Skip to content

“စည်းကမ်း” လို့ဆိုလိုက်တာနဲ့အာဏာရှိသူကချမှတ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ ဘုရားရဲ့လမ်း၌သွားလာတတ်ဖို့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့်အသက်ရှင်ခြင်းသို့ဦးတည်ပါတယ်။

“ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။”
‭‭သုတ္တံကျမ်း ၃:၁၁-၁၂

“ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။”
‭‭ဟဗွေဲဩဝါဒစာ ၁၂:၁၁

ဘယ်မိဘမျိုးကမှ မိမိသားသမီးကိုမချစ်မနှစ်သက်ဘဲနှင့်စည်းကမ်းတွေပေးထားမည်မဟုတ်ပါ။ ချစ်နှစ်သက်သောကြောင့်သာ ပေးမည်ဖြစ်သည်။ ကျူးလွန်ဖောက်ဖျက်ခဲ့သော် ဆုံးမမည်မှာဧကန်ပင်။ စကားနှင့်ဖြစ်ပါစေ ကြိမ်လုံးနှင့်ဖြစ်ပါစေ ဆုံးမသောအရာတိုင်းက ကိုယ့်ကောင်းကျိုးအတွက်ဖြစ်သောကြောင့် နားဝင်ချို၊ ပေါ့ပါးလိမ့်မည်တော့မဟုတ်။ ထိုသို့မရှိသော်လည်း မထင်မှတ်ထားသော ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကျေးဇူးရှိပါတယ်။ “စည်းကမ်းလိုက်နာဘေးကင်းကွာ”

“ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။”
‭‭သုတ္တံကျမ်း ၁၃:၂၄

ဒါကြောင့်မိဘတွေအနေနှင့်လည်းသားသမီးတွေပေါ် အလိုတော်နှင့်ညီသော စည်းကမ်းချမှတ်လျက် ငယ်သောအရွယ်မှစ၍ဆုံးမသွန်သင်ပေးဖို့ရန် လိုအပ်ပါသည်။ ကြိမ်လုံးသုံးသင့်သည့်အရွယ်မှာ ကြိမ်လုံးကိုသုံးပြီး၊ ပညာသမ္မာတရားနှင့်ယှဉ်သောစကားလုံးများကိုလည်း အထူးသဖြင့်သုံးဖို့အရေးကြီးပါတယ်။

“အ​ထက်​က​ပေး​လိုက်​သော စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့်၊ ငါ​သည် ယ​ခင်​အ​ခါ၌ နောင်​တ​ရှိ​သော်​လည်း ယ​ခု​အ​ခါ၌ မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​စာ​သည် သင်​တို့​ကို ခ​ဏ​သာ​ဝမ်း​နည်း​စေ​သည်​ကို ငါ​မြင်၏။ သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့် ငါ​ဝမ်း​မြောက်​သည် မ​ဟုတ်။ ဝမ်း​နည်း​စေ၍ နောင်​တ​ရ​သော​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ငါ​တို့​အား​ဖြင့် သင်​တို့၏​အ​ကျိုး အ​လျှင်း​မ​ပျက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ဝမ်း​နည်း​စေ​ကြ၏။-”
‭‭ကောရိန္သုဩဝါဒစာဒုတိယစောင် ၇:၈-၉

“စေတနာကဝေဒနာ” သို့အဖြစ်မျိုးမဖြစ်စေလိုပါ။ သခင်ဘုရားအားဖြင့်ဖြစ်စေ၊ မိဘအားဖြင့်ဖြစ်စေ၊ ဆရာသမားအားဖြင့်ဖြစ်စေ ကိုယ့်ကိုချစ်ခင်နှစ်သက်သောသူတွေရဲ့ဆုံးမခြင်းက သင့်ကိုဝေဒနာတွေလာပေးနေပါလားဆိုပြီး မခံစားစေချင်ပါ။ သင့်ကိုဝေဒနာရဖို့မဟုတ်ပါ။ “နောင်တ” ရဖို့ပါ။ အလိုတော်နှင့်ညီသောနောင်တရဖို့ပါ။
ဒါကြောင့် စည်းကမ်း ဆိုလျင်လိုက်နာပါ။ မလိုက်နာလို့ဆုံးမခြင်းခံရလျင် အပြစ်တင်မစောပါနှင့်။ လျစ်လျူမရှုလိုက်ပါနှင့်။
ခရစ်တော်၌ရှိသောသင်ရဲ့တန်ဖိုးကိုစည်းကမ်း ရှိခြင်းအားဖြင့် မြင်တတ်စေပါ။

ဆင်ခြင်လျက်
The Blessed Desk (ThyLogos)