နှုတ်ကပတ်တော်တရားကို အပေးအယူလုပ် (ရောင်းစား) ကြတဲ့ အဖြစ်ဟာ အခုချိန်မှာမှ မဟုတ်ပါဘူး ကမ္ဘာဦးကစလို့ ပထမဆုံး လူသားတို့ကျူးလွန်ခဲ့ကြတာပါ … ယာယီ အစားတစ်လုပ်အတွက်နဲ့ ထာဝရနဲ့ဆိုင်သော မုန့်ကို ပစ်ပယ် ရွေးချယ်ကြတာဟာ ဝမ်းနည်းစရာပါ။
ကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့ အသီး (ကမ္ဘာဦးကျမ်း ၃)
အမြင်နဲ့ကြည့်ရင် စားချင်စဖွယ်၊ ပညာကို ပေးနိုင်သော ဆိုတဲ့ အဆင်းသဏ္ဍာန်ရှိခဲ့သည့်ပြင် ရန်သူတော်ကလည်း သေမည်မဟုတ် ဘုရားနည်းတူ ဖြစ်မည်ဆိုတဲ့ ပျားရည်လူးထားတဲ့ အဆိပ်ကို နားယောင်မိတယ်ဆိုတာ ပုံဥပမာ ရှိခဲ့နှင့်ပြီ မဟုတ်လား …
ယာကုပ်ရဲ့ ပဲဟင်းတစ်ခွက် (ကမ္ဘာဦးကျမ်း ၂၅း၂၉-၃၄)
ဧသော တောကအပြန် မောလာတော့ ညီဖြစ်သူရဲ့ ပရိယာယ်ထဲမှာ မြောပါသွားလို့ ပဲတစ်ခွက်စာအတွက်နဲ့ သားဦးအရာကို ရောင်းစားခဲ့သေးတယ် (ကမ္ဘာဦးကျမ်း ၂၅း၂၉-၃၄)။ ယာယီအသက် (ဆာလောင်မှု/ပင်ပန်းမှု) ကို သားဦးအရာနဲ့ ရောင်းစားခဲ့တယ် ..
အခုကြည့် …
လောကရဲ့ တောက်ပမှုတွေနဲ့ ဗန်းပြလို့ သမ္မာတရားယောင်ဆောင် သေစေတတ်တဲ့တရားတွေကို အဟုတ်မှတ်ပြီး အပေးအယူလုပ် မြောပါသွားကြတာများ ခေတ်တစ်ခုရဲ့ TREND တစ်ခုလို ဖြစ်နေပါလား ..
ယာယီအသက်ဆက်ဖို့၊ ယာယီ ဆန္ဒပြည့်ဖို့ ထာဝစဉ် ဝမ်းမြောက်ရမယ့် တရားတော်ကို ပစ်ပယ်ကြတာများ ဝမ်းနည်းစရာ …
ယာယီပဲတစ်ခွက်နဲ့ အသက်ကိုပေးနိုင်တဲ့ နှုတ်ကပတ်တော်ကို ပစ်ပယ်မယ်ဆိုရင် မင်းဟာ ထာဝရ ပစ်ပယ်ခံနေရအုံးမယ်ဆိုတာ ..ဆင်ခြင်ကာ ပြင်ဆင်နိုင်ကြပါစေ …