သာသနာတော့ လုပ်ချင်ကြတယ်
ဒါပေမယ့်
သာသနာ တိုးပွားဖို့တော့ စိတ်မဝင်စားကြဘူး
ဘာကြောင့်လဲဆိုတော့
သာသနာပြုဖို့ စလိုက်ကတည်းက ကိုယ်အကျိုးစီးပွား တိုးပွားဖို့အတွက်ပဲဖြစ်နေတာကိုး။
မှတ်မိပါသေးတယ်
အင်ဂျင်နီယာကျောင်း(အင်ဂျင်နီယာတော့မဖြစ်ခဲ့)တက်ခဲ့တုန်းက မယုံကြည်သူ လျှပ်စစ်အင်ဂျင်နီယာ ဦးလေးကြီးတယောက်က “ဟရောင် .. မင်း တရားပဲ ဟောပါလား ဒါ(လက်ကနေပိုက်ဆံပုံလုပ်ပြလျက်)ခိုင်တယ်နော်။”
စိတ်ထဲမှာတော်တော်လေး လေးလံသွားခဲ့ပါတယ်။
သာသနာဟာ သူ့အမြင်မှာ ဝင်ငွေသာတဲ့အရာတခုထက်မပိုဖြစ်နေပါလား။
ဆိုတော့ကာ ဒီစက္ကန့်ပိုင်းအတွင်းပြောဖြစ်ခဲ့တဲ့စကားလေးတွေဟာ ထာဝရနဲ့ဆိုင်တဲ့အရာကို အကြီးအကျယ် မီးမောင်းထိုးပြနေလေရဲ့။
ဘာမှားနေတာလဲ။ သာသနာက လွဲချော်နေတာလား။
မဟုတ်ပါ။
အသက်တာနဲ့ ဒေသနာဟာ လွဲချော်နေကြတာပါ။
သခင်ဘုရားရဲ့ဒေသနာဟာ လွဲချော်မှုမရှိပါဘူး။ ပြည့်ဝစုံလင်ပါတယ်။
သခင်ဘုရားရဲ့အသက်တာဟာလည်း ပြည့်ဝစုံလင်ပါတယ်။
လွဲချော်မှုအပေါင်းမှာ သရဖူဆောင်းတာ သခင်မဟုတ်ပါဘူး။
“သခင် သခင်” လို့ ခေါ်ပြီး လုပ်ချင်တာလုပ်တဲ့ ကျွန်တော်တို့ရဲ့ အသက်တာသာသနာပါပဲ။
ဆရာသမားတချို့ကျိကျိတက်ချမ်းသာလာကြတယ်။
တချို့ စင်ကြယ်တဲ့စီးပွားရှိကြပါတယ်။
တချို့ကတော့ မစင်ကြယ်တဲ့ဩဝါဒနဲ့ စီးပွားဖြစ်လာပါတယ်။
ယားတတ်သောနားရှိသူတွေဟာ မစင်ကြယ်သောဩဝါဒရဲ့ အားဆေးပါ။
သာသနာထဲမှာ မရှိတဲ့သူတွေ (အမှုတော်ဆောင် မဟုတ်သော်လည်း လုပ်ငန်းခွင်ထဲမှာရှိနေသူများဟာလည်း) သာသနာကိုအားပေးတဲ့သူဖြစ်ရပါမယ်။ ကျေးဇူးတော်သာသနာမှန်ရင် သင် အားပေးကို ပေးရပါမယ်။
အားပေးဖို့ရာမှာလည်း ဩဝါဒဒေသနာကို အင်မတန်စစ်ဆေးဖို့လိုအပ်ပါတယ်။
#တမန်တော်ဝထ္ထု ၁၉:၂၀
ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
ယနေ့ တန်ခိုးနှင့်တိုးပွားပြီး အောင်မြင်ရမှာ သခင်ဘုရားရဲ့သာသနာတော်ပါ။
ကျွန်တော်တို့သာသနာမဟုတ်ပါဘူး။
အသက်တာမှာ ချမ်းသာ အောင်မြင်နေတိုင်း သခင့်တန်ခိုးတော်တိုးပွားခြင်း သခင့်သာသနာမဟုတ်ပါဘူး။
လောကမှာအောင်မြင်တာနဲ့ လောကကိုအောင်တာကမတူညီတဲ့အရာနှစ်ခုပါ။
ကြိုးစားမှုရလဒ်နဲ့ ယုံကြည်ခြင်းရလဒ်ကို ခွဲခြားသိမြင်တတ်ဖို့ အင်မတန်အရေးကြီးပါတယ်။
ယုံကြည်ခြင်းနှင့် အစပြုသောသာသနာမှာ ကြိုးစားအားထုတ်ဖို့လည်းလိုအပ်ပါတယ်။
ယုံကြည်ခြင်းနဲ့စခဲ့ပြီးမှ တပ်မက်ခြင်းနဲ့ဆုံးသွားဖို့က မဖြစ်သင့်ပါ။
သခင်နဲ့စသော သခင်နဲ့ဆုံးသော သာသနာဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၃:၃၀
ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
သခင့်တန်ခိုးနဲ့တိုးပွားအောင်မြင်တဲ့သာသနာဟာ
သခင့်တိုးပွားခြင်းကို တောင့်တတဲ့အသက်တာရှိသူပါ။
ကိုယ်အကျိုးစီးပွားအောင်မြင်ဖို့ အတွက်ဆိုရင်တော့ သင်သာသနာ မပြုပါနဲ့။
သခင့်နာမဟာ ကြီးမြတ်တယ်။ ကယ်တင်တော်မူသော နာမတော်ဖြစ်ပါတယ်။
ထိုနာမတော်အား သခင်စေခိုင်းဝေမျှသော သာသနာတော်ဖြင့် မြေကြီးတပြင်လုံးကြားသိစေပါ။
တိုးပွားစေပါ။
သင်သွား၍…….
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။