ယနေ့ ကျွနိုပ်တို့ ယုံကြည်သူ ခရစ်ယာန်တို့သည် လောကသားများနည်းတူ ပြုမူကျင့်ကြံ အသက်ရှင်နေထိုင်နေကြသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်တော် အလိုရှိသော အသက်တာ မဟုတ်ပေ။ “ယုံကြည်သူ” ဟု မိမိကိုယ် မိမိခေါ်နေသော ခရစ်ယာန်များသည် အမှန်တကယ် အပြောနှင့်အလုပ်ညီသူများ တဖြည်းဖြည်း နည်းပါးလာကြသည်။ ယုံကြည်ခြင်း၊နာခံခြင်းများ လျော့ရဲလာကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်တို့ ထာဝရအသက်ရရုံ သက်သက်မဟုတ်ပေ။ လောက၌ အောင်မြင်ဖို့ရန်၊ ဝမ်းမြောက်ဖို့ရန်၊ ငြိမ်သက်ခြင်းနှင့်ပြည့်စုံစေဖို့ရန် နှင့် အထူးသဖြင့် သမ္မာတရားကိုသိဖို့(အလိုတော်ကိုနာခံလိုက်လျှောက်ဖို့)ရန် ဖြစ်ပါသည်။ ယေရှုခရစ်တော်သည်လည်း လောက၌ လူဇာတိခံ၍ လူသားများအတွက် အသက်အသေခံပေးဆပ် ကယ်တင်ခြင်း နှင့် တရားတော်တို့ကို သွန်သင်ခြင်းအမှုအရာတို့မှာ ကိုယ်အလိုအလျောက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်သည်လည်း ကျွန်ုပ်တို့ အားလုံး၏ အပြစ်များအတွက် ကယ်တင်ခြင်းအမှုကို ပြုခဲ့သည်မှာ လွယ်ကူလွန်းခဲ့သည် မဟုတ်ပါ။ နာခံခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊မဟုတ်မမှန် စွတ်စွဲခံရခြင်း၊ ငြူစူခံရခြင်း၊ ဆဲရေးခံရခြင်း၊ ရိုက်ပုတ်ခံရခြင်း၊ ကဲ့ရဲ့အပြစ်တင်ခံရခြင်း စသော မတရားမှုများနှင့်အတူ လေးလံလွန်းလှသော လက်ဝါးကပ်တိုင်ကို ဝေးလံသော ဂေါလဂေါသကုန်းမြင့် အထိတိုင် ထမ်းပိုးလျက် ချွေးစက်၊ သွေးစက်တို့ မြောက်များစွာ မြေပေါ်ကျခဲ့သည်။ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လဲကြခဲ့သည်။ ဤသို့ ကျွန်ုပ်တို့ အားလုံး၏ အပြစ်အကြွေးအတွက် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။– ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။– ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။– ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။– အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။“
ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၇–၂၁။
“ခရစ်တော်၌တည်သောသူ” ခေါင်းစဉ်အောက်၌ ခေါင်းစဉ်ငယ် (၃)ခုဖြင့် ဆက်လက်ဖော်ပြသွားပါမည်။
ပထမအချက်မှာ – “အသစ်ပြုပြင်သောသတ္တဝါဖြစ်သည်”
ခရစ်တော်၌တည်သောသူသည်အသစ်ပြုပြင်ခြင်းခံရသောသူဖြစ်ပါသည်။ အခန်းငယ်(၁၇)၌ဖော်ပြထားပါသည်။ မှန်ပါသည် ကျွန်ုပ်တို့သည် ယေရှုခရစ်အား မိမိတို့ ဘဝ၌ကယ်တင်ပိုင်ရှင် ဘုရားအဖြစ် လက်ခံယုံကြည်သောအခါ ဘဝဟောင်းမှ အကျင့်စရိုက်များ၊ အပြစ်များ နှင့် အသက်တာသည် ခရစ်တော်ဘုရားနှင့်အတူ သေခဲ့ပြီးဖြစ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခင်က စိတ်တိုသောသူ၊ ရန်တွေ့သောသူ၊ အငြိုးထားသောသူ၊ မာနကြီးသောသူတို့အဖြစ်မှ စိတ်ရှည်သောသူ၊ သည်းခံနိုင်သောသူ၊ သူတပါးကို ကိုယ်ချင်းစာသောသူ၊ ဝမ်းမြောက်သောသူ၊ သူတပါးကို ချီးမြှောက်ကာ မိမိကိုယ်ကိုနှိမ့်ချသောသူအဖြစ်သို့ ယေရှုခရစ်အားဖြင့် ပြောင်းလဲလာပါသည်။ ဤသည်မှာ ကိုယ်အလိုအလျောက်ဖြစ်လာခြင်း မဟုတ်ဘဲ ကျွနိုပ်တို့ လက်ခံထားသော ယေရှုခရစ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဘုရားသခင် ပြုပြင်ပြောင်းလဲပေးခြင်းဖြစ်ပါသည်။
တစ်ခါက ရွာတစ်ရွာသို့ သမ္မာကျမ်းစာ သင်ကြားပေးဖို့ရန် ရောက်ရှိခဲ့ပါသည်။ ထိုရွာ၌ ကျွန်ုပ်တို့ ယေရှုခရစ်၏ ဧဝံဂလိတရားနှင့် ဘုရားသခင်၏ မေတ္တာတော်၊ ကောင်းမြတ်ခြင်း အကြောင်းများကို ဟောပြောသက်သေခံခဲ့ပါသည်။ ထိုသင်တန်းပြီးသည်နောက် ထိုည၌ပင် ပစ္စည်များသိမ်းဆည်းပြီး လာရောက်လုပ်အားပေးကြသော ညီအစ်ကိုများနှင့် စကားပြောနေကြစဉ် လူတစ်ဦးမှာ သက်သေခံချင်သည်ဟု ပြောလာပါသည်။ ထိုသူသည် ခရစ်ယာန်ဖြစ်သော်လည်း အရက်သေစာ သောက်စားပြီး အိမ်၌လည်း ဇနီးသည်နှင့် စကားများ ရန်ဖြစ်လေ့ရှိကာ အသင်းတော်မှလည်း မျက်နှာလွှဲခြင်းခံရသောသူဖြစ်သည်။ သင်တန်း၌ ဘုရားသခင်၏ မေတ္တာတော်ကို နားလည်၊ ခံစားလာပြီး သူ့အပြစ်တွေအတွက် ဝန်ချတောင်းပန်ကာ ဆုတောင်းခံခဲ့ပါသည်။ ကျွန်ုပ်တို့ အားလုံး ထိုသူအတွက် ဆုတောင်းပေးခဲ့ပါသည်။ နောက်ပိုင်းတွင် ပြန်လည်ကြားသိရသည်မှာ သူသည် အရက်သေစာကိုသောက်သုံးခြင်းမရှိတော့ဘဲ ဇနီးသည်နှင့်လည်း စကားများ ရန်ဖြစ်ခြင်းလျော့နည်းလာသည် ဟူ၍ဖြစ်သည်။ ထိုသူ၏အသက်တာသည် မျှော်လင့်ချက်မရှိသော၊ လူတကာ ငြိုငြင်သော အသက်တာဖြစ်ခဲ့ပါသည်။ သို့သော်လည်း သူ့အား ကယ်တင်ခြင်း သတင်းစကားကို ပြန်လည်ပြောကြားပြီး အသက်တာကို ခရစ်တော်၌ ပြန်လည်တည်ဆောက်စေခဲ့ပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် သူ့အထဲ၌ ကိန်းဝပ်လာသောအခါ သူ့အသက်တာသည် ပြောင်းလဲခဲ့ပါသည်။ ထိုသူသည် ယေရှုခရစ်ကို သူအသက်တာ၌ နေရာပေးခြင်း တနည်း သူ့အသက်တာသည် ခရစ်တော်၌တည်သောအားဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။
နှုတ်ကပတ်တော်၌လည်း ရှင်လုကာ(၁၉:၁–၁၀)တွင် ဇက္ခဲဆိုသူ အကြောင်းဖော်ပြထားပါသည်။ ထိုသူသည် အခွန်ခံဖြစ်သည်။ သူတပါး၏ ချွေးနည်းစာကို မိမိချမ်းသာဖို့၊ မှူးမတ်အရာရှိများထံ မျက်နှာရရေးအတွက် ညှာတာထောက်ထားခြင်းမရှိဘဲ ကောက်ခံသောသူဖြစ်သည်။ ထို့ကြောင့်လည်း လူတကာ မေးငေါ့ကာ ပစ်ပယ်ခြင်းခံထားရသူလည်း ဖြစ်သည်။ သူ့ဘဝမှာ အထီးကျန်ကာ အားငယ်နေသည်။ ထိုအချိန်၌ မေတ္တာတော်ရှင် ယေရှုခရစ်အကြောင်းကို ကြားသိခဲ့ရပြီး ထိုအရှင်သည် သူ၏မြို့သို့လာမည်ကို သိရှိခဲ့သည်။ သူ၌မျှော်လင့်ချက် အလင်းရောင်းသန်းလာသည်။ လူတွေ သူ့အား ပစ်ပယ်သော်လည်း ဘုရားရှင်ကတော့ သူကို လက်ခံပေးမည်ဟု ခံစားရသည်။ ထို့ကြောင့် သခင်ယေရှုကို တွေ့ဆုံနိုင်ဖို့ရန် သူကြိုးစားပါတော့သည်။ သူနှလုံးသားသည်လည်း မျှော်လင့်ချက်များနှင့်ပြည့်နေပါသည်။ ယေရှုခရစ်တော် မြို့ထဲသို့ ကြွလာပြီ။ သူကြိုးစားပါသည်။ သို့သော် အကောင်သေးသေး အရပ်ပုသော သူသည် လူအုပ်ကြီးကြား မတိုးနိုင်ခဲ့ပေ။ သို့ပေမဲ့ သူ၏မျှော်လင့်ချက်ကြောင့် အားမလျော့ဘဲ ဆက်ကြိုးစားခဲ့သည်။ နောက်ဆုံး သူသည် သင်္ဘာသဖန်းပင်ပေါ်တက်ရောက်ခဲ့သည်။ သူမျှော်လင့်ထားသည့်အတိုင်ပင် ယေရှုခရစ်တော်က သူ့ကို ကျော်မသွားပါ။ ငါကိုရှာသောသူ အားအတွေ့ခံမည် ဆိုသည့်အတိုင်း နှလုံးနှင့် ကြိုးစား၍ ရှာဖွေနေသော ဇက္ခဲအား ယေရှုခရစ်တော်သည် မြောက်များစွားသော လူထဲမှ အပင်ပေါ်ရှိ သူ့အားတွေ့ရှိခဲ့ပါသည်။ ဤသို့ဖြင့် ယေရှုခရစ်နှင့်ဆုံဆည်းပြီး သူ့အိမ်၌ တည်းမည်ဟု မိန့်တော်မူသောအခါ သူအလွန်ဝမ်းမြောက်ရပါသည်။ ထိုနောက် ယေရှုခရစ်ထံတော်မှ နှုတ်ကပတ်တော်ကို ကြားနာရသောအခါ သူ့အသက်တာပြောင်းလဲလာသည်။ နှုတ်ကပတ်တော်သည် သူ၏နှလုံးသားထဲ၌ နေရာယူပြီ ဘုရားသခင်၏ ကျေးဇူးတော်သည် သူကို လူသစ်ကဲ့သို့ပြောင်းလဲစေကြောင်း “ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ “ဟုအခန်းငယ်(၈)၌ဖော်ပြထားပါသည်။ သူသည် ယေရှုခရစ်တော်ကို နှလုံးသားထဲမှာနေရာပေးသောကြောင့် ဤသို့ပြောင်းလဲရခြင်းဖြစ်သည်။ ခရစ်တော်၌တည်ခြင်း (ယေရှုခရစ်တော်အား နှလုံးသားထဲ၊ ဘဝထဲ နေရာပေးခြင်း) က အသစ်သောအသက်တာကို ပြောင်းလဲစေပါသည်။ ထိုကြောင့် ခရစ်တော်၌တည်သောသူသည် အသစ်ပြုပြင်သောသတ္တဝါ (အသက်တာ) ဖြစ်လာပါသည်။
ဒုတိယအချက်မှာ – “ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရပါသည်”
ပထမအချက်သည် ခရစ်တော်၌တည်သောသူသည် အသစ်ပြုပြင်သောအသက်တာရသကဲ့သို့ ယခုမှာလည်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရပါသည်။ အခန်းငယ်(၁၈)တွင်ဖော်ပြထားပါသည်။ ဘုရားသခင်နှင့် လူသားသည် အပြစ်တရားကြောင့် ဝေးကွာခဲ့ရသည်။ ဘုရားနှင့်အဆက်ပြတ်ကာ ရင်းနှီးကျွမ်းဝင်ခွင့်နှင့်၊ အတူသွားလာခွင့် ဆုံးရှုံခဲ့ရပါသည်။ ဘုရားသခင်သည် အစဦး၌ အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့ခြင်းမှာ မိသားစုဝင်အသစ်အဖြစ်သာဖြစ်သည်။ ခိုင်းစေရန်မဟုတ်ပါ။ သဏ္ဍန်တော်နှင့်အညီ ဟုလည်း နှုတ်ကပတ်တော်၌ဖော်ပြထားသည်။ ထိုကြောင့် လူသားတို့သည် ဘုရားသခင်နှင့်တူသော သားသမီးများသာဖြစ်သည်။ အတူတကွ သွားလာတိုင်ပင်၍ တစ်လုံးတစ်ဝတည်း နေရန်ဖြစ်သည်။ “ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှာ၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက် အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။ ကမ္ဘာဦးကျမ်း ၂:၁၉–၂၀” အားဖြင့် ဘုရားသခင်နှင့်လူသား အတူတူအလုပ်လုပ်ကြောင်းကို သိရှိရပါသည်။ သို့သော်လည်း လူသားတို့သည် တစ်ခုတည်းသော ပညတ်ကို ချိုးဖောက်သောအားဖြင့် ဘုရားနှင့် အဝေးဆုံးကိုရောက်ရှိသွားပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ အပြစ်နှင့်ကင်း၍ ယခင်ကဲ့သို့ အထံတော်၊ မျက်မှောက်တော်၌ နေရဖို့ရန် ကယ်တင်ရှင်တည်းဟူသော ယေရှုခရစ်တော်ကို ကျွန်ုပ်တို့အားလုံးအတွက် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယေရှုခရစ်တော်အား မိမိတို့ ဘဝ၊ အသက်တာ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ကာ နှလုံးသားထဲ၌ ခေါ်ဖိတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပြန်လည် ဆက်သွယ်ခွင့်(သို့) မိတ်သဟာယကိုပြုနိုင်သော အခွင့်အား ရရှိပါသည်။ မိမိတို့ အကြံအစည်မှန်သမျှကိုလည်း ထာဝရဘုရားထံသို့ ယေရှုခရစ်အားဖြင့် ကြားလျှောက်တိုင်ပင်နိုင်ပါသည်။ လိုအပ်သောအရာများကိုလည်း တောင်းခံနိုင်ခွင့်ကိုလည်း ရရှိပါသည်။ ထို့ကြောင့် ခရစ်တော်၌တည်သောသူသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲခွင့်ရသည်ဖြစ်၍ တစ်နေ့ထက်တစ်နေ့ ဘုရားသခင်နှင့် သာ၍ရင်းနှီးကျွမ်းဝင်ကာ ဘုန်းတော်သာ၍ထင်ရှားစေသောသူများဖြစ်စေဖို့ အယောက်စီတိုင်းကို ဘုရားရှင် ကောင်းကြီးပေးပါစေ။
ရှင်ယောဟန်(၁၄:၆–၁၁) (ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။– သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊– ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း။– ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။– ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ) တွင် ယေရှုခရစ်တော်နှင့် တပည့်တော်များ အပြန်အလှန်ပြောဆိုခြင်း၌ တပည့်တော်တို့သည် ယေရှုခရစ်အား သခင်အဖြစ်လက်ခံပြီး အတူသွားလာခြင်းသည် ဘုရားသခင်နှင့် အတူတူသွားလာ၍ အမှုတော်ကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း နားလည်ရပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မည့်သည့်အခါမျှ တစ်ဦးတည်း မဟုတ်ချေ။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိနေပါသည်။ ဟာလေလုယာ။ ခရစ်တော်ဘုရားနှင့် သွားလာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရသောအခွင့်ကို ရရှိပြီဖြစ်သည်။
ကောလောသဲ(၁:၃၀–၂၁)၌
လက်ဝါးကပ်တိုင်မှာ သွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။ အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခု မိတ်သဟာယဖွဲ့စေတော်မူ၏။ ဟုဖော်ပြထားပါသည်။
အပြစ်တရားကြောင့် လူသားအာလုံး ဘုရားနှင့် အဆက်အသွယ် ပျက်ကာ လူနှင့် ဘုရားမိတ်သဟာယပြတ်ခဲ့ရသည်။ ဘုရားသခင်နှင့် လူအကြား တားဆီးနေသော အပြစ်တံတိုင်းကြီးကို ယေရှုခရစ်၏အသွေးတော်ဖြင့် ဖြိုဖျက်၍ ရှင်းလင်းစေကာ အပြစ်တရားအားဖြင့် ရန်သူဖြစ်ရသော လူနှင့် ဘုရားရန်ငြိမ်းခဲ့သည်။ ဖန်ဆင်းစကဲ့သို့ ရင်းနှီးစွာ ပြန်လည်သင့်မြတ်ပြီး ဘုရားသခင်နှင့်အတူမိတ်သဟာယဖွဲ့ကာ သွားလာနိုင်ရသောအခွင့်ရရှိပါသည်။ ထိုအခွင့်အရေးသည် ကျွန်ုပ်တို့ ထိုက်တန်၍ မဟုတ်၊ ကောင်းသော အကျင့်ကျင့်နိုင်သောကြောင့် မဟုတ်ပေ။
ကျွန်ုပ်တို့ အားလုံးကို အနန္တမေတ္တာနှင့် ချစ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် သာဖြစ်ပါသည်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။–ဧဖက်ဩဝါဒစာ ၂:၈။ ဤသို့နှုတ်ကပတ်တော်၌ဖော်ပြထားပါသည်။
ကျွန်ုပ်တို့ အစဉ်မမေ့အပ်သောအရာကား ကျေးဇူးတော်ဖြစ်ပါသည်။ အပြစ်မှလွှတ်မြောက်ဖို့ ကျွန်ုပ်တို့ မကျင့်ကြံနိုင်ပါ။အပြစ်ကြွေးကိုလည်း မပေးဆပ်နိုင်ပါ။ ပေးဆပ်၍လည်းမရပါ။ အဘယ်ကြောင့် ဆိုသော် အပြစ်၏အခက သေခြင်း ဟု အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
ရောမဩဝါဒစာ ၆:၂၃ တွင် ဖော်ပြထား၍ သေမှ အပြစ်အတွက် ပေဆပ်နိုင်မည်။ သို့ကြောင့် နောင်ဘဝအတွက် ဘာမျှ ကျွန်ုပ်တို့ ပြင်ဆင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယေရှုခရစ်သည် ကျွန်ုပ်တို့ ကိုယ်စား အသေခံကာ (၃)ရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ပြီး ထိုထမြောက်ခြင်းကို ယုံကြည်လက်ခံလျှင် အပြစ်မှ လွတ်မြောက်ပြီး ထာဝရအသက်ကို ရရှိမည်။ ထို့ကြောင့် ထိုကြီးမားသော ကျေးဇူးတော်ကို နေ့စဉ် အောက်မေ့၍ ကျေးဇူးတော်ကို စောင့်သိသောအားဖြင့် အလိုတော်အတိုင်း အသက်ရှင်ကြရမည်ဖြစ်သည်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။–
တိမောသေဩဝါဒစာပထမစောင် ၂:၄။ ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ အားလုံး ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်၊ ပဌာနာပြုခွင့် ရရှိသလို အခြားသောသူများကိုလည်း ထိုအခွင့်အရေးကို ကြားသိစေရမည်ဖြစ်သည်။ ဤသည်ကား အလိုတော်ပင်ဖြစ်ပါသည်။ ယေရှုဘုရားသည် ထာဝရအသက်ကို ပေးနေပါသည်။ ကျန်းမာခြင်း၊ ငြိမ်သက် ဝမ်းမြောက်ခြင်း၊ ထာဝရဘုရားသခင် ဖန်ဆင်းရှင်နှင့် မိတ်သဟာယဖွဲ့ နိုင်သော အခွင့်ပေးနေကြောင်း တပါးသူများအား ကြားပြော သက်သေခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်၌တည်သောသူသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရသည် ဖြစ်သောကြောင့် မိမိကိုယ်တိုင်သာမက အခြားသူများကိုလည်း သက်သေခံကာ သတင်းကြားပြောနိုင်သောသူများ ဖြစ်စေဖို့ အယောက်စီတိုင်းကို ဘုရားသခင် အသုံးပြုပါစေ။
နောက်ဆုံးအချက်မှာ-“ခရစ်တော်၏ သံတမန်ဖြစ်သည်”
အခန်းငယ်(၂၀)၌ဖော်ပြထားပါသည်။ မှန်ပါသည်။ ယေရှုခရစ်တော်ဘုရားသည် လောကသို့ကြွဆင်းလာ၍ အသေခံကာ အပြစ်တရားမှ ရွေးနှုတ်ခြင်းသည် လူနှင့် ဘုရားပြန်လည် သင့်မြတ်စေဖို့ရန်ဖြစ်သည်။ တနည်းအားဖြင့် ငြိမ်းချမ်းရေး၊ သံတမန်အမှုကိုပြုခြင်းဖြစ်ပါသည်။
ကမ္ဘာဦးတုန်းလည်း လူသားနှင့်ဘုရားသခင်သည် အလွန်ချစ်ကာ အတူတကွ သွားလာကြပါသည်။ သို့သော် စာတန်၏ လှည့်ဖြားမှုအောက်၌ ကျရှုံးကာ အပြစ်ပြုမိသောကြောင့် အပြစ်တရားနှင့် မဆက်ဆံနိုင်သော ထာဝရ သန့်ရှင်းတော်မူသော ဘုရားသခင်နှင့် လူသားများ ဝေးကွာခဲ့ကြရကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတော့ ဘုရားနှင့် လူကြား ကာရံထားသော အပြစ်တံတိုင်းကြီးကို ယေရှုခရစ်တော်သည် ဒဏ်ချက်တော်၊ အသွေးတော် ၊အသက်တော်ဖြင့် ဖြိုဖျက်၍ ဘုရားသခင်နှင့် လူသားတို့ကို ငြိမ်ချမ်းစေသော၊ သင့်မြတ်စေသောသူ ဖြစ်ပါသည်။
ထိုသို့ ဘုရားသခင်နှင့် လူသား(ယေရှုခရစ်အား လက်ခံသောသူ)တို့ သင့်မြတ်ပြီးနောက် ဘုရားနှင့်ဝေးကွာနေအခြားသူများအားလည်း ထာဝရဘုရားထံ တိုးဝင်နိုင်ခြင်းအခွင့်ရရှိစေဖို့ ကျွန်ုပ်တို့ ဆောင်ရွက်ရမည် ဖြစ်သည်။ သံတမန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ သင့်မြတ်စေကာ ထိုနိုင်ငံတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊စစ်ရေးဆိုင်ရာ အစရှိ ကဏ္ဍများအား ဖွံ့ဖြိုးတိုးတက်စေဖို့ အတူတကွ လုပ်ဆောင်ရန်၊ ချစ်ကြည်ရေးတည်ဆောက်ရန် ဆောင်ရွက်ရပါသည်။ သံတမန်တို့၏ တာဝန်ကို စာဖတ်သူတို့လည်း သိကြမည်ဖြစ်၍ ရှည်လျားစွာ မဖော်ပြလိုတော့ပါ။ထိုသို့ပင် ယေရှုခရစ်အား လက်ခံ ယုံကြည်သောသူသည် ကောင်းချီးမင်္ဂလာများ၊ တိုးတက်ကြီးပွားမှုများ အထူးသဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင် ဝမ်းမြောက်ခြင်းများကို ကိုယ်တိုင် ခံစားရရုံမျှမကဘဲ အခြားတပါးသူများလည်း ထပ်ဆင့် ခံစားရစေဖို့ရန်အတွက် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးသော သတင်းကောင်း၊ သတင်းစကားကို ကြားပြောကြရမည်ဖြစ်သည်။ ဘုရားသခင်နှင့် နှုတ်ကပတ်တရားတော်ကို ထပ်ဆင့်၍ ဝေငှါ သက်သေခံ ကြားပြောကြရမည်။ ဘုရားသခင်၏အလိုတော်ကို သမ္မာကျမ်း၌ ဤသို့ဖော်ပြထားပါသည်။
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။–
တိမောသေဩဝါဒစာပထမစောင် ၂:၄။
ကျွန်ုပ်သည် နှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်ရပါမည်။ ဤအကြောင်းအရာသည် အမှုဆောင်ဆောင်များသာပြုရမည်ဟု မဆိုလိုဘဲ ယုံကြည်သော သူတိုင်းပြုရမည့် တာဝန်ဝတ္တရားဖြစ်ပါသည်။ ဤအမှုမှာ သံတမန်အမှု အမှန်စင်စစ်ဖြစ်ပေးသည်။ ကျွန်ုပ်တို့သည် လူနှင့် ဘုရား သင့်မြတ်စေသော တရား၊ လူသားတို့သည် ယေရှုခရစ်တော် အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားခွင့်၊ ထာဝရအသက်ရရှိနိုင်ခွင့်တည်းဟူသော ငြိမ်ချမ်းခြင်းတရား (သို့) ဧဝံဂေလိတရားကို လူသားတိုင်းကို ကျွန်ုပ်တို့အားလုံး ကြားပြောကြရမည် ဖြစ်သည်။ လူနှင့် ဘုရားပြန်လည်သင့်မြတ်စေသော လူသားတို့အား သေခြင်းမှ ကယ်တင်ပြီး အပြစ်နှင့် ကင်းစင်သော ကယ်တင်ရှင် ယေရှုအကြောင်းကို ကျွန်ုပ်တို့ ဟောပြောသက်သေခံခြင်း အားဖြင့် သံတမန်အမှုကို ပြုကြရမည်။
သမ္မာကျမ်းစာ၌လည်း ဘုရားနှင့်လူကို သင့်မြတ်စေသောပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ထိုသူသည် မောရှေပင်ဖြစ်ပါသည်။သူနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
သူသည်လည်း လူတို့ရှေ့မှာသင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။ ထွက်မြောက်ရာကျမ်း ၄:၁၆။ သူသည် ဣသရေလလုမျိုးတို့အား အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်စေရန် ကယ်တင်ပေးသော ဘုရားသခင်၏ ကိုယ်စားဆောင်ရွက် အစေခံသူဖြစ်သူ၊ သူ့အားဖြင့် ဘုရားသခင်သည် ကယ်တင်ခြင်းအမှုကို ပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့် ဣသရေလလူမျိုးကို ဆက်သွယ်ပေးသည်။ ထိုသို့ပင် သခင်ယေရှုသည်လည်း အပြစ်ကျေးကျွန်ဘဝမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေရန် ကယ်တင်ပေးခဲ့သည်။ ယခုလည်း ထိုကယ်တင်ခြင်း (ဧဝံငဂလိတရား)ကို လူအမျိုးမျိုးတို့အား ကြားပြောရမည်။ ဘုရားသခင်သည် လူသားအားလုံးကို ကယ်တင်ခြင်း(ထာဝရအသက်)ကို ရရှိပြီး၊ သမ္မာတရားတည်းဟူသော ခရစ်တော်ယေရှုကို သိကျွမ်း၍ ထိုသခင် မိန့်တော်မူသမျှကိုနာယူ ကျင့်စောင့်စေလိုသောကြောင့်ဖြစ်သည်။ အရေဖျားလှီးခြင်းကိုခံသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တစ်ပါးအမျိုးသားတို့တွင် ငါ့ကို တမန်တော်ဖြစ်စေခြင်းငှာ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ငါ၌ အပ်တော်မူကြောင်းကို သူတို့သည် သိမြင်ကြ၏။– အမှီတံကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံသော သူတို့ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း၊ လက်ယာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။– ငါတို့သည် ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှုကို ငါသည် အလိုအလျောက် ကြိုးစားအားထုတ်လေ့ရှိ၏။
ဂလာတိဩဝါဒစာ ၂:၇–၁၀။ သခင်ဘုရားသည် ပေတရုနှင့် တပည့်တော်တို့အား ဣသရေလလူမျိုးတို့တွင် တမန်တော်(သတင်းစကား ကြားပြောသော ခရစ်တော်၏ တမန်) အဖြစ်တာဝန်ပေးပြီး ပေါလုအားလည်း တပါးအမျိုးသားတို့တွင် တမန်တော်အဖြစ် ခန့်ထားခဲ့ပါသည်။ ယခုတွင် သင်နှင့် ကျွန်ုပ်ကို ရှင်ယေရှု၏ ဧဝံဂေလိတရားကို ကြားပြောဖို့ရန် တာဝန်ပေးနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရား ကိုကြာပြောခြင်းဖြင့် လူသားတို့သည် ဘုရားသခင်နှင့် သင့်မြတ်ကာ အထံတော်မှ မစခြင်း၊ ကူညီဖေးမခြင်း၊ လမ်းပြသွန်သင်ခြင်းနှင့်အတူ နေ့ရက်စဉ်တိုင်း ဘုရားသခင်နှင့် အတူသွားလာ၍ ကောင်းချီး မင်္ဂလာများ၊ ချီးမြောက်ခြင်းမှအစ ကောင်းကျိုးများစွာကို ခံစားရရှိကြမည်ဖြစ်သည်။
ဘုရားသခင်သည် သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ အောင်မြင်ခြင်း၊ နှစ်သိမ့်ခြင်း၊ အားပေးကူညီ ဖေးမခြင်း၊ သည်းခံခြင်း၊ မေတ္တာ၊ အလင်းနှင့် ကြွယ်ဝခြင်းများပေးခဲ့ပါသည်။ ဤကဲ့သို့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ သေချာသော အနာဂတ်နှင့် အာမခံချက် များ၊ ကျေးဇူးတော်ကို သခင်ယေရှုအား လက်ခံ ယုံကြည်သောအားဖြင့် ခရစ်တော်၏ သံတမန်ဖြစ်သော ယုံကြည်သူများသည် ယေရှုခရစ်၏ ဧဝံဂေလိတရားကို လူအမျိုးမျိုးတို့အား ကြားပြောရမည်ဖြစ်ပါသည်။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။–ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၈။ မိတ်သဟာယတရားကို ဟောပြောခွင့်ရသော်ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ ယုံကြည်သူအားလုံး၌ တာဝန်ရှိပါသည်။ ဖိလိပ္ပိဩဝါဒစာ (၁:၂၇)တွင် ဧဝံဂေလိတရားနှင့်ပတ်သက်သော အမှုကို ကျေပွန်ရန် တိုက်တွန်းထားပါသည်။
သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။–
ရှင်မာကု(၁၆:၁၅–၁၇)၌လည်း “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။– ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။– ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။” ဟု မိန့်မှာခဲ့ပါသည်။ ဤသည်မှာ ဧဝံဂေလိတရားကို လူအမျိုးမျိုးတို့အား ကြားပြောကြရန် မိန့်မှာခဲ့ခြင်းဖြစ်ပါသည်။
ချစ်သော စာဖတ်သူ ညီအစ်ကို၊ မောင်နှမတို့ ခရစ်တော်၌တည်သောသူသည် ခရစ်တော်၏ သံတမန်ဖြစ်သောကြောင့် မိမိတို့အားပေးအပ်သော တာဝန်ကို ကျေပွန်ကြသောသူများ ဖြစ်စေဖို့ တိုက်တွန်းလိုပါသည်။ အချုပ်အားဖြင့်ဆိုသော် ယေရှုအား ယုံကြည်သောသူများ အခြားသော လောကသားများကဲ့သို့မဟုတ်ဘဲ ဘုရားသခင် အထံတော်မှာ အထူးအခွင့်အရေးတာဝန်များ ရရှိခံစားရကြပါသည်။ ခရစ်တော်၌ တည်သော (မိမိ ဘဝ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံ ယုံကြည်သော) အားဖြင့်
၁။ အသစ်ပြုပြင်သော အသစ်တာကိုရရှိပါသည်။
၂။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရရှိပါသည်။
၃။ ခရစ်တော်၏ သံတမန်ဖြစ်ပါသည်။
ဟု နှုတ်ကပတ်တော်အားဖြင့် သက်သေခံ ဝေငှါ ပါသည်။ ဖတ်ရှု၍ နှုတ်ကပတ်တော် ဆင်ခြင် နှလုံးသွင်းကာ နာခံလိုက်လျှောက်သော သူအယောက်တိုင်းကို ဘုရားသခင် သာ၍ ကောင်းကြီးပေးပါစေ။အာမင်။