COVID-19 မြန်မာပြည်ကိုစတင်ဝင်ရောက်လာချိန်မှာ အသင်းတော် အားလုံးနီးပါးဟာ ဘုရားကျောင်းအဆောက်အဦးထဲ အတူတကွ ဝတ်ပြုကိုးကွယ်ရခြင်းအမှုမှာရပ်တန့်သွားခဲ့ပါတယ်။
ဒါဟာ အခုချိန်ထိပါပဲ။
ဒီလိုဖြစ်လာတော့ အားလုံးသိတဲ့အတိုင်းပဲ အင်တာနက် အွန်လိုင်း ကနေ ဝတ်ပြုခြင်း အစီအစဉ်တွေ အသက်ဝင်လာကြပါတော့တယ်။ တချို့ကြတော့ နည်းပညာနဲ့ပတ်သက်လို့ အတွေ့အကြုံ၊ အခက်အခဲရှိကြတော့ ချက်ခြင်းအကောင်အထည်မဖော်နိုင်ခဲ့ကြပါ။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိယုံကြည်သူတွေဟာ အွန်လိုင်းအခြေပြုကိုးကွယ်ခြင်းကို ယနေ့ထိအသုံးပြုနေရကြတုန်းပါပဲ။
~ ကိုးကွယ်ခြင်းမှာ ကိုဗစ်ဟာ ပြဿနာလား? ~
ကိုဗစ်ဟာ တကမ္ဘာလုံးအတိုင်းအတာပြဿနာပါ။
သို့သော်ကိုးကွယ်ခြင်းမှာတော့ ကိုဗစ်ထက် ကြားနာရတဲ့ဒေသနာနှင့်နာယူတဲ့အသက်တာ မှာတော့ ပြဿနာရှိပါတယ်။
အွန်လိုင်းကနေ တရားဟောတာ မထူးဆန်းပါ။ ပြဿနာမဟုတ်ပါဘူး။
သို့သော် ကိုဗစ်ရှည်ကြာလာသည်နှင့်အမျှ ဒေသနာဝေမျှမှုတွေမှာ မေးခွန်းထုတ်စရာတွေရှိလာပါတော့တယ်။
~ ရှေ့နောက်ညီရဲ့လား? ~
မြန်မာပြည်မှာ နာမည်ကြီးတရားဟောဆရာတွေ အမြောက်အများရှိကြပါတယ်။ လေးစားဖွယ်ရာ၊ သင်ယူစရာဆရာသမားတွေအများကြီးရှိသလို သတိထားစရာ၊ အသေချာနားစွင့်စောင့်ကြည့်သင့်တဲ့ ဆရာများစွာလည်းရှိပါတယ်။
ဒီကနေ့ခေတ် လူတိုင်းလက်ထဲမှာ မိုဘိုင်းလ်ဖုန်း ရှိနေသောကြောင့် တရားဟောချက်ပေါင်းများစွာကို အချိန်မရွေး အွန်လိုင်းကနေ နားဆင်ခံယူနေနိုင်ပါတယ်။
သခင်ဘုရားရဲ့ဧဝံဂေလိတရားအတွက် ဒီအခွင့်အရေးကို လက်လွတ်မခံတဲ့သူရှိသလို၊ Facebook မှာ follower ကျ မသွားရေးအတွက် ချော့တရားဟောကြားသူများလည်းရှိနေဆဲပါပဲ။
အထက်ကပြောခဲ့သလို ဆရာသမားများပါတယ်။ များလို့လည်း သားသေ အဖြစ်တွေကလည်းရှိနေလျက်ပါပဲ။ တချိန်က ကျန်းမာချမ်းသာဒေသနာကို အမေရိကားကဆရာသမားတွေရဲ့စာအုပ်အာဘော်ကို သဘောကျ ဟောပြခဲ့သူတွေဟာ ဒီနေ့ဒုက္ခလှလှကြုံရတဲ့အခါ တရားတွေပြောင်းဟောလာပါတော့တယ်။ အထူးသဖြင့် မဿဲ ၂၄ ကိုအခြေပြုလျက်ဟောပြောကြသည်။
ထိုနှုတ်ကပတ်တော်ကို ဟောခြင်းအရာမှားသည်ဟုမဆိုပါ။ အချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဟောပြောနေရမည်မှာ သခင်ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်နေရပါမယ်။
အချိန်တိုင်းကွက်ပြီးတော့ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်၊ တိုးပွါးခြင်းအရာတခုကိုသာ အရမ်းကိုဦးတည်နေခြင်းက မဖြစ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ပျက်မြဲပျက်ဆဲဖြစ်နေသော ဤလောကကြီးသည် ပျက်စီးခြင်းကိုသာဦးတည်နေသောကြောင့်ပင်။
တရားဟောဆရာက သန်းကြွယ်သူဌေးဖြစ်နေပြီး တရားနာသူက ကုန်းကောက်စရာမျှပင် မရှိလျင် ကနဦးအသင်းတော်ရဲ့သက်သေကိုစိုးစဉ်းမျှ မဆင်ခြင်သောအနေအထားပင်။
ဒုက္ခကိုမည်သူမျှမနှစ်သက်ပါ။ မနှစ်သက်သောကြောင့် အဲ့အကြောင်းကို မဟောဘူးလို့တော့ မလုပ်လိုက်ပါနှင့်။ အခု ဒီစာကိုဖတ်နေချိန်မှာတောင် ဒုက္ခထဲကနေပဲလေ။ မမေ့ပါနဲ့ သခင်ယေရှုပင်လျင်ခံစားခဲ့ဖူးသလို၊ ကြုံတွေ့နေတဲ့သင့်ကို ကြင်နာတဲ့သခင်ဖြစ်ပါတယ်။ ဒါဟာ ကျေးဇူးတော်ပါ။
~ တရားကိုကြားခြင်းနှင့်တရားနာခြင်း ~
အွန်လိုင်းဒေသနာတွေ နေ့တိုင်းကိုကြားရပါတယ်။ နေ့တိုင်းကိုလည်း နားထောင်ကြပါတယ်။
နေ့တိုင်းဟောပြောပေးတဲ့ ဆရာသမားတွေကိုလည်း လေးစားပါတယ်။ သို့သော် ကြားရသောတရားဒေသနာသည် နှုတ်ကပတ်တော်နှင့်ညီရဲ့လားဆိုသည်ကို သတိပြုရမှာ သင့်တာဝန်ဖြစ်ပါသည်။
နာမည်ကြီးခြင်းက သင့်ကို မကယ်ပါ။ အဟောကောင်းခြင်းကလည်း သင့်ကိုမလွတ်မြောက်စေပါ။
ဘုရားက နှုတ်ကပတ်တော်အားဖြင့် သင့်ကို သုံးမှာပါ။
သင်က နှုတ်ကပတ်တော်ကို မသုံးရင် ဘုရားရဲ့အသံသင်ကြားနိုင်မှာမဟုတ်ပါ။
ဆရာရဲ့အသံနေ့တိုင်းကြားပြီး ဘုရားအသံ မကြားသေးသ၍ သင်တိုင်ပတ်ပြီး ရွာလည်နေဦးမှာပါ။
“ဆရာပြောသွားတာ ကွက်တိပဲ”
“ဒီညတရားဟောချက် ဟတ်(heart)ထိတယ်ကွာ”
“ငါ့ကိုပြောသွားသလိုပဲ”
“အရမ်းရယ်ရတယ်”
စတဲ့ မှတ်ချက်တွေထွက်လာပေမယ့် နားထောင်လာနေတဲ့ တလျှောက် နှမ်းထွက်ကမှန်းချက်နဲ့ကိုက်မလာခဲ့။
နှုတ်ကပတ်တော်ကို နေ့ညမပြတ်ဆင်ခြင်နေသူ ယုံကြည်သူတယောက်အဖို့ ဘုရားသခင်နဲ့ကျွတ်ဆတ်တဲ့ မိဿဟာရမရှိပါ။ လတ်ဆတ်တဲ့မိဿဟာရသာရှိပါတယ်။
မလတ်ဆတ်တဲ့တရားနဲ့ မလတ်ဆတ်တဲ့ အသက်တာမှာ ရှင်သန်နေမိရင် ယခုပင်ထွက်ခဲ့လိုက်ပါ။
သင်အသက်တာတွက် အကျိုးကိုတကယ်လိုချင်ရင်ပေါ့။
~ ကင်းကင်းရှင်းရှင်း ခရစ်ယာန်ပျင်း ~
ဘုရားကျောင်းတွေ မတက်ရလို့ အွန်လိုင်းကနေကြိုးစားပမ်းစားနဲ့ ဒေသနာဝေမျှပေးတာတောင်မှ စိတ်ပါဝင်စားမှုမရှိတဲ့ တဖွဲ့ရှိပါသေးတယ်။
ပြောပါသေးတယ် “အွန်လိုင်းကနေ မကိုးကွယ်ခြင်ဘူးကွာ” တဲ့။
ကိုယ်တိုင် သမ္မာကျမ်းစာလေ့လာလားဆိုတော့လည်း ကျမ်းစာအုပ် တောင်ဘယ်နားထားမိမှန်း မသိသူတွေ။
ဆုတောင်းခြင်း၊ မိဿဟာရဖွဲ့ခြင်းတွေမှာဆိုရင် ဘယ်တော့မှ ရှာမတွေ့။
အိမ်ပြင်မှာ ခြင်္သေ့ ရှိတယ်ဆိုတဲ့ ဆင်ခြေသုံးတတ်သူတွေပေါ့။
ပျင်းလွန်းပြီး ဖျင်းလွန်းတဲ့ မှတ်ပုံတင်ခရစ်ယာန်ဖြစ်ဖို့ သခင်အလိုမရှိပါ။
~ နာ၍ကျင့်သောသူ ~
“မှန်” ကို ၁၀မိနစ်လောက်ကြည့်ခဲ့ပြီး စက္ကန့်အနည်းငယ်ကြာတဲ့အခါ ကိုယ်ဘာကိုဝတ်ဆင်ထားလဲဆိုတာ မေ့သွားခဲ့ရင် ပြဿနာက “မှန်” (Mirror) မှာ မဟုတ်ပါ။
မှန်ကို အကြာကြီးကြည့်ပြီး သဏ္ဍာန်ကိုမေ့တဲ့ကိုယ့်မှာသာ ပြဿနာရှိနေတာပါ။
ခရစ်ယာန်ပါလို့ ပြောတိုင်းလည်း ခရစ်တော်ကဲ့သို့ အသက်ရှင်ဖို့မေ့နေရင် ခရစ်တော်နဲ့ခရစ်တော်ရဲ့ဒေသနာမှာ ပြဿနာမရှိပါဘူး။
ခရစ်တော်ရဲ့ဒေသနာကို နာနေတဲ့ ခရစ်ယာန်မှာသာ ချို့ယွင်းမှုရှိနေတာပါ။
ယေရှုခရစ်တော်၏နာမတော်ကို နေရာတကာမှာ နှုတ်ကနေ မချစတမ်းပြောဆိုနေတာထက် အသက်တာမှာ အမြဲယူတင်ဝတ်ဆောင်နေဖို့ ပိုပြီးအရေးကြီးပါတယ်။ လူတယောက်က သင့်ရဲ့အပြောထက် အသက်ရှင်နေထိုင်မှုကို ပိုသတိထားတတ်ပါတယ်။
အကောင်းတွေပြောပြီး အဟောင်းတွေထဲမှာ ရှင်သန်နေလို့တော့ ဘယ်ဖြစ်မလဲ။
တရားများများနာနေပြီးမှ မတရားမှုကများနေရင် ဒါဟာတရားကို တကယ်မနာသေးလို့ပါပဲ။
ချစ်သော ညီအစ်ကိုမောင်နှမတို့ သခင်ဘုရား၏နာမတော်အားရိုသေလေးမြတ်စွာဖြင့်
ဟောပြီး ပြီးရော
ကြားပြီး ပြီးရော အဖြစ်မျိုး မဖြစ်ကြဘဲ
အစဉ်ကိုးစားလျက် ကြိုးစားသောအသက်တာကိုလျှောက်လှမ်းအသက်ရှင်ကြရအောင်။
ဆင်ခြင်လျက်
The Bookshelf Project.
You may subscribe this Telegram channel: https://t.me/bookshelfproject
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။