Skip to content

အရင်ဆုံး ကျွန်တော်အနေနဲ့ နိုင်ငံရေးလည်း မပြောချင်သလို၊ ပုဂ္ဂိုလ်ရေးလည်း မပြောချင်ပါဘူး … ကျွန်တော် ဦးတည်ပြီး ပြောသွားမှာက သမ္မာတရားအကြောင်း အရာပဲ (အထူးသဖြင့် ခရစ်ယာန်တွေအတွက်) ဖြစ်တယ် ဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်က သမ္မာတရား ပြောပြီဆိုရင်လည်း နိုင်ငံရေးပဲဖြစ်ဖြစ် – ပုဂ္ဂိုလ်ရေးပဲ ဖြစ်ဖြစ် မသမ္မာမှု ပါလာရင်တော့ ဆက်စပ်ပြီး ထည့်ပြောရတာလည်း ရှိတယ်ဆိုတာကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော့်တင်ပြချက်မှာ အမှားတွေ ပါလာလို့ ရှိရင်လည်း ထောက်ပြ ပြောဆိုနိုင်ပါတယ်။ (ဆဲတော့ မဆဲလိုက်ပါနဲ့)

“ဥပဒေအထက် ဘယ်သူမှ မရှိရ” ဆိုတဲ့ တင်ပြချက်နဲ့ အစပြုချင်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ဒီစကားလုံးက ကျွန်တော်တို့ မြန်မာနိုင်ငံကို တော်တော်လေး ဂယက်ထစေပါတယ်။ ဆရာဦး ဒေးဗစ်လား အရေးပဲ ဖြစ်ဖြစ် – ဗိုလ်တစ်ထောင် အရေးပဲ ဖြစ်ဖြစ် ကျွန်တော်တို့တွေ အမြင်တွေ ကွဲလွဲကြတာများ .. online မှာ သတင်းတွေအောက်က comments တွေကို ဝင်မဖတ်ချင်လောက်အောင်ပါပဲ …

အကြောင်းအရာပြန်ဆက်ရမယ်ဆိုရင် “ဥပဒေအထက် ဘယ်သူမှ မရှိရ” ဆိုတဲ့ အဆိုပြုချက်ကို နိုင်ငံသားတိုင်း (ခရစ်ယာန်အားလုံး) က လက်ခံအားပေးထောက်ခံကြပေမဲ့ “နှုတ်ကပတ်တော်အထက် ဘယ်သူမှ မရှိရ” လို့ ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ခရစ်ယာန်တွေ နိုင်ငံရေးလောက် တန်ဖိုးမထားတာလား။ မေ့ထားတာလား။ လောကဥပဒေသတွေရဲ့ အထက်မှာတောင် ဘယ်သူဘယ်ဝါမှ မရှိသင့်ဘူးဆိုတာ နားလည်ခံယူထားတဲ့ ကျွန်တော်တို့ ခရစ်ယာန်တွေ ရေးလိုက်ကြတာ – သူများကိုမှအားမနာ “ဒါမဖြစ်သင့်ဘူး” “မမှန်ကန်ဘူး” “ဥပဒေနဲ့မညီဘူး” ဆိုပြီး facebook ဆန္ဒပြပွဲကြီး ကျင်းပနေကြတာ မမြင်ချင်မှ အဆုံးပဲ။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် (တရားတော် – ဥပဒေ) အထက်မှာ ဘယ်သူမှ မရှိရ သို့မဟုတ် ထိုနှုတ်ကပတ်တော်တရားကို ဘယ်သူမှ ထည့်ပေါင်း/နှုတ်ယူ ခွင့်မရှိဆိုတဲ့ သွန်သင်ချက်ကို ကျွန်တော်တို့ လျစ်လျူရှု သို့မဟုတ် လုံးလုံးနားမလည်ပဲ လောကီတရားနုဘက်မှာကျတော့ အားကြီးလိုက်ကြတာများ …. တစ်ဖက်မှာ တရားဥပဒေ စိုးမိုးတာကို လိုချင်တယ်လို့ အော်နေတဲ့ ကျွန်တော်တို့ (ခရစ်ယာန်တွေ) ပဲ ဘုရားသခင်ရဲ့ တရားတော် စိုးမိုးခြင်း၊ တရားတော်နဲ့ ကိုက်ညီရေးကို တဖက်မှာ လျစ်လျူရှုနေတယ်။ ကျွန်တော်တို့ ပြောဆိုချက်၊ ရပ်တည်ချက်တွေဟာ တသမတ်တည်း မရှိတာကို အထင်းသား မြင်နေရတယ်။ သူများကို တိုင်းလိုက်တဲ့ ချိန်ခွင်က ကိုယ့်ဘက်မှာ ပိုလေးနေတယ်ဆိုတာ သတိထားမိစေချင်ပါတယ်။ လောကီသားတွေရဲ့ မျက်စိထဲက အမှိုက်သေးလေးကိုပဲ မြင်ပြီး ကိုယ့်ဝိညာဉ်ရေးမျက်စိထဲက အမှိုက်ကြီးကိုတော့ မြင်တဲ့သူတွေများ ဖြစ်နေမလား။ “လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်” ဆိုတဲ့ သခင့်စကားတော်ကို ပြန်လည်ကြားယောင်မိပါရဲ့ (မဿဲ ၇း၅)။

သမ္မာတရားတော်နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပုဂ္ဂိုလ်စွဲလို့ မရတော့ဘူး။ သမ္မာတရားမှ သမ္မာတရား ဖြစ်နေရမယ်။ ဘာလို့လဲဆိုတာ ဒီသမ္မာတရားဟာ ထာဝရ အကြွင်းမဲ့ တစ်ခုတည်းသော အမှန်တရား (eternally exclusive) ဖြစ်နေလို့ပါပဲ။ သမ္မာတရားက နည်းနည်းမှ လွဲလို့မရဘူး …
အဲဒီလို ပြောတဲ့အခါမှာ … “မမှားတဲ့သူ ဘယ်သူ ရှိလို့လဲ။ အခု စာရေးသူရော မမှားဖူးလို့လား” ဆိုပြီး မေးလာရင်။ ဟုတ်ပါတယ်။ ကျွန်တော်အခု ပြောနေတာလည်း လူသားမမှားနိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး .. သမ္မာတရား မမှားနိုင်ဘူးလို့ ပြောတာပါ။ လူသားဘက်ကနေ နည်းနည်းမှ မှားလို့မရဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး .. မှားကြပါတယ် … မှားနေဦးမှာပဲ .. ဆိုတာ ကျွန်တော် အတိအကျပြောနိုင်ပါတယ်။ ဒါဆိုရင် “ပြီးပြီလေ .. လူပဲ မှားမှာပေါ့ … နားလည်မှု ကြီးကြီးထား၊ စာနာတတ်ပါစေ.. မေတ္တာပြပေါ့ ဘာတွေလာပြောနေတာလဲ” လို့ ကျွန်တော့်ကို ပြောနိုင်ပါတယ်။ “မကူညီချင်နေ မဝေဖန်ပါနဲ့” ဆိုတာတွေက များလာတာတွေ့ရတယ်။ (လူပဲမှားမှာပေါ့) ဆိုတဲ့ စကားလုံးက ဆင်ခြေပေးဖို့မဟုတ်ပါဘူး .. “ဆင်ခြင်ပြင်ဆင်ပေး”ဖို့ ဆိုတာတော့ ကျွန်တော်တို့ မေ့ထားကြတာများလား – ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် “စုံလင်သောသူ” ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏ (၂တိ၊ ၃း၁၆-၁၇)။

ဒါကြောင့် အဲဒီလိုတွေ ပြောလိုက်တာနဲ့ ကျွန်တော်တို့ “စံ” ထားပါတယ်ဆိုတဲ့ “သမ္မာတရား” အပေါ်ကို ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာပဲ ကျွန်တော်တို့ တက်ခွ/တက်နင်း လုပ်ပြီးသွားပြီဆိုတာ သတိထားစေချင်တယ်။ “ဟုတ်တယ်လေ … ဘုရားသခင်က မေတ္တာထားဖို့ .. ခွင့်လွတ်ဖို့ .. စာနာနားလည်ပေးဖို့ ပြောထားတာပဲ ဘာမှားလို့လဲ” လို့ ပြောနိုင်ပါတယ်။ (စကားမစပ် ဒီလို ဆွဲယူသွန်သင်တာတွေကို ရှေ့နောက်အကြောင်းအရာမဲ့ သွန်သင်ခြင်း – out of Context-teaching or preaching လို့ခေါ်ပါတယ်။ အလွယ်နည်းဆိုရင်တော့ လိုရာဆွဲဟောတရားဒေသနာများလို့ ပြောရပါမယ်။) ဟုတ်ပါတယ် (မှန်ပါတယ်လို့ မပြောလို) .. ကျမ်းစာထဲမှာ မေတ္တာထားရမယ်၊ စာနာရမယ် စသည်ဖြင့် သွန်သင်ထားတယ်ဆိုပေမယ့် … “ဖြောင့်မတ်စွာ တရားတော်နှင့်အညီ” မေတ္တာထားဖို့၊ ခွင့်လွတ်ဖို့.. စာနာနားလည်ပေးဖို့..သွန်သင်ထားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဉပမာပေးရမယ်ဆိုရင် – ကျွန်တော်တို့ရဲ့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်က အပြစ်ရှိသောသူတို့ကို အပြစ်ရှိစဉ်ပင် ချစ်တာပဲ ..(ရောမ ၅) … ဟုတ်ပါတယ် အဲဒီချစ်ခြင်းကို ပြသဖို့ကို တရားတော်နဲ့အညီ သားတော်ရင်းကို ပေးခဲ့တယ် (အပြစ်တရား၏ အခကား သေခြင်း – ရောမ ၆း၂၃) ပေးခဲ့တယ် ဆိုတဲ့အပိုင်းကတော့ ခေါက်သိမ်းထားကြတဲ့ မေတ္တာသာလိုချင်ပြီး တရားတော်ကို မလိုချင်တဲ့ သူတွေများနေတာ တွေ့ရတယ်။ တရားတော်မပါသော မေတ္တာဆိုတာက ကျွန်တော်တို့ သိထားတဲ့ “နားလည်မှု” ဆိုတဲ့ နိုင်ငံရေး ဝေါဟာရရဲ့ ဆိုလိုရင်း အဆင့်ပဲ ဖြစ်သွားပါလိမ့်မယ်။ သို့မဟုတ်ရင်တောင် “မျက်နှာကြီးရာ ဟင်းဖက်ပါ” ဆိုတာမျိုးပေါ့။ ဘုရားသခင် ပြုတော်မူသော အမှုတိုင်း (မေတ္တာ၊ စေတနာ၊ ကျေးဇူးတော်၊ ဂရုဏာတော်) တွေအားလုံးဟာ တရားတော်နှင့်အညီ ဖြစ်တယ်ဆိုတာ သတိချပ်စေချင်တယ်။

နောက်ပြီး သိစေချင်တာက သခင်ခရစ်တော်ကိုယ်တိုင်က သမ္မာတရား (Truth) ဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ သမ္မာတရားကို ထပ်ပေါင်း သို့မဟုတ် နှုတ်ယူ လို့မရဘူးလို့ ကျမ်းစာတော်မြတ်ကိုယ်၌က ပြောထားတယ်မဟုတ်လား (တရားဟော ၄း၂၊ ဗျာဒိတ် ၂၂း၁၈)။ ရှင်ပေါလုကိုယ်တိုင်က အခြားသော ဧဝံဂေလိတရားကို ဟောသောသူ (လူဖြစ်စေ/ကောင်းကင်တမန်ဖြစ်စေ) ဟာ ကျိန်ခြင်းကိုခံစေ၊ သမ္မာတရားအတိုင်း မပြောရင်လည်း သူဟာ ဘုရားသခင်ရဲ့ ကျွန်အစစ်အမှန် မဟုတ်တဲ့ အကြောင်းကိုလည်း အတိအလင်း ပြောခဲ့ပါသေးတယ် (ဂလာတိ ၁း၈-၁၀)။

ဒါဆိုရင် အဲဒီသမ္မာတရားမှာ စာနာမှု၊ မေတ္တာတရားထားရှိဖို့ သွန်သင်ထားတာတွေ မရှိတော့ဘူးလား … မဟုတ်ပါဘူး .. အဲဒီသမ္မာတရားအရှင် ဘုရားသခင်ကပဲ မှားယွင်းတဲ့သူတွေအတွက် မေတ္တာ၊ စေတနာ၊ ဂရုဏာ ထားလွန်းလို့ကို သမ္မာတရားနဲ့အညီ (သမ္မာတရားကို ကျော်မသွားပါဘူး) လွတ်မြောက်နိုင်ဖို့ရန် လမ်းပြင်ဆင်ပေးထားပါတယ် – အဲဒီလွတ်မြောက်ရာလမ်းကဘာလမ်းလဲလို့ မေးလာရင် .. သမ္မာတရားလမ်း (ခရစ်တော်) ပဲဖြစ်တယ်လို့ ပြောရပါမယ် (ယောဟန် ၁၄း၆ နှင့် ရောမ ၃း၂၅-၂ ကို ရှုကြည့်ပါ)။ ဆိုတော့ အဲဒီသမ္မာတရားလမ်းအတိုင်း လွတ်မြောက်ခြင်း/ခွင့်လွှတ်ခြင်း ရရှိနိုင်ဖို့ မိမိမှားယွင်းခဲ့တဲ့အရာ (သမ္မာတရားအထက်မှာ ကျော်ခွ/စကားကျွံ/လက်ကျွံ/စိတ်ကျွံ ခဲ့တဲ့အရာ) တွေအတွက် နောင်တရပြီး အဲဒီသမ္မာတရားလမ်းအတိုင်း ယုံကြည်သက်ဝင်ကာ ပြန်လည်လျှောက်ခြင်းသာ ဖြစ်ပါတယ်။ တစ်ခြားနည်းလမ်းမရှိပါဘူး။ ဒီနေရာမှာ တွေ့မြင်နိုင်တဲ့ အရာက သမ္မာတရားဟာ မှားယွင်းတဲ့လူအပေါ် မေတ္တာထား၊ စာနာသနားလို့ သမ္မာတရားဥပဒေကို လျှော့ချပေးခဲ့တာမဟုတ်ပါဘူး .. သမ္မာတရားကို အပြည့်အဝ ကိုယ်စားပြု ပြည့်ဝစေခဲ့တဲ့ ခရစ်တော် (ရာနှုန်းပြည့် သမ္မာတရား) ကိုပဲ ကျေးဇူးတော်အားဖြင့် ပြန်ပေးခဲ့တာပါ။ “…သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” လို့ ယေရှုကိုယ်တိုင်က ပြောခဲ့တယ် မဟုတ်လား (ယောဟန် ၈း၃၂)။ ဒီကျမ်းချက်အရ သမ္မာတရားကပဲ ကျွန်တော်တို့ လွတ်မြောက်စေတယ် ဆိုတာ ထင်ရှားပါတယ်။

ဘယ်သူဘယ်ဝါ မှားမှား နောင်တရပြီး သမ္မာတရား လမ်းအတိုင်း ပြန်မလျှောက်ရင်တော့ ဘယ်လိုမှ ဘုရားရဲ့ ဘုန်းတော်ထင်ရှားစေမှာ မဟုတ်ပါဘူး .. ဘယ်လောက်ပဲ ဆုတောင်းပေး၊ ဆုတောင်းပေး၊ မှန်ကန်သော ဘုန်းတော်ကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ နောင်တရလျက် သမ္မာတရားလမ်းအတိုင်း ပြန်လည်လျှောက်လှမ်းလာစေရန်အတွက် ဆုတောင်းပေးခြင်းမဟုတ်ပါကလည်း ဆုတောင်းပေးသော ကျွန်ုပ်တို့ပင်လျှင် လွဲနေသည်မဟုတ်ပါလား။ လွဲမှားခဲ့တဲ့အရာတွေအတွက် နောင်တရလို့ သမ္မာတရားအတိုင်း ဆင်ခြင်လိုက်လျှောက်ကြပါမှ ဘုရားသခင်ရဲ့ ဘုန်းတော်သည် ကျွန်တော်တို့အားဖြင့် အမှန်ထင်ရှားပါလိမ့်မည်။

သမ္မာတရားအထက် ဘယ်သူမှ မရှိရ။ (ရှိလည်း မရှိနိုင်)
သမ္မာတရားတွင် လျှော့စျေးမရှိ။
မေတ္တာကြီးမားတော်မူသောကြောင့် ဘုရားသခင်သည် သမ္မာတရားကို ကျွန်ုပ်တို့အား ကျေးဇူးတော်ကြောင့် ယုံကြည်နောင်တရခြင်းအားဖြင့် ရရှိနိုင်ရန် ပြင်ဆင်ထားနှင့်ပါပြီ။ နောင်တရကာ ယုံကြည်သောအားဖြင့် ထိုသမ္မာတရားလမ်းအတိုင်း ပြန်လည်တိုးဝင်နိုင်ကြပါစေ။

မေတ္တာဖြင့်

#λόγος #thylogos