Skip to content

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ခေါင်းစဉ်ကိုယ်၌က ရှင်းပါတယ် … အထူးအထွေ ရှင်းပြပြောဆိုနေစရာ လိုမယ်လို့ မထင်။
သမ္မာကျမ်းစာထဲမှာ အမှုတော်ဆောင်ခြင်းကို ပြိုင်ပွဲတစ်ခု သို့မဟုတ် အပြေးပြိုင်ပွဲတစ်ခုပမာ နှိုင်းယှဉ်တင်ပြထားတာမျိုးကို အကြိမ်ကြိမ် တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားရ မယ့်အရာကတော့

ကိုယ်ပြေးရမယ့်လမ်းကြောင်းကို သိဖို့လိုတယ် (ဖိလိ ၂း၁၆၊ ၃း၁၄)

Philippians 2:16 – သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။
Philippians 3:14 – ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
အပြေးပြိုင်ပွဲတစ်ခုမှာ ကိုယ်ပေးရမယ့် လမ်းကြောင်းကို သိဖို့ လိုအပ်သလို ကျွန်တော်တို့ အသက်တာမှာလည်း ဘုရားသခင်၏ အထက်အရပ်မှ ခေါ်တော်မူခြင်းတည်းဟူသော မိမိအသက်တာအတွက် ဘုရားသခင် သတ်မှတ်ပေးထားသော ပြေးလမ်းကို သိရှိနားလည်ကာ ထိုပြေးလမ်းအတိုင်း ပြေးသောသူ ဖြစ်ဖို့လိုပါတယ်။ သို့မဟုတ်ပါက ပြေးနေပါလျက်နှင့် အကျိုးမဲ့ ပြေးကာ ပင်ပန်းနေသူတစ်ယောက် ဖြစ်နေနိုင်တယ်။ အဆုံးတိုင် ပြေးနေနိုင်ခဲ့ရင်တောင် ပန်းတိုင်အလွဲ ဖြစ်နေနိုင်လေရဲ့။ “ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပေမဲ့ ပြိုင်ပွဲထဲမှာ မရှိ” ခဲ့လေလား ပြန်လည် ဆင်ခြင်ပါ။

မျှော်လင့်ချက်ထား ပြေးဖို့လိုတယ် (၁ကော ၉း၂၄)

1Cor. 9:24 – မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။
မျှော်လင့်ချက်ထား ပြေးတယ်ဆိုတာ အရေးကြီးပါတယ်။ ပြိုင်ပွဲတိုင်းမှာလိုလို အောင်မြင်မှုရသွားတဲ့ သူတိုင်းဟာ သို့မဟုတ် သေချာပြင်ဆင်ကာ အဆုံးတိုင်အောင် ပြေးတဲ့သူတဲ့သူတိုင်းဟာ မျှော်လင့်ချက်ထား ပြေးတဲ့သူ ဖြစ်တယ်။ တစ်ချို့ ပြောတာကြားဖူးတယ် … အမှုတော်ဆောင်တဲ့အခါမှာ ဘာမှ မမျှော်လင့်ဘူး … သာသနာထဲမှာ ပါဝင်နေရရင် ပြီးပြီး စသည်ဖြင့် ပြောကြပါတယ်။ အလွန်နှစ်လိုဖွယ်ကောင်းသော သို့မဟုတ် လောဘကင်းသော အသက်တာကဲ့သို့ ထင်ရတတ်တယ်။ သို့သော် သမ္မာကျမ်းစာကိုယ်တိုင်က ဆုကို ရမည်အကြောင်း ပြေးပါလို့ အတိအလင်း ပြောထားပါတယ်။ ထို “ဆု” ဆိုတာက သခင်ကိုယ်တိုင် ကျွန်တော်တို့ကို ဝမ်းမြောက်ကျေနပ်စွာ “သာဓုသစ္စာရှိသော ငယ်သားကောင်း” ဆိုပြီး ပေးချင်တဲ့ ဆုပါ။ ဆု ဆိုတာက ကိုယ်ကိုတိုင် ကျေနပ် ဝါကြွားစရာဖို့ သက်သက် လုံးဝမဟုတ်ပါဘူး။ သခင် ဘုန်းထင်ရှားစေဖို့ နဲ့ သခင် ကျေနပ်စေဖို့ကို ကျွန်တော်တို့ မျှော်လင့်ချက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သခင့်အတွက်ပြေးနေတဲ့သူဟာ သခင့်ကို ကျေနပ်စေမယ့်သူပါ။
ကိုယ်တိုင်က မျှော်လင့်ချက်ထားဖို့ မသိ … ရေရေရာရာ ပန်းတိုင်ထား မျှော်လင့်တာတွေ မရှိလို့ (စိတ်အားထက်သန်ခြင်းမရှိ) လွယ်လင့်တကူ ရပါတယ် … ဆိုပြီးပြောသောသူ … အဲဒီကနေတဆင့် ပေါ့ဆသွားသော အပြေးသမား… နောက်တစ်ဆင့် … ပြိုင်ပွဲပြင်ပသို့ ရောက်သွားသောသူ များဖြစ်လာမလား ဆိုတာ ဆင်ခြင်စေချင်ပါတယ် …

စည်းမျဉ်းစည်းကမ်းတွေအတိုင်း ပြေးဖို့လိုတယ် (၂တိ ၂း၅၊ ဟေဗြဲ ၁၂း၁-၂)

2Tim. 2:5 – ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။
Hebrews 12:1 – ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။
အပြေးပြိုင်ပွဲမှာဝင်ပါပြီ … မျှော်လင့်ချက်လည်း အကြီးကြီးထားထားတယ် ဆိုအုံးတော့ ပြိုင်ပွဲဝင်ပြိုင်သူဟာ ပြိုင်ပွဲပြင်ပမှာလည်းကောင်း၊ ပြိုင်ပွဲထဲမှာလည်းကောင်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စည်းကမ်းတစ်ကျ ပြင်ဆင်ကာ ပန်းတိုင်ဆီ ပြေးပါမှ ခရီးရောက်မှာ ဖြစ်ပါတယ်။ စည်းကမ်းတွေမှာ ပြိုင်ပွဲစည်းကမ်းတွေ ရှိမှာဖြစ်သလို၊ ကိုယ့်အသက်တာမှာလည်း ပေါ့ပါးသွက်လပ်စွာ ပြေးနိုင်ဖို့အတွက် သင်ယူလေ့လာရင်း ပြင်ဆင်လိုက်နာရမည့် စည်းကမ်းများလည်း ရှိပါတယ်။ ထိုနည်းတူစွာ ကျွန်တော်တို့တွေလည်း သခင့်ဘုန်းတော်အတွက် ပြေးကြရာတွင် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ရှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း နေ့စဉ်နှင့်အမျှ ချထားရမှာ ဖြစ်ပါတယ်။ မြောက်များစွာသော သက်သေအပေါင်းများစွာ၏ ပုံသက်သေများကို ကြည့်ရှုသွန်သင်ရင်းက ကျွန်ုပ်တို့၏ အသက်တာကို စည်းကမ်းရှိရှိ (Disciplines) လိုက်နာကာ ပြေးလမ်းအတိုင်း ပြေးဖို့ လိုအပ်ပါတယ်။ စည်းမရှိတဲ့ အသက်တာက ကျွန်တော်တို့ကို ပြေးနေရင်းက ပြေးလမ်းပြင်ပကို ရောက်သွားနိုင်လေ့ရဲ့ ….

ပန်းဝင်တဲ့အထိ ပြေးဖို့လိုတယ် (၂တိ ၄း၇)

2Timothy 4:7 – ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။
အစပြုခဲ့ပြီးသည့်နောက် အဆုံးတိုင် – ပန်းတိုင်ဝင်သည်အထိ ပြေးသော အပြေးသမား လူတိုင်း ဖြစ်ချင်ကြတယ်။ တာတို ပြေးတဲ့အခါမှာ အဆုံးတိုင် ပြေးဖို့ရန် အလွန်လွယ်ပေမဲ့ … တာရှည် ပြေးတဲ့အခါ ကောင်းမွန်စွာ အဆုံးတိုင်အောင် ပြေးတဲ့သူက ရှားလှပါတယ်။ အဆုံးတိုင်ပြေးနိုင်ဖို့အတွက် ခိုင်မာသည့် ဆုံးဖြတ်ချက်၊ ဇွဲ၊ လုံ့လဝိရိယ စိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်၊ ဇွဲ၊ လုံ့လဝိရယတွေ ထားရှိနိုင်ဖို့ ဆိုတာကလည်း ကိုယ်ဝင်ပြေးတဲ့ ပြေးလမ်းကိုကောင်းမွန်စွာသိလို့၊ အဆုံးမှာ ရရှိမယ့် ဆုဟာ ဘုရားသခင်ကျေနပ်စရာ ဖြစ်မယ်ဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့ မျှော်လင့်ခြင်း နဲ့အတူ စည်းမျဉ်းစည်းကမ်း ရှိခြင်းတို့က အရေးပါလှပါတယ်။ သေချာတာတစ်ခုက သင် နဲ့ ကျွန်ုပ်အတွက် အစပြုပေးတဲ့ ထိုသခင်ကို အစဉ်ဖက်တွယ်တယ်ဆိုရင် အဆုံးတိုင်အောင် သူကိုယ်တိုင်က ပို့ဆောင်ပေးမယ်ဆိုတဲ့ ကတိရှိနေပါတယ် (ဖိလိ ၁း၆)။
ပြေးမှပြေး … အဆုံးထိ ပြေးပါ … သို့မဟုတ်ရင် ပြေးရင်း၊ မောရင်း…မောရင်း၊ ပြေးရင်း လမ်းခုလတ်မှာ ပြိုင်ပွဲပြင်ပ ရောက်သွားမှာကို စိုးရိမ်မိရင်း …
သခင်သတ်မှတ်ရာ ပြေးလမ်းပေါမှာ သခင်ကျေနပ်စေရန် မျှော်လင့်ချက်ထားရင်း သခင်ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ သခင်နှင့်အတူ အဆုံးတိုင် ပြေးနိုင်သောသူများ ဖြစ်ကြပါစေ …

အာမင်
သခင့်သစ်ခက်