Skip to content

Merry Christmas to you all …

မိတ်ဆွေများအားလုံး ဝမ်းမြောက်ဖွယ် ခရစ္စမတ်စ် ပါလို့ရှေးဦးစွာ နှုတ်ခွန်းဆက်ပါရစေ။ Christmas ဟာ ဘာကြောင့်ဝမ်းမြောက်စေတာလဲဆိုရင် ဒီ Christmas ရဲ့ အဓိကဖြစ်တဲ့ သခင် ယေရှုရဲ့ လူ့ဇာတိအဖြစ် ဆင်းကြွလာရတဲ့ အကြောင်းရင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့က သမိုင်းအထောက်အထားတွေနဲ့ သခင် ယေရှုဟာ အခုလက်ရှိကျင်းပနေတဲ့ December လမှာမွေးခဲ့တာမဟုတ်ဘူးဆိုပြီး အငြင်းပွားဖွယ်ရာတွေဖြစ်ကြတယ်။ ဒါပေမဲ့ ထိုအငြင်းကပင်လျှင် သခင်ယေရှုဟာ ဖွားမြင်ခြင်းကို ခံယူတော်မူခဲ့တယ်ဆိုတာကို သက်သေထူလျက်ရှိတယ်။ ဆိုတော့ သခင် ယေရှုဘယ်လမှာ မွေးလဲအရေးမကြီးပေမဲ့ သခင် ယေရှုမွေးဖွားခြင်းကို အမှီပြုကျင်းပတဲ့ Christmas အဓိပ္ပါယ်လေးကတော့အရေးကြီးပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်

ဘာကြောင့် ယနေ့အချိန်ထိ သခင်ယေရှုမွေးဖွားခြင်းကို ကျင်းပနေကြသလဲ ?

ကျွန်တော်တို့တွေဟာ ကိုယ်အသက်ရှင်တဲ့ကာလတစ်လျှောက်လုံးမှာ ကိုယ့်မွေးနေ့ရောက်တိုင်း အပေါင်းအသင်းနဲ့ဖြစ်စေ၊ ကိုယ့်မိသားစုနဲ့ဖြစ်စေ ပျော်ရွှင်စွာကျင်းပကြသလို ကိုယ်တစ်ယောက်ထဲ တိတ်တိတ်လေးကျော်သွားတဲ့မွေးနေ့လေးတွေရှိပါတယ်။ ဒါပေမဲ့ မွေးနေ့ဆိုတာ အသက်ရှင်တဲ့ ကာလတစ်လျှောက်သာ ကျင်းပလို့ရတာဖြစ်တာတော့သတိချပ်စေချင်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်ကသန်းပေါင်းများစွာသောလူတွေဟာ ယနေ့ချိန်ထိ Christmas ပွဲကို ကျင်းပနေခြင်းဟာ သခင် ယေရှုဟာ ယနေ့ချိန်ထိ အသက်ရှင်နေလို့ပဲဖြစ်ပါတယ်

မွေးနေ့ရှင် ယေရှုရဲ့ နာမည်ဟာ ဘယ်လိုအဓိပ္ပါယ်ရပြီး ဘာအတွက်လာလဲ ?

နာမည်တိုင်းဟာ အဓိပ္ပါယ်ကိုယ်စီရှိကြပါတယ်။ အထူးသဖြင့် ကျွန်တော့်နာမည် တောက်ရှားဦးဆိုလည်း ကြည့်လိုက်ရင် တရုတ်နာမည်လိုလို တိုင်းရင်းသားနာမည်လိုဖြစ်နေပေမဲ့ မေမေရဲ့ရည်ရွယ်ချက်ကတော့ (ထွန်း) တောက် ၊ (ထင်) ရှား ၊ ဦးဦးဖျားဖျား သူများထက်ဖြစ်စေချင်တဲ့အတွက် တောက်ရှားဦးဆိုပြီး အမည်မှည့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အခုလည်း ဒီလိုပါပဲ ယေရှုဆိုတဲ့ နာမတော်ဆိုတာ မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့်ဟု အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သခင် ယေရှုလူ့ဇာတိခံကြွလာခြင်းဟာ မိမိရဲ့ လူတွေအားလုံးကို အပြစ်ဒုစရိုက်ငရဲကကယ်ချွတ်ဖို့အတွက် လာခြင်းဖြစ်ပါတယ်

သခင်ယေရှုနဲ့လူသား ဘာပတ်သက်မှုရှိသလဲ ?

သခင် ယေရှုဟာ သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။
လူသားဟာ အပြစ်ဒုစရိုက်နဲ့ ပြည့်နှက်နေတဲ့လူဖြစ်ပါတယ်။
ဘုရားသခင်နဲ့လူဟာ မိုးနဲ့မြေကွာတာထက်တောင်ကွာပါသေးတယ်။
သို့သော် ကျမ်းစာမှာရေးထားသလို
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဆိုသလို ဘုရားဟာ လူသားအပေါ်မှာ ချစ်ခြင်းရှိတဲ့အတွက် အာဒံနဲ့ဧဝရဲ့ အပြစ်မျိူးနွယ်လူသားတွေအပေါ် အပြစ်ကြောင့် ငရဲဆင်းရဲမခံစေချင်ဘူး

အပြစ်ရဲ့ အဖိုးခကား သေခြင်းဖြစ်တာမို့ ထိုလူသားတွေအတွက် ဗီဇအပြစ်အားလုံးကို ယူတင်ဆောင်ယူဖို့ သခင် ယေရှုဟာ လူ့ဇာတိခံခဲ့ခြင်းဖြစ်တယ် (ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏) ။ ဒါကြောင့် သခင် ယေရှုဟာ ဘုရားဇာတိဖြစ်သော်လည်း လူသားတွေပေါ်ချစ်တဲ့ မေတ္တာသက်သက်ဖြင့် ဆင်းကြွလာခဲ့ခြင်းဖြစ်ပါတယ်

အပြစ်လူသားဟာ ဘယ်လိုနည်းနဲ့ သခင် ယေရှုကို ရယူနိုင်မလဲ ? ဘာအကျိူးသက်ရောက်မှုရမလဲ ?

လူအားလုံး အပြစ်သားမို့ မိမိရဲ့ကောင်းမှုကုသိုလ်နဲ့တော့ ဘယ်တော့မှ အသက်ဝိညာဉ်ဟာ ပြန်မရှင်ပါ … ထာဝရသေခြင်းပဲဖြစ်ပါတယ်။ သို့သော်မိမိဟာ အပြစ်သားဖြစ်ကြောင်း သိမှတ်ဝန်ခံလျက် မိမိအပြစ်မှ နောင်တရပြီး သခင် ယေရှုခရစ်တော်ဘုရားကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားသခင်အဖြစ် စိတ်နှလုံးဖြင့် ယုံကြည်၊ နှုတ်ဖြင့်ဝန်ခံတဲ့ရုံမျှဖြင့် သခင် ယေရှုရဲ့ ကယ်တင်ခြင်းကျေးဇူးကိုရရှိမှာဖြစ်ပါတယ်။ ဒီနေရာမှာ အယူမလွဲဖို့က သခင် ယေရှုကိုယုံတဲ့နေ့ကနေစပြီး အပြစ်ငရဲကလွတ်ပြီမို့ လုပ်ချင်ရာလုပ်လို့ရပြီလို့ မထင်ပါနဲ့။ တကယ်တော့ ခရစ်တော်၌ရှိတဲ့ လူဟာ လူသစ်ဖြစ်သွားတာကြောင့် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့စိတ် မရှိပါ။ သို့သော် ကိုယ်ခန္ဓာရွေးနှုတ်ခြင်း မခံရသေးတာမို့ သခင်ယေရှုကို ယုံကြည်ပြီးသော်လည်း အပြစ်လုပ်မိကောင်း လုပ်မိနိုင်ပါသေးတယ်။ အဲ့လို အပြစ်တစ်ခုခု ကျူးလွန်မိတဲ့အခါ သခင်ယေရှုထံတော်မှာ အပြစ်ဝန်ချတောင်းပန်ပြီး လဲရာက ပြန်ထနိုင်ပါတယ်။ သမ္မာကျမ်းစာက သခင်ယေရှုကို ကယ်တင်ရှင်ဘုရားအဖြစ် ယုံကြည်တဲ့သူတိုင်းကို ဘုရားသခင်ရဲ့သား၊ သမီး ဖြစ်ခွင့်ပေးတယ်လို့ ပြောထားပါတယ်။ ဥပမာပေးရရင် ကိုယ်က အဖေ၊ အမေ မကြိုက်တာကို မတော်တဆသော်လည်းကောင်း၊ သိသိနဲ့သော်လည်း လုပ်မိပေမယ့်လည်း ဘယ်မိဘကမှ သားသမီးအဖြစ်မှ မစွန့်လွှတ်ပါ။ ကျွန်တော်တို့ ဆုံးမမယ်၊ အပြစ်ပေးချင်ပေးမယ်၊ ဒါပေမယ့် ဒါဟာ မချစ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း ကိုယ့်အမှားကိုယ်သိပြီး မိဘကို တောင်းပန်မယ်။ မိဘက ခွင့်လွှတ်ပေးမယ်။ နောင်ဒီအမှားမျိုးမလုပ်နဲ့ဆိုပြီး သွန်သင်ပေးလိမ့်မယ်။ ကျွန်တော်တို့ အကျိုးအတွက် ချစ်လို့ ဆုံးမတာဖြစ်ပါတယ်။ သို့သော် မိဘနဲ့ သားသမီးဆက်နွယ်မှု အပြစ်လုပ်မိလို့ဆိုတဲ့အကြောင်းပြချက်ကြောင့်နဲ့တော့ မပျောက်ပျက်နိုင်ပါ။ ဘုရားသခင်နဲ့ ကျွနု်ပ်တို့ရဲ့ ဆက်နွယ်မှုကလည်း ယေရှုခရစ်တော်အားဖြင့် ထိုနည်း၎င်းပါပဲ။

(လူမည်သည်ကား ခရစ်တော်၌ ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ) ~ သမ္မာကျမ်းစာ

စဉ်းစားကြည့်ရအောင်

မိတ်ဆွေ … သင်ရောကျွန်ုပ်ရော အပြစ်သားပါ။
ကျွန်ုပ်လည်း ဒီလောကရဲ့ဧည့်သည်ဖြစ်သလို သင်လည်း တစ်ချိန်မှာထွက်သွားရမဲ့သူပါ။
ဘယ်လိုထွက်သွားရမလဲဆိုတော့ ခန္ဓာဟာပုပ်စပ်တာမို့မြေ၌ အပ်ခဲ့ရမှာဖြစ်သော်လည်း ဝိညာဉ်ကတော့ မိမိစိုက်ပျိူးခဲ့တဲ့အတိုင်း ဆက်ရိတ်နေရမှာပါ။ အဲ့ဒီအချိန်မှာ မိတ်ဆွေရဲ့ ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာကပိုများမယ်ထင်ပါသလဲ။ သေချာတယ် လူသားဟာ မွေးစကပင်အပြစ်ပါလျက်ရှိတာမို့ ထိုဗီဇအပြစ်ကငရဲကလွတ်မှာမဟုတ်ပါဘူး။ ဒါဆို မိတ်ဆွေ လောကမှာအသက်ရှင်စဉ် လုပ်ခဲ့သမျှသော အကြံအစည်ဟာ အချည်းနှီးပင်ဖြစ်တယ်။ ဒီအရာတွေကနေ အားလုံးလွတ်မြောက်ဖို့ကတော့ အခုကျင်းပနေတဲ့ Christmas
ရဲ့ မွေးနေ့ရှင် သခင်ယေရှု (မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်) ဘုရားဟာ သင့်ရဲ့ ဖိတ်ခေါ်မှုကို အဆင်သင့်စောင့်လျက်နေပါတယ်။ ရိုးရိုးလေးယုံကြည်ပြီး လက်ခံကာ မိမိရဲ့ အသက်တာကို ဘုရားအလိုတော်ဝန်ခံပြီး နောက်တမလွန်ထိပါ ငြိမ်းချမ်းဖို့ သင်ကိုယ်တိုင် နှလုံးသားတံခါးဖွင့်လျက်ကြိုဆိုစေချင်ပါတယ်။

ဒီနှစ်ရဲ့ Christmas မှာ မိတ်ဆွေများအားလုံးကို ကျွန်တော်မှ ဝမ်းမြောက်ဖွယ် သတင်းစကားလေးကို လက်ဆောင်ပေးရင်း သခင် ယေရှုကိုမြည်းစမ်းကြည့်ဖို့ ခွန်အားပေးလိုက်ပါတယ်။ အယောက်စီအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ အာမင်။