Skip to content

(ရှေးဦးစွာ ဤဆောင်းပါးတိုလေးက ကြီးမားကျယ်ပြော နက်နဲလှသည့် ဘုရားသခင်၏ အကြောင်းအရာကို စုံလင်စွာ တင်ပြနိုင်မည် မဟုတ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ သို့သော် ထိုနက်နဲခြင်းကို ဆက်လက်ရှာဖွေရာတွင် လမ်းမှား မရောက်ရလေအောင် လမ်းစလေးတစ်ခုအဖြစ် ခြုံငုံတင်ပြလိုက်သည့် သဘောသာဖြစ်သည်။)

ဘုရားသခင်လို့ ပြောလာရင် ကျွန်တော်တို့အားလုံးက ကိုယ်စီ သတ်မှတ်ချက် စံနှုန်းတွေနဲ့ အကောင်းဘက်ပဲ မြင်ချင်ကြတယ်။ အပြုသဘောပဲ ရှိစေချင်ကြတယ်။ အဲဒါကြောင့်ပဲ ဘုရားသခင်ဟာ အမျက်တော်ကြီးတယ် … အပြစ်သားတွေကို စီရင်တယ် … ဆိုတာမျိုးတွေက ကျွန်တော်တို့နားမှာ ကြားချင်စဖွယ် မဟုတ်တော့သလို … လက်မခံတဲ့သူတွေများလာတာ တွေ့ရတယ်။
ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာတော့ (သမ္မာကျမ်းစာလာ) ဘုရားသခင်ကတော့ အမျက်တော်ကြီးလှတယ်ဆိုတာကို ရှင်းလင်းပျက်သားစွာ ပြောထားပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အလုံးစုံကို ခံယူသင်ကြား လက်ခံရမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ အမျက်တော်အကြောင်းကိုလည်း မလွဲမရှောင် လေ့လာလက်ခံရပါလိမ့်မယ်။ ဘုရားသခင်နဲ့ပတ်သက်လို့ ကျွန်တော်တို့ သိထားသမျှ ဂုဏ်အင်္ဂါလက္ခဏာတွေအားလုံးဟာ သူ့ရဲ့အမျက်တော်အကြောင်း မပါရင်တော့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ – မေတ္တာတော်ရှင်၊ ဂရုဏာတော်ရှင်၊ သန့်ရှင်းသောသူ၊ ကောင်းမြတ်သောသူ၊ အမြင့်ဆုံးသောသူ၊ တန်ခိုးတော်ရှင် ဆိုတာတွေဟာ အမျက်တော်နဲ့ ယှဉ်တွဲဆက်နွယ်မှု မရှိရင်တော့ ယုတ္တိဆန်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးအတွက် ဘုရားသခင် ဆိုတာက ကျွန်တော်တို့ စိတ်ကူးပုံဖော်ထားတဲ့ စိတ်ကူးနယ်ပယ်ထဲက ဆင်းတုတစ်ခုလိုပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင် မဟုတ်ပါလား။ ဟုတ်ပါတယ် … ကျွန်တော်တို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် ဘုရားသခင်ဟာ ကောင်းမြတ်တယ်၊ သနားစုံမတ်တော်မူတယ် ဆိုရုံပဲ ကျွန်တော်လို့ လိုချင်လာတော့တယ်။ နောက်ဆုံးတော့ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ရုပ်သေးတစ်ခုအလားပဲ ဖြစ်လာတယ် မဟုတ်လား။
သမ္မာကျမ်းစာတလျှောက် ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ သစ္စာရှိတော်မူခြင်း နှင့် သန့်ရှင်းခြင်းဘုန်းတော်ကို မထင်မဲ့မြင်ပြုတော်မူသော လူတိုင်းအပေါ်မှာ ဘုရားသခင်အမျက်တော် ထွက်တယ်ဆိုတာကို ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ တကယ်တော့ သူ့ရဲ့ အမျက်တော်ရဲ့ နက်ရှိုင်းခြင်းကို ကျွန်တော်တို့ ပိုသိလေလေ သူ့ရဲ့မေတ္တာတော် ဂရုဏာတော်ကို ကျွန်တော်တို့ ပိုပြီးနားလည် တန်ဖိုးမြတ်နိုးလေလေဖြစ်မှာပါ။

အမျက်တော်ရှိတာကို လူတစ်ချို့ မုန်းတီးတယ် … မနာလိုလို့ …. သူ့ကိုယ်သူ မထိန်းသိမ်းနိုင်လို့ လူသဘောနဲ့နှိုင်းပြီး အလွဲနားလည်နေကြလို့ ဘုရားသခင်ရဲ့ မြင့်မြတ်သော အမျက်တော်ကို အလွဲယူနေကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး … ဘုရားသခင်ရဲ့ အမျက်တော်ဟာ သူ့ရဲ့ သန့်ရှင်းခြင်း နဲ့ ကောင်းမြတ်ခြင်းကနေ လာတာပါ။ ဘုရားသခင်ရဲ့ အမျက်တော်ဆိုတာက မဖြောင့်မတ်သောအရာအလုံးစုံအပေါ်ထားရှိတဲ့ သူ့ရဲ့ ထာဝရ ရွံ့မုန်းမှုဖြစ်ပါတယ်။ အပြစ်တရားအပေါ် နှစ်ထောင်းအားရခြင်းမရှိတဲ့ ဘုရားရဲ့ ဂုဏ်တော်ဆိုရင်လည်း မမှားပါဘူး။ မကောင်းမှုတွေအပေါ် စီရင်ခြင်း ချမှတ်စေရန်သည့် အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားသခင်ရဲ့ အမျက်တော်ဟာ သူ့ရဲ့ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ သန့်ရှင်းခြင်း၊ ကောင်းမြတ်ခြင်းများနည်းတူ အမှန်ရှိတယ်ဆိုတာ အသိအလင်းပြောချင်ပါတယ်။ ရောမ ၁း၁၇ ထဲမှာ ဧဝံဂေလိတရား (ကျေးဇူးတော်အားဖြင့်) ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟာ ယုံကြည်သောသူအဖို့ ထင်ရှားတယ်လို့ ပြောထားသလို၊ အခန်းငယ် ၁၈ မှာတော့ “သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏” ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရောမ ၂း၅ မှာလည်း “ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော” ဆိုပြီး သတိပေးထားပါသေးတယ်။ ဧဖက် ၅း၆ တွင်လည်း “လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏” ဟု ဆိုထားပါတယ်။ ဆက်ကြည့်မယ်ဆိုရင်တော့ နောက်ဆုံးသော ကာလအချိန်အခါမှာ ဘုရားသခင်ရဲ့ အမျက်တော် သွန်းလောင်းမယ်ဆိုတဲ့အကြောင်း နဲ့ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာကို ဗျာဒိတ်ကျမ်းထဲမှာ ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။

သို့ပေမဲ့လည်း ယနေ့မှာ ကျေးဇူးတော်ကြောင့် အမျက်တော်သင့်သည့် အပြစ်များအားလုံးကို ဆောင်သွားတော်မူသော ဘုရားသခင်၏ သိုးသူငယ်ကြောင့် (ဧဝံဂေလိတရားကြောင့်) ကျွန်တော်တို့ဟာ အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင် ခွဲခန့်မထားဘူးဆိုတာကိုလည်း သိစေချင်ပါတယ် (၁သက်၊ ၅း၉)။

ဒါကြောင့် ဧဝံဂေလိတရားရဲ့ အတိမ်အနက်ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်မှာ ထင်ရှားတယ်ဆိုရင်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အတိမ်အနက်ဟာ ဘုရားသခင်ရဲ့ အမျက်တော်မှာ ထင်ရှားမယ်လို့ ပြောရင်တော့ မှားမယ် မထင်ပါဘူး။ ဒါ့အပြင် ဘုရားသခင်ရဲ့ အမျက်တော်အတိမ်အနက်ဟာလည်း သူ့ရဲ့ သန့်ရှင်းကောင်းမြတ်ခြင်းမှာ မြင်တွေ့နိုင်တယ်လို့ ပြောလို့ရပါတယ်။
ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ခံစားသောသူအနေဖြင့် ဘုရားသခင်ကို ချီးမွမ်းနိုင်သကဲ့သို့ အမျက်တော်၏ အစစ်မှန်ဖြစ်ခြင်းကို နားလည်ကာ အမျက်တော်အောက်ကျရောက်မည့်သူများအား အချိန်မီ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း သတင်းကောင်းအား ဆက်လက်မျှဝေနိုင်ကြပါစေ။

အာမင်

#thylogos