Skip to content

ပေးကမ်းခြင်းကို မပြုချင်သောသူမရှိပါ
ပေးကမ်းခြင်းဟာ မကောင်းသောအမှုလို့မည်သူကမှပညတ်မထားပါ
သို့သော် ပေးကမ်းခြင်းသည်စစ်မှန်ပါ၏လော?
တနည်းဆိုသော် သခင့်အလိုထက် ကိုယ်အလိုရှိသည့်ပေးကမ်းခြင်းမျိုးသင်ပေးနေသလော? ဒါမှမဟုတ် သခင့်ကိုနှစ်သက်စေသည်ထက် ကိုယ်နှစ်သက်သည့်ပေးကမ်းခြင်းမျိုးနှင့် သင်ပေးနေသလော?

“သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။-”
‭‭ရှင်မဿဲခရစ်ဝင် ‭၆:၃-၄

သခင်ပြောခဲ့တဲ့ဒီစကားလေးကိုဖတ်မိလိုက်တိုင်းမှာ ဆင်ခြင်မိသည့်အရာတခုရှိပါတယ်။ သဘောလည်းအင်မတန်ကျပါတယ်။ ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်၊ သွန်သင်ခြင်းခံရသည်အတိုင်းဆိုရလျင် “ညာဘက်လက်ပြုလိုက်သည်ကို ဘယ်ဘက်လက်ကမသိစေနှင့်” ဆိုသည့်အရာမှာ ကိုယ့်လုပ်သည့်အရာအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသယောင်ခံစားရပါတယ်။ ဥပမာ ကိုယ့်ကိုကိုယ် ပြန်နှုတ်ဆက်နေသလို (self appreciation)၊ “ငါကွ” “ငါပေးလိုက်တာ” “ငါတို့တွေပေးတာ”၊ ခေတ်စကားနဲ့ဆို “selfie” ပေါ့ဗျာ။ လက်တဖက်ကပြုတဲ့အရာကို ကျန်တဲ့တဖက်ကမသိစေနဲ့လို့ဆိုတဲ့အရာမှာ ကျွန်တော်တို့အကြီးကြီးမေ့နေကြတာ “အကျိုး” (reward) ဆိုတဲ့အရာပါဘဲ။
ဒါပေမယ့် ကိုယ်အကျိုးကိုယ့်ဖာသာကိုယ်ပြန်ပေးမိနေကြတယ်။ လူတွေကိုပြပြီး (အထူးသဖြင့် social media လိုနေရာတွေပေါ့) အကျိုးတွေရကုန်ပြန်တယ်။ ဒါဆို သခင့်ဆီက”အကျိုး”(reward)ကရော?
ထာဝရဘုရားသခင်် ကျွန်ုပ်တို့နှလုံးသားကိုမြင်ပါတယ်။ စစ်ကြောပါတယ်။ ဘာတွေလုပ်တာထက် ဘာကြောင့်လုပ်သလဲဆိုတာ သူကြည့်နေ၊ သူသိနေပါတယ်။

“ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊-”
‭‭တမန်တော်ဝတ္ထု ‭၂၀:၃၅

ပေးပါ၊ ကမ်းပါ၊ စွန့်ကြဲပါ။ အသံတွေကျယ်စရာမလိုပါဘူး။ လူတွေကြားစရာမလိုပါဘူး။ သခင်ကြားတဲ့ နှလုံးခုန်သံ လေးလောက်ဆိုရပါပြီ။

အဲ့အသံလေးမှာ အကျိုး(reward) ရှိပါတယ်။

ပေးကမ်းတာကောင်းလား? ကောင်းတာပေါ့ဗျာ။
အချိန်တိုင်းမှာရယူချင်စိတ်ရှိနေတာထက် ပေးကမ်းစွန့်ကြဲရတာ မင်္ဂလာရှိတာပေါ့ဗျာ။
ထီပေါက်မှ၊ သူဌေးဖြစ်မှ၊ ပိုက်ဆံရှိမှဆိုတဲ့ ကြီးကျယ်တဲ့ အချိန်ကာလရောက်မှမဟုတ်သလို၊ အထက်ကနှုတ်ကပတ်တော်မှာ “သင်တို့သည်အလုပ်လုပ်၍” လို့ဆိုထားသောကြောင့် သင်မစွန့်ကြဲနိုင်စရာအကြောင်းမရှိပါဘူး။ ပမာဏမဟုတ်ပါ စွန့်ကြဲဖို့သာအဓိကပါ။ အထူးသဖြင့် အားနည်းသောသူတွေကိုပေါ့။ ဒါကြောင့် “ဟာငါကတော့ စစ်ပွဲတွေကြားထဲမှာမဟုတ်လို့ကျေးဇူးတော်ဘဲ” လို့ပြောနိုင်ရင် သင်ဟာပေးကမ်းနိုင်နေတဲ့သူဖြစ်ပါတယ်။

“နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။-”
‭‭ရှင်မဿဲခရစ်ဝင် ‭၁၀:၈

သခင့်အားဖြင့် သခင့်အဖို့အလို့ငှါ သခင်နှင့်အတူအရာခပ်သိမ်းကိုရပြီဆိုတာကိုသိရင် လောကမှာလောကစည်းစိမ်တွေနဲ့ ဇိမ်လာခံတာမဟုတ်ဘဲ၊ သခင့်ကဲ့သို့အစေကိုခံဖို့ပါလားဆိုတာနားလည်ဖို့လိုပါတယ်။

ဒါကြောင့်ပေးပါ ကမ်းပါ စွန့်ကြဲပါ
အသံတွေကျယ်စရာမလိုပါဘူး လူတွေကြားစရာမလိုပါဘူး
သခင်ကြားတဲ့ နှလုံးခုန်သံ လေးလောက်ဆိုရပါပြီ။
အဲ့အသံလေးမှာ အကျိုး(reward) ရှိပါတယ်။

မေတ္တာဖြင့်
The Blessed Desk (Thylogos)