ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော် လူကြီးများနှင့် အသင်းသူ၊ အသင်းသားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဂျူးလူမျိုးများက ဘုရားသခင်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို လူသားများ သိရှိခံစားနိုင်စေဖို့အတွက် သူ့ကိုယ်စား မိခင်များကို ဤ ကမ္ဘာမြေကြီးသို့ စေလွှတ်ပေးတယ်လို့ မိခင်များကို တင်စားကြပါတယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများကတော့ မိခင်မေတ္တာဖော်ကြူးရာမှာ မိခင်မေတ္တာဟာ မြင့်မိုရ်တောင်ထက် မြင့်မားတယ်လို့ တင်စားကြပါတယ်။ သခင်ယေရှုကတော့ “ကိုယ်အဆွေတို့ အဖို့အလိုငှါ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သော မေတ္တာသည် အဘယ်သူ၌ မျှမရှိဘူး” လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီလိုမျိုး မေတ္တာမျိုးကို လူသား တွေထဲမှာ ဆိုရင် မိခင်တွေဆီမှာပဲ အများဆုံး တွေ့ရတဲ့ အတွက် ကျွန်တော် ယုံကြည်သူတစ်ယောက် အနေနဲ့ မိခင်များကို သက်စွန့်မေတ္တာပိုင်ရှင်များလို့ တင်စားချင် ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တွေရဲ့ ဘဝအခြေအနေ များဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့ အတွက်ကြောင့် မိမိတို့ရဲ့ သားသမီးများကို ချစ်ခြင်းမေတ္တာ ပေးပုံ ပေးနည်းခြင်း မတူညီကြပါဘူး။
လောကီပညာကိုကောင်းမွန်စွာ သင်ယူတတ်မြောက်ပြီး ချမ်းသာကြွယ်ဝသော မိခင်များက မိမိတို့ရဲ့ အချိန်၊ ဥစ္စာ၊ ဘဏ္ဍာ တွေကို သားသမီးများရဲ့ ကောင်းမွန်စွာ နေရေး၊ စားရေး၊ ဝတ်ရေး၊ ပညာရေးတို့ အတွက် ပုံအောပြီးရင်းနှီးတတ်ကြပါတယ်။ လောကီပညာ မပြည့်စုံဘဲ ဆင်းရဲချို့တဲ့ တဲ့ မိခင်များလည်း ရှိပါတယ်။ ထိုမိခင်များဟာ မိမိတို့ ပညာမပြည့်စုံပေမယ့် သားသမီးများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ပြီး ကျောင်းထားပေးကြတဲ့ မိခင်များလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ဆန္ဒတော့ရှိပေမယ့် ချမ်းသာတဲ့ မိခင် များလိုတော့ သားသမီးတွေကို ပြည့်စုံအောင် မထားပေးနိုင် ကြပါဘူး။ တစ်ချို့မိခင်များကတော့ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့သားသမီးကို တခြားတတ်နိုင်တဲ့ မိသားစုဆီဖြစ်ဖြစ်၊ မိဘမဲ့ ဂေဟာဆီပဲဖြစ်ဖြစ် မွေးစားဖို့အတွက် ရင်ရင်နာနာနဲ့ အပ်ပေးလိုက်ရ တဲ့ မိခင်များလည်းရှိပါတယ်။ သူတို့ဒီလိုလုပ်ခြင်းဟာ သားသမီးများ ကောင်းစားဖို့အတွက် မလွှဲသာမရှောင်သာ လုပ်လိုက် ရခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်များတစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်း မေတ္တာ ပေးပုံပေးနည်း နှင့် ဘဝအခြေအနေတွေ မတူညီကြ ပေမယ့် မိခင်မေတ္တာရဲ့ ကြီးမားပုံ၊ နက်ရှိုင်းပုံခြင်းကတော့ အတူတူပဲ ဖြစ်ပါ တယ်။ တစ်ချို့မိခင်ကြီးများကတော့ ဝမ်းနဲ့လွယ်မမွေးရပေမယ့် ကျွန်တော်တို့ရဲ့ ဘဝမှာ မားမားမတ်မတ်ရပ်တည်နိုင်အောင်၊ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကျွေးမွေးစောင့်ရှောက် ပြုစုပျိုး ထောင်ပေးတဲ့ ကျွေးမိခင်များပဲဖြစ်ကြပါတယ်။ထိုမိခင်ကြီး များကို လည်း အသိအမှတ်ပြု၊ ဂုဏ်ပြုထိုက်ပါတယ်။
ဒီနေ့ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့ မဟာလူသားကြီး များ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ပါတယ်။ သူတို့ လောကကြီးမှာ ကြီးမားတဲ့၊ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကြီးတွေကိုလုပ်တဲ့ အခါမှာ သူတို့ရဲ့ မိခင်များဟာ အရေးကြီးတဲ့ ကဏ္ဍမှာပါဝင်နေတယ် ဆိုတာ တွေ့ရပါတယ်။ ပထမတစ်ယောက် အနေနဲ့ မောရှေဟာ ငယ်စဉ်ဘဝ မှစ၍ ခေါင်းဆောင်မှုစွမ်းရည်ကို မိခင် ယောခေဗက်ရဲ့သင်ကြားပေးမှုကြောင့် ဘုရားသခင်၏ ရွေးချယ်အသုံးပြုခြင်းကို ခံခဲ့ရပြီး ဣသရေလ (အစ္စရေး) တစ်မျိုးသားလုံးကို ကျွန်ခံရာ အဲဂုတ္တုပြည်(အီဂျစ်)မှ ခေါ်ထုတ်ရာမှာ ခေါင်းဆောင်ကောင်းတစ်ယောက် အနေနဲ့ လူမျိုးတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ပါတယ်။
ခေတ်အဆက်ဆက် စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဣသရေလ နိုင်ငံဟာ ရှောလမုန်မင်းကြီးလက်ထက်မှာ တိုင်းပြည် စည်ပင်သာယာ ဝပြောပြီး ငြိမ်းချမ်းမှုအတိ ဖုံးလွှမ်းခဲ့ပါတယ်။ ဒီလိုမျိုး ရန်သူ့နိုင်ငံတွေနဲ့ ရန်ငြိမ်းပြီး တိုင်းပြည်ကို လိမ္မာပါးနပ်စွာ စီမံအုပ်ချုပ်နိုင်ခြင်း ဟာ ဘုရားသခင်ထံတော်မှ ဉာဏ်ပညာဆုကျေးဇူးကြောင့်ပါသလို မိခင် ဗာသရှေဘရဲ့ ကောင်းမွန်စွာပြုစုပျိုးထောင်ပေးခဲ့မှုကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါ ပါတယ်။ နတ်ဆိုးစွဲနေတဲ့ သမီးအတွက် လူများအရှေ့မှာ မကြောက်မရွံ့ဘဲ မိမိအရှက်နဲ့ သိက္ခာကို ခဝါချပြီး ဇွဲမလျှော့ဘဲ တောင်းပန်နေခဲ့တဲ့ ခါနာန် အမျိုးသမီးကြီးရဲ့ယုံကြည်ခြင်းနဲ့ မိခင်မေတ္တာဟာ သခင်ယေရှု ကိုယ်တော်တိုင် အသိအမှတ်ပြုရလောက်အောင် ကြီးမားတယ် ဆိုတာကို လေးစားဖွယ်တွေ့ရှိရပါတယ်။
ကျွန်တော်တို့အားလုံးရဲ့ ကယ်တင်ရှင် သခင်ယေရှုဘုရားရဲ့ သက်တော်စဉ်မှာဆိုရင်လည်း ပဋိသန္ဓေတည်ချိန်မှစ၍ သားတော်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ကားတိုင်ထက်တွင် သက်တော်စွန့်သည်အထိ သားတော်နှင့်အတူဒုက္ခခံခဲ့တဲ့ မယ်တော် မာရိကြောင့် ဖခမည်းတော် စေခိုင်းတဲ့ အမှုတော်မြတ်ကို ပြီးစီးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူလူချင်း ခွဲခြား ဆက်ဆံခဲ့တဲ့ ကျွန်စနစ်ကြီး ပပျောက်သွားအောင် စွမ်းဆောင် နိုင်ခဲ့သူ အမေရိကန်သမ္မတ Abrahim Lincoln က “ သူအခုလိုမျိုး ရပ်တည်နေနိုင်ခြင်း နှင့် သူ့ရဲ့ မျှော်လင့်ချက်အိပ်မက်များဟာ သူ့ရဲ့ ကောင်းကင်တမန် မေမေ့ကြောင့်ဖြစ်တယ်” လို့ဆိုပြီး သူ့အမေကို ဂုဏ်ပြုသွားခဲ့ပါတယ်။
ကျွန်တော့်မှာလည်း ထိုပုဂ္ဂိုလ်ကြီးများလိုမျိုး ချစ်မြတ်နိုးရပြီး လေးစားအတုယူရတဲ့ ကျွန်တော်ဂုဏ်ပြုချင်တဲ့ မိခင် (၄) ဦးရှိပါ တယ်။
ပထမတစ်ယောက်ကတော့ ကျွန်တော့်ကို ဒီလောကကြီးထဲကို မွေးထုတ်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ကျေးဇူးရှင်၊ လက်ဦးဆရာဖြစ်တဲ့ ချစ်မေမေပဲ ဖြစ်ပါတယ်။ မေမေက ငယ်စဉ်ဘဝထဲက ဆင်းရဲချို့တဲ့ စွာနေထိုင်ခဲ့ရပြီး ဘဝကို ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် လောကီပညာ မပြည့်စုံခဲ့ပါဘူး။ ဒါပေမယ့် အမေ့ရဲ့သား အဖြစ် မွေးဖွားခွင့်ရခဲ့လို့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းလို့ မဆုံးနိုင်သလို ဂုဏ်ယူလို့လည်းမဆုံးပါဘူး။ ကျွန်တော့်ကို အကျင့် စာရိတ္တကောင်းမွန်အောင်၊ လူကြီးမိဘဆရာသမားများကို ရိုသေ လေးစားတတ်အောင် ပထမဦးဆုံး သင်ကြားပေးခဲ့သူဟာ မေမေပါပဲ။ အခုထိလည်း သင်ကြားဆုံးမနေတုန်းပါပဲ။ လောကီပညာ မပြည့်စုံခဲ့တဲ့ ကျွန်တော့်ရဲ့ မေမေဟာ ပညာတကာတို့ရဲ့ အထွတ် ထိတ်ဖြစ်သော၊ ပညာ၏အချုပ်အချာဖြစ်သော ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကို အမေကသာ ပထမဦးဆုံးပေးတဲ့သူပါ။ အမေ့ကြောင့် စစ်မှန်ပြီးအသက်ရှင်တော်မူသော ထာဝရ ဘုရားသခင်ကို သိကျွမ်းခွင့်ရခဲ့ပြီး ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည်သာ ပညာ၏အချုပ်အချာဖြစ်တယ် ဆိုတဲ့ ယုံကြည်ခြင်းမျိုးစေ့ကို ရရှိခဲ့ပါတယ်။ ဒီပညာကို အခုကျွန်တော် သင်ကြားနေတဲ့ အဆင့်မြင့်ပညာများထက် တန်ဖိုးထားပါတယ်။ ကျွန်တော်အခု ဘွဲ့ထပ်ရတော့မယ်။ ကျောင်းပြီးလို့ အလုပ်လုပ်တဲ့ အခါ တစ်နေ့ကျွန်တော် အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီးကြီးပွားသွားရင်တောင် အမေ့နို့တစ်လုံးဖိုးစာတောင် ဆပ်လို့ကျေနိုင်မှာ မဟုတ်ပါဘူး။ အမေ့ကို ကျေးဇူးအများ ကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။
နောက်မိခင်တစ်ယောက်ကတော့ ဘုရားသခင်ရဲ့ အလိုတော်အရ လောကီပညာကို ကြိုးစား၍လေ့လာဆည်းပူးရမည် ဟု နှုတ်ကပတ်တော်လာသည်နှင့်အညီ ကျွန်တော့်ရဲ့ ပညာရေးကို ငယ်စဉ်ကတည်းက တက္ကသိုလ်ကျောင်းသားဖြစ်သည်အထိ ဂရုတစိုက် ကြပ်မတ်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ကြီးတော်ပဲဖြစ်ပါတယ်။ ကျွန်တော့် ကြီးတော်ကအပျိုကြီးဖြစ်ပေမယ့် ကျွန်တော့် အတွက်တော့ အမေပါဘဲ။ ဘဝအကြောင်းနားလည်အောင် သွန်သင်ပေးပြီး ဘဝမမေ့ဘဲ ပညာရေးကိုကြိုးစားအားထုတ်တတ်ဖို့၊ စည်းကမ်းရှိရှိ နေထိုင်အသက်ရှင်တတ်ဖို့၊ အလုပ်ကိုလုပ်ချင်ကိုင်ချင် စိတ်ရှိဖို့ စနစ်တကျပြုစုပြိုးထောင်ပေးလို့ကျွန်တော် အခုလိုရပ်တည် နိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကြီးတော်ကို ကျေးဇူးတင်ပါတယ်။
နောက် မိခင်တစ်ယောက်ကတော့ ဘယ်ခရီးကပဲ ပြန်လာ ပြန်လာ ကျွန်တော့်ကို ဘယ်တော့မှ မမေ့ဘဲ ကျွန်တော့်အတွက် လက်ဆောင် ပစ္စည်းတွေဝယ်လာလေ့ရှိတဲ့ ကျွန်တော့်ရဲ့ အန်တီပဲ ဖြစ်ပါတယ်။ အန်တီဟာ ကျွန်တော် အဆင့်မြင့် ပညာဆည်းပူး နေရ ချိန်တစ်လျှောက်၊ ဒီနေ့ထိတိုင် ကျွန်တော့်အတွက် လစဉ်မုန့်ဖိုး ကို မပြတ်ထောက်ပံ့ပေး ပါတယ်။ နိုင်ငံခြား အလည်သွားတဲ့အခါမှာ လည်း စရိတ်စကကြီးမားလှတဲ့ နေထိုင်စရိတ်၊ လည်ပတ်စရိတ်၊ စားသောက်စရိတ်၊ လေယာဉ်စရိတ်များအားလုံး အကုန်အကျ ခံရလောက်အောင် ကျွန်တော့်ကို အောက်မေ့ပါတယ်။ အမြင်မတော်တာတွေ တွေ့ရင်လည်း အမုန်းခံပြီး ဆိုဆုံးမတဲ့ ကျွန်တော့်ရဲ့ အန်တီကိုလည်း အမေတစ်ယောက် အဖြစ် ဂုဏ်ပြုချင် ပါတယ်။ အန်တီသူကို ကျေးဇူးတင်ပါတယ်။
နောက်ဆုံးမိခင်တစ်ယောက်ကတော့ ကျွန်တော့်ကို ညီအစ်ကို မောင်နှမများကြားထဲမှာ မျက်နှာမငယ်ရဖို့နဲ့ လူရှေ့မှာ မျက်နှာရဖို့ ယုံကြည်ခြင်းအမွေကို ရှေးဦးစွာပေးပြီး ကျွန်တော့်ကို ကျွေးမွေး စောင့်ရှောက်လျက် ကောင်းမွန်သော အဝတ်အစားများကိုသာ ဆင်ယင်ပေးတတ်တဲ့ ကျွန်တော့်ရဲ့အဖွားပဲဖြစ်ပါတယ်။ အဖွားက အဝတ်အစားကောင်းများကို ဆင်ယင်ပေးရုံသာမက လောကမှာ အသက်ရှင်စဉ် လောကီပညာကို ကြိုးစား၍လေ့လာဆည်းပူးရမည် ဟု ဘုရားသခင်၏နှုတ်ကပတ်တော်လာသည်နှင့်အညီ ကျွန်တော် ငယ်စဉ်ဘဝမှ အဆင့်မြင့်ပညာများသင်ကြားခဲ့တဲ့ ပညာသင်ကာလ တစ်လျှောက်လုံး ကုန်ကျခဲ့တဲ့ ပညာသင်စရိတ်တွေကို အဖွားတစ်ဦး တည်းက သာ အဓိကပံ့ပိုးပေးခဲ့ပါတယ်။အခုလည်း ပံ့ပိုးပေးနေတုန်း ပါဘဲ။ ကျွန်တော့်ဘဝတိုးတက်ကောင်းစားရေးအတွက် တစ်ခုတည်း သောလမ်းဖြစ်တဲ့ ပညာကို အဖွားကြောင့်သာ မျက်နှာမငယ်ရဘဲ ပြည့်ပြည့်စုံစုံ သင်ကြားခွင့်ရခဲ့ တဲ့အတွက် အဖွားကိုလည်း ကျွန်တော့်ရဲ့ အမေတစ်ယောက်အဖြစ် ဂုဏ်ပြုချင်ပါတယ်။ အဖွားကို ကျေးဇူးတင်ပါတယ်။
ယနေ့ မေလ (၉) ရက်နေ့မှာ ကျရောက်တဲ့ Happy Mothers’ Day မှာ အမေများအားလုံးအတွက် “တောလည်ရာကျမ်း ၆း၂၄-၂၆” ထဲက အတိုင်းဂုဏ်ပြုဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ထာဝရဘုရားသည် အမေများကို ကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။
ထာဝရဘုရားသည် အမေများပေါ်၌ မျက်နှာတော် အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
ထာဝရဘုရားသည် အမေများကို မျှော်ကြည့်၍ ချမ်းသာ ပေးတော်မူပါစေသော။
အသက်ရှင်တော်မူသော သခင်ယေရှု၏ နာမတော်မြတ်၌ ဆုတောင်းမေတ္တာပို့သရင်း အမေများကို ဂုဏ်ပြုလိုက်ပါတယ်။
Happy Mothers’ Day ပါ ခင်ဗျာ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John The Beloved နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။