အခု လက်ရှိဖြစ်နေတဲ့ Covid-19 ကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း ကူးစက်မှုတွေရှိလာတာနဲ့အမျှ အစိုးရက အတတ်နိုင်ဆုံး (ကိုယ့်နိုင်ငံ Level နဲ့အညီ) ကြိုးစား ဖြေရှင်းနေကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ နဲ့ အခြားအဖွဲ့အစည်းများအားလုံးလည်း ပြည်သူတွေနဲ့အတူ Covid-19 ကို ဝိုင်းဝန်းတိုက်ခိုက်နေကြပါတယ် (ဝိုင်းဝန်းတိုက်ခိုက်ရမယ့် အချိန်လည်းဟုတ်တယ်)။ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နိုင်ငံသားတိုင်း (ဘယ်ဘာသာမဆို) လိုက်နာရမယ့်အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံဟာ ဘာသာတရားအားဖြင့်ကြည့်ရင် ဗုဒ္ဓဘာသာအများစုဖြစ်ပါတယ်။ သို့သော် အစိုးရက အခုလိုအချိန်မှာ လူစုလူဝေး မလုပ်ဖို့ တားမြစ်ချက်တွေ ထုတ်ထားတာဟာ ခရစ်ယာန်တွေကို ဘာသာရေး ပိတ်ပင်ချင်လို့ တားမြစ်တာတွေ လုပ်တယ်လို့ ကျွန်တော်ကတော့ လုံးဝ မထင်ပါဘူး။ အားလုံး သိထားတဲ့အတိုင်း Covid-19 ကပ်ရောဂါဟာ ကူးစက်လွယ်ရောဂါ ဖြစ်တဲ့အတွက် Physical/Social Distancing လုပ်ခြင်းအားဖြင့် ပြန့်နှံ့မှုကို နှေးကွေးစေတယ် သို့မဟုတ် ကူးစက်မှု နယ်ပယ်ကို ကျဉ်းမြောင်းသွားစေတဲ့အတွက် အိမ်မှာနေဖို့ နဲ့ လူစုလူဝေး (ဘာသာရေးပွဲဖြစ်ဖြစ်/လူမှုရေးပွဲဖြစ်ဖြစ်/ရိုးရာပွဲဖြစ်ဖြစ်) မလုပ်ဖို့ နိုင်ငံတော်၏ ထုတ်ပြန်ကြေညာချက်ကို ကျွန်တော်ကတော့ ရာနှုန်းပြည့် ခရစ်ယာန်တစ်ယောက်အနေနဲ့ ထောက်ခံသလို၊ နာခံလိုက်လျှောက်ပါတယ်။
ဆိုတော့ ….. ခရစ်ယာန်တစ်ယောက်အနေနဲ့ ခရစ်ယာန်အချင်းချင်းကို အရင်ဆုံး တိုက်တွန်းချင်ပါတယ်။ အစွန်းမရောက်ကြပါနဲ့။ ခရစ်တော်ကို ယုံကြည်ရင် သို့မဟုတ် လက်ခံထားရင် ကျန်းမာမယ်၊ ရောဂါတွေက မကပ်နိုင်ဘူး … ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးတော့ ဘုရားသခင်ရဲ့ တရားတော်နဲ့ မညီပဲ စိတ်အလိုလိုက် (သမ္မာတရားလေ့လာအနက်ဖွင့်မှု အားနည်းခြင်းကြောင့်) အစွန်းရောက်ကာ ပညာမဲ့ (သတိမဲ့) ကြွေးကြော်တာမျိုး မလုပ်ကြရအောင်ဗျား။ ဝတ်ပြုဖို့ စည်းဝေးတာတွေကိုလည်း ရပ်တန့်ထားပေးပါ။ ဝတ်ပြုတယ်ဆိုတာ စုဝေးမှ မဟုတ်ပါဘူး မိမိရှိတဲ့အရပ် (နေအိမ်မှာ၊ အလုပ်မှာ၊ Quarantine ထားခံရတဲ့နေရာမှာ၊ ဆေးရုံမှာ) နာမ်ဝိညာဉ်နဲ့လည်းကောင်း၊ သမ္မာတရားနဲ့လည်းကောင်း အသက်ရှင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ပါတယ်။ တကယ်တော့ အခုလိုအချိန်က ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ ဘုရားအပေါ်ထားရှိတဲ့ စိတ်သဘောထား၊ ကိုးကွယ်မှုတွေ စစ်မှန်သလားဆိုတာ စစ်ဆေးဖို့ အကောင်းဆုံး အချိန်ပဲ မဟုတ်လား။ ဆက်လက်ပြီးတော့ အိမ်မှာနေရင်း၊ လက်ဆေးရင်း၊ ကိုးကွယ်ထိုက်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြတာပေါ့။
ဒီကြားထဲမှာ တစ်ချို့ အစွန်းရောက်ဘာသာရေးသမားတွေကလည်း Covid-19 ကို တိုက်ခိုက်ရမယ့်အစား ဘာသာစွဲ/လူမျိုးစွဲကာ အချင်းချင်း တိုက်ခိုက်နေကြတာက အလွန်ဝမ်းနည်းဖွယ်ဖြစ်ပါတယ်။ အခုက ဘာသာရေးတိုက်ပွဲလုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ (နိုင်ငံရေး ပါတီတွေအကြောင်းတော့ ထည့်မရေးတော့ပါဘူး)။ ဘယ်သူကမှ ဒီရောဂါဆိုးကြီးကို ကူးစက်ခံချင်မှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဖို့ ဆိုတာက ဝေးပါတယ်။ ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ် ကူးစက်ခံရပြီဆိုရင် စာနာပေးပါ။ အခုက ကူးစက်ခံရသူတိုင်းကို ကျွန်တော်တို့က ရာဇဝတ်သားတစ်ယောက်လို ကြည့်ကြတယ်၊ ဆက်ဆံကြတယ်၊ အပြစ်တင်ကြတယ်။ အားပေးစကားပြောတယ် မရှိဘူး ဆဲကြတယ်၊ အပြစ်တင်ကြတယ်။ ဟိုမှာက ရောဂါတဖက် လက်ညိုးထိုး ပြစ်တင်ကြတဲ့ စကားသံတွေကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ အပြစ်တင်ခြင်းဆိုတဲ့ ကပ်ရောဂါပါ ခံစားရလေတော့ သူ့ကိုသူ guilty ဖြစ်လို့ စိတ်ဓာတ်တွေ ကျလေပါရဲ့။ အဲဒီလို ဆဲဆိုပြစ်တင်နေတာထက် ဆုတောင်းမေတ္တာပို့ကြပြီး – အခြားလူတွေဆီ မကူးစက်ရလေအောင် သင်ခန်းစာတစ်ခုအဖြစ်နဲ့ (အပြစ်တင်တဲ့သဘော မဟုတ်ပဲ) အပြုသဘောဆောင်ပြီး မျှဝေပေးကြပါစို့လား။