ကျွန်တော်တို့ နိုင်ငံမှာရယ်လို့ မဟုတ်ပါဘူး နိုင်ငံတကာမှာ ခရစ်ယာန်ဂိုဏ်းဂဏတွေ၊ အဖွဲ့အစည်းတွေမှာ မတူညီ ကွဲပြားတဲ့ သွန်သင်ချက်၊ ကျင့်သုံးချက်တွေ များစွာ ရှိနေပါတယ်။ ဒီလို ကွဲပြားချက်တွေဟာ အခုခေတ်အချိန်အခါမှ သြဝါဒကွဲတွေ ရှိလာတာမဟုတ်ပါဘူး … ကမ္ဘာဦးကတည်းကနေ ခေတ်အဆက်ဆက် သွန်သင်မှုတွေ ကွဲပြားခဲ့ကြတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရန်သူတော် စာတန်ကိုလည်း မထည့်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံး သွန်သင်ချက်အလွဲကို ချပေးခဲ့တဲ့သူက သူကိုယ်တိုင် ဖြစ်နေတယ်။ ဒီလိုနဲ့ ဘုရားရဲ့ စကားတော် သွန်သင်ချက် သို့မဟုတ် ဖွင့်ပြချက် အသစ်တွေ ရှိလာတိုင်း လွဲမှားတဲ့ သွန်သင်ချက်တွေကလည်း တန်းစီပြီး လိုက်လာပါတယ်။
ဒီနေရာမှာ မေတ္တာထားနိုင်လိမ့်မယ် ဆိုတာလေးကို နည်းနည်း ထပ်ရှင်းချင်တယ်။ ကိုယ်ချစ်တဲ့သူ (အမှန်တကယ် ချစ်တဲ့သူ) ကို မေတ္တာပေးတဲ့အရာမှာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မသိပဲနဲ့ သူမှားနေတယ် ဆိုရင် လမ်းမှန်ကို ဆွဲခေါ်ခြင်း ဖြစ်တယ် ဆိုတာကို သိစေချင်တယ်။ မေတ္တာစစ်ဆိုတာက မှားနေတာကို သိလျက်နဲ့ ဖြစ်ပါစေ၊ ထားလိုက်ပါ ငါပြောလိုက်ရင် သူစိတ်မကောင်းဖြစ်သွားအုံးမယ် (ငါတို့အကြား မခေါ်မပြောနိုင်ပဲ ဖြစ်သွားအုံးမယ်) ဆိုပြီး မှားယွင်းခြင်း လမ်းထဲမှာ မသိသလိုနေပြီး စွန့်ပစ်ထားခဲ့မှာ မဟုတ်ဘူး။ သမ္မာတရားနဲ့အညီ မေတ္တာနဲ့ ဆွဲခေါ်မှာ၊ သွေးဆောင်မှာ၊ သွန်သင်မှာ၊ အမှားကိုထောက်ပြမှာ (အပြစ်စီရင်တယ်လို့ အချို့တွေက ထင်နေအုံးမယ်)၊ အမှန်ကို လုပ်ဆောင်နိုင်အောင် ကူညီမှာ ဖြစ်တယ်။ ဒါကမှ မေတ္တာစစ်…(၁ကော၊ ၁၃)။
ကျွန်တော့်ရဲ့ ဆရာတပါးက “စစ်မှန်တဲ့သမ္မာတရားတစ်ခုတည်းအတွက်ပဲ လူတွေက သင့်ကို ကဲ့ရဲ့ ပြစ်တင် ညှင်းပန်းနှိပ်စက်ကြပါစေ – သင့်ရဲ့ အပြုအမူ၊ မဆင်ခြင်မှု၊ စည်းကမ်းမရှိမှု၊ သစ္စာမဲ့မှု၊ နှုတ်လျှာမစောင့်စည်းမှု နဲ့ စားသောက်မှုတွေကြောင့်တော့ ဘယ်တော့မှ ဘုရားသခင်ရဲ့ နာမတော်ကို အကဲ့ရဲ့ မခံပါစေနဲ့” ကျွန်တော်ကို သေသေချာချာ မှာခဲ့ဖူးတယ်။ အခုထိ မေ့မရဘူး။ ကျွန်တော်တို့ကို လူတွေ ပြောလာကြတဲ့အခါ သို့မဟုတ် ကဲ့ရဲ့ပြစ်တင်လာတဲ့အခါ ကျွန်တော့်ဆရာရဲ့ စကားကို အမြဲတမ်းလိုလို “ပြန်ဆင်ခြင်” တယ်။ သမ္မာတရားအတွက် ကြောင့်မဟုတ်ရင်တော့ ကျွန်တော် “ပြန်ပြင်ဆင်” တယ်။ လိုအပ်ရင် ကိုယ်ကိုကိုယ် ဆုံးမတယ် (၁ကော၊ ၉း၂၇)။ သခင့်ရှေ့တော်မှောက် အပြစ်ဝန်ချတောင်းပန်လို့ အလိုတော်နှင့်အညီ ပြန်လည် ပြင်ဆင်ရပါတယ်။