာကိုရော သတိထားမိပါသလား။

နားထောင်လို့ကောင်းလို့၊ သံစဉ်ကိုကြိုက်လို့၊ ဇာတ်လမ်းကကောင်းလို့၊ ကိုယ့် idol ကြီးကွ ဆိုပြီး အားပေးကာ နောက်သို့လိုက်နေဆဲပဲလား။
သခင်ယေရှုရဲ့ တရားဒေသနာ နားထောင်လို့မကောင်းဘူးလား။ သခင်ယေရှုရဲ့ အသက်ရှင်နေထိုင်ခဲ့ပုံကိုရောမကြိုက်ဘူးလား။ သခင်ယေရှုရဲ့သက်တော်စဉ်ကရော ညည်းငွေ့စရာကြီးလား။ သခင်ယေရှုနောက်တော်လိုက်ဖို့ ယနေ့ထိ သူဟာသင့်အတွက်လေးစားအားကျစရာ “လူသား” တစ်ယောက်မဟုတ်သေးဘူးလား။

“You are what you eat”
“သင်စားသည့်အတိုင်း သင်ဖြစ်တယ်”
ဒါကြောင့် ကျွန်တော်တို့ဘာတွေစားသုံးနေကြလဲ။
လောကအရာတွေ စားသုံးနေသရွေ့ လောကနဲ့တူနေမှာပါပဲ။
“အပြာ” ကိုစားသုံးရင် “အာသာ”ဖြေချင်လာပါလိမ့်မယ်။
“အာသာ” ကိုဆက်ကာ စားသုံးရင် “တဏှာ”ဟာ ထကြွလာပါလိမ့်မယ်။
“တဏှာ” ဆက်ပြီးစားသုံးနေသေးရင်တော့ သင့်ရဲ့”ခရစ်ယာန်အသက်တာ” ဟာ လောကနဲ့အလားသဏ္ဍာန်တူလာပါလိမ့်မယ်။
“ငါသန့်ရှင်းသည်အတိုင်း” ဆိုသည်နှုတ်ကပတ်တော်ရဲ့တဖက်မှာသင်ရှိသွားပါလိမ့်မယ်။

“ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။”

“သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း၊ ငါ့မယားသည် သူတစ်ပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတစ်ပါးသည် ငါ့မယားကို ရှုတ်ချပါစေ။”

“အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။”

“ပညာတရားကို နှစ်သက်သောသူသည် မိမိအဘကို ဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်သောသူမူကား၊ ဥစ္စာ ပြုန်းတီးတတ်၏။”

“ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။”

“အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။”

တခဏတာကြည့်မိခြင်းဟာ တသက်တာလုံးမှာ စွဲလမ်းစေနိုင်တာကိုသတိပြုပြီး သခင့်ကို အစဉ်မြော်ကြည့်ကာ အထက်အရပ်ကိုသာစွဲလမ်းလျက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့မစခြင်းနဲ့ ဤလောကကြီးမှာ သန့်ရှင်းသောအသက်တာ၌ကျင်လည်မွေ့လျော်တတ်ပါမည်အကြောင်း…….

မေတ္တာဖြင့်
The Bookshelf Project.

You may subscribe this Telegram Channel as well: https://t.me/bookshelfproject