Skip to content

ခရစ္စမတ်စ်ကာလရောက်တဲ့အခါတိုင်းမှာ “ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များနဲ့ သမိုင်းဝင်ခဲ့တဲ့ အပိုလို – ၈ မစ်ရှင်ကို ပြန်လည်အောက်မေ့တမ်းတမိပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ဟာဆိုရင် (၅၁) နှစ်မြောက် အပိုလို – ၈ မစ်ရှင်နေ့ဖြစ်ပါတယ်။ ဒီ မစ်ရှင်က ကျွန်တော်တို့လူသားတွေကို အာကာသသိပ္ပံနဲ့ပတ်သက်ပြီး အချက်အလက်အသစ်၊ အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်၊ စိတ်ခွန်အားအသစ်၊ ကမ္ဘာဂြိုလ်ကို ရှုမြင်တဲ့ အတွေးအမြင်အသစ်တွေပေးခဲ့သလို “လကမ္ဘာမှ ခရစ္စမတ်စ်” လို့ လူသိများတဲ့ ခရစ္စမတ်စ်အကြိုနေ့ “အပိုလို – ၈ မစ်ရှင်၏ ကမ္ဘာဦးကျမ်းအား ဖတ်ရွတ်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်” လည်းပါဝင်ခဲ့ပါတယ်။ ထို့အပြင် ခရစ်ယာန်ဘာသာသည်လည်း အာကာသခရီးသွားမှတ်တိုင်သစ် စိုက်ထူနိုင်ခြင်းတွင် ကမ္ဘာဂြိုလ်သို့ သမ္မာကျမ်းစာဖတ်ရွတ်ပြသော ကမ္ဘာ့ပထမဦးဆုံးသော ဘာသာတရားဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုရင် ခရစ်ယာန်ယုံကြည်မှုနဲ့ သိပ္ပံပညာတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်မနေဘဲ အချင်းချင်းထိန်းကျောင်းပံ့ပိုးပေးနေတယ်ဆိုတာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဘုရားမဲ့ဝါဒီတွေရဲ့ လေလုံးကြီးမှုတွေကိုလည်း အသံတိတ်စေခဲ့ပါတယ်။ သိပ္ပံပညာနဲ့ ခရစ်ယာန်ဘာသာတို့ဟာ သဟဇာတမဖြစ်ဘူးဆိုတဲ့ သူတို့ရဲ့ စွပ်စွဲမှုကြီးဟာလည်း အသုံးမဝင်လှတော့ပါ။ ထိုစဉ်က ကွန်မြူနစ်ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ စစ်အေးကာလတိုက်ပွဲရဲ့ အာကာသအားပြိုင်မှု(Space Race) ကြီးမှာ အပိုလို – ၈ မစ်ရှင်က တစ်စိတ်တစ်ဒေသအနေဖြင့် ပါဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘုရားမဲ့ဝါဒီနဲ့ ခရစ်ယာန်ယုံကြည်မှုတို့ရဲ့ အားပြိုင်မှုလို့ဆိုရင်လည်း မှားမယ်တော့မထင်ပါ။ အပိုလို – ၈ မစ်ရှင်နဲ့ ခရစ္စမတ်စ်ဟာ … ဘယ်လိုပတ်သက်နေပါသလဲ။

ပုံ – (၁) – အပိုလို – ၈ အာကာသယာဉ်မှူးများ (James Lovell, William Anders, Frank Borman) – ဝဲမှယာ
Image is credited to : NASA

အပိုလို ၈ ဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ အပိုလိုစီမံကိန်းမှ ဒုတိယမြောက် လူသားလိုက်ပါတဲ့ အာကာသပျံသန်းရေးဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် Saturn V (စေတန် ) အာကာသဒုံးယာဉ်ဖြင့် ပစ်လွှတ်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းကနေ စွန့်ခွာခဲ့ကာ လပတ်လမ်း (Lunar Orbit) ကို ရောက်ခဲ့တဲ့ လူသားလိုက်ပါသော ပထမဆုံး အာကာသယာဉ်ဖြစ်ပါတယ်။ အပိုလို ၈ အာကာသယာဉ်မှူး ၃ ဦးကတော့ မစ်ရှင် ကွပ်ကဲရေးမှူးကြီး ဖရန့်ခ် ဘော်မန်း (Frank Borman) ၊ ကွပ်ကဲထိန်းသိမ်းရေးယာဉ် မောင်းနှင်ရေးမှူး ဂျိမ်းစ် လော်ဗယ် (James Lovell) ၊ လစူးစမ်းရေးယာဉ် မောင်းနှင်ရေးမှူး ဝီလီယံ အန်ဒါစ် (William Anders) တို့ဟာ ကမ္ဘာပတ်လမ်းကြောင်းမှ စွန့်ခွာသော ပထမဆုံးလူသားများ၊ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ပထမဆုံးမြင်ဖူးသူများ၊ ကမ္ဘာမြေထွက်မှု (Earthrise) နှင့် လ၏ အခြားမျက်နှာပြင်တစ်ဖက်ခြမ်း (Far side of the moon) ကို ပထမဦးဆုံး မျက်မြင်သက်သေမြင်ဖူးသူများ ဖြစ်လာခဲ့ကြပါတယ်။ အပိုလို ၈ ဟာ လကမ္ဘာဆီ ရောက်ဖို့ ၆၈ နာရီကြာ (၃ ရက်နီးပါး) ခရီးနှင်ခဲ့ရပါတယ်။ ပြီးတော့ လကမ္ဘာကို ၁၀ ကြိမ် ပတ်ခဲ့ပြီး ကြာချိန်အားဖြင့် နာရီ ၂၀ ကြာမြင့်ခဲ့ပါတယ်။ အပိုလို ၈ အာကာသယာဉ်မှူးများဟာ ကမ္ဘာမြေကို ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၇ တွင် ပစိတ်ဖိတ်သမုဒ္ဒရာမှ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ အဖွဲ့သားများဟာ ၁၉၆၈ ခုနှစ်အတွက် နာမည်ကြီး Time မဂ္ဂဇင်းရဲ့ “Men of the Year” ကင်ပွန်းတပ် ဂုဏ်ပြုခံခဲ့ကြရပါတယ်။ အပိုလို ၈ မစ်ရှင်က နောက် လအနည်းငယ်အကြာတွင် လမျက်နှာပြင်ပေါ်ကို ပထမဦးဆုံး လူလွှတ် ဆင်းသက်မယ့် အပိုလို ၁၁ ခရီးစဉ်အတွက် အတွေ့အကြုံများဝေမျှပေးနိုင်ခဲ့ပြီး လူသားတို့ လမျက်နှာပြင်ပေါ် အောင်အောင် မြင်မြင်ဆင်းသက်နိုင်ရန် အထောက်အကူများစွာဖြစ်စေခဲ့ပါတယ်။

ကမ္ဘာမြေထွက်လာခြင်း (Earthrise) အား ပထမဦးဆုံး မြင်တွေ့ခဲ့ရခြင်း

ပုံ – (၂) – ကမ္ဘာမြေထွက် (Earthrise) လာပုံအား ၁၉၆၈ ခုနှစ်၊ ခရစ္စမတ်အကြိုနေ့တွင် အပိုလို – ၈ အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ William Anders မှ ရိုက်ကူးထားပုံ
Image is credited to : NASA

ကျွန်တော်တို့ လူသားတွေဟာ နေဝင်(Sunset) ၊ နေထွက် (Sunrise) တာနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေတွေကို သွားပြီးတော့ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ ပုဂံဒေသကို သွားပြီးတော့ပဲဖြစ်ဖြစ် နေထွက်(Sunrise) လာတဲ့ မြင်ကွင်းကို အရသာခံကြည့်လေ့ရှိကြတယ်(ကြည်နူးစရာလည်း ကောင်းတာကိုး)။ ဒါပေမယ့် အပိုလို ၈ အဖွဲ့သားများကတော့ လကမ္ဘာရဲ့မိုးကုတ်စက်ဝိုင်းကနေ ကမ္ဘာထွက်(Earthrise) လာတာကို ပထမဦးဆုံးမျက်မြင်တွေ့ဖူးတဲ့ သမိုင်းဝင်လူသားတွေဖြစ်လာခဲ့ပြီး လစူးစမ်းရေးယာဉ် မောင်းနှင်ရေးမှူး ဝီလီယံ အန်ဒါစ် (William Anders) က ကမ္ဘာထွက်(Earthrise) လာပုံကို ခရစ္စမတ်စ်အကြိုနေ့ဖြစ်တဲ့ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ UTC အချိန် ၁၆:၀၀ နာရီ(မြန်မာစံတော်ချိန် ည ၁၀:၃၀) တွင် ဓာတ်ပုံရိုက်ကူးယူခဲ့ပါတယ် (ပုံ ၂ ကို ကြည့်ပါ) ။ အဲ့ပုံက ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီ ကမ္ဘာမြေထွက်လာပုံကို ကြည့်ခြင်းအားဖြင့် ထာဝရဘုရားရဲ့ သမ္မာကျမ်းစာပါ ယောဘဝတ္ထု ၂၆ : ၇ မှာ ဖော်ပြထားတဲ့ မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ဆိုတဲ့ ကျမ်းစကားဟာ မှန်ကန်ကြောင်း သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပါပြီဆိုတာကို အမှတ်ရစေပါတယ်။ ယောဘတို့ရဲ့ ခေတ်အခါတုန်းက ဒီကြွေးကြော်ချက်ဟာ ရူးနှမ်းပါတယ်၊ သူများရယ်စရာဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ရှေးလူကြီးတွေအများအပြားက ကမ္ဘာကြီးဟာ လိပ်ကြီးတစ်ကောင်ရဲ့ ကျောပေါ်မှာ တည်ရှိနေတာလို့ ယုံကြည်နေခဲ့ကြတာပါ။ ပြီးတော့ ကမ္ဘာကြီးကို အပြားကြီးလို့ ယုံကြည်နေခဲ့ကြတာပါ။ သူတို့ဟာ လွတ်လပ်လဟာပြင်(Space) နဲ့ ဆွဲငင်အား (Gravity) ဆိုတာတွေကို မသိရှိခဲ့ကြတဲ့အတွက် ယောဘဝတ္ထု ၂၆ : ၇ မှာပြောထားတဲ့ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ ဆိုတဲ့ အယူအဆ(Concept) ဟာ သူတို့အတွက် ရယ်စရာလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်ဟာ ဘယ်တော့မှ မမှားခဲ့ပါဘူး။

လရဲ့ မျက်နှာပြင် အခြားတစ်ဖက်ခြမ်း (Far side of the moon) အား ပထမဦးဆုံး မြင်တွေ့ခဲ့ရခြင်း

ပုံ – (၃) – အပိုလို – ၈ မစ်ရှင်မှ လကမ္ဘာ၏ မျက်နှာပြင် အခြားတစ်ဖက်ခြမ်း (Far side of the moon) တစ်စိတ်တစ်ဒေသအား မြင်တွေ့ခဲ့ရပုံ
Image is credited to : NASA

ကမ္ဘာဂြိုလ်(Earth) က မိမိဝင်ရိုးပေါ်မှာ လည်နေ(rotate) ရုံသာမက နေကိုလည်း လှည့်ပတ် (revolve) နေသလိုမျိုးပဲ ‘လ’ ကလည်း မိမိဝင်ရိုးပေါ်မှာလည်နေပြီး ကမ္ဘာကို လှည့်ပတ်နေပါတယ်။ ကမ္ဘာကနေ အမြဲတွေ့နေရတဲ့ လရဲ့မျက်နှာပြင်ကို (near side of the moon) လို့ခေါ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာမြေပြင်ကနေဆိုရင် လရဲ့ မျက်နှာပြင်တစ်ဖက်ခြမ်းကိုပဲ မပြောင်းမလဲဘဲ အမြဲတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် လရဲ့မျက်နှာပြင် အခြားတစ်ဖက်ခြမ်း၊ တနည်းဆိုသော် လရဲ့ ကမ္ဘာကို မျက်နှာလွှဲထားတဲ့အခြမ်း ဒါမှမဟုတ် လရဲ့ ကမ္ဘာကို မျက်နှာမမူတဲ့အခြမ်းကို Far side of the moon လို့ခေါ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ‘လ’ က မိမိဝင်ရိုးပေါ်မှာလည်နေတဲ့နှုန်းနဲ့ ‘လ’ က ကမ္ဘာကို ပတ်နေတဲ့နှုန်းက တူနေလို့ဖြစ်ပါတယ်။ အဲ့ဒါကို “ဆွဲငင်အားချင်း ချုပ်မိနေခြင်း” ( Tidal Locking (ခေါ်) Gravitational locking (ခေါ်) Spin-orbit locking ) ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ အောက်ပါ ပုံကို လေ့လာပါ။

ပုံ – (၄) – ‘လ’ က မိမိဝင်ရိုးပေါ်မှာလည်နေတဲ့နှုန်းနဲ့ ‘လ’ က ကမ္ဘာကို လှည့်ပတ်နေတဲ့နှုန်းက တူနေတဲ့အတွက် ကမ္ဘာဘက်ကို လမျက်နှာပြင်တစ်ဖက်တည်းကပဲ မျက်နှာမူနေပါတယ်။ (ဘယ်ပုံ)
အကယ်လို့ ‘လ’ က မိမိဝင်ရိုးပေါ်မှာ လုံးဝ မလည်ဘဲ ကမ္ဘာကိုပဲ လှည့်ပတ်နေမယ်ဆိုရင်တော့ ‘လ’ ရဲ့ near side နဲ့ far side ကို ကမ္ဘာကနေ တစ်လှည့်စီ တွေ့မြင်ရမှာပါ။ (ညာပုံ)
မှတ်ချက်။ ။ မိမိဝင်ရိုးပေါ်မှာ လည်နေတာကို Rotate လုပ်နေတယ်လို့ခေါ်ပြီး အခြားအရာတစ်ခုခုကို လှည့်ပတ်နေတာကိုတော့ Revolve လုပ်နေတယ်လို့ခေါ်ပါတယ်။ “လည်ပတ်” တာနဲ့ “လှည့်ပတ်” တာက အဓိပ္ပါယ်မတူပါ။

ယခု အပိုလို ၈ မစ်ရှင်မှာတော့ အာကာသယာဉ်မှူးများဟာ ရဲ့ ကမ္ဘာကို မျက်နှာလွှဲထားတဲ့အခြားတစ်ဖက်ခြမ်း (Far side of the moon) ကို သူတို့မျက်စိနဲ့ ပထမဆုံး မျက်မြင်တွေ့ခဲ့ကြပါတယ် (ပုံ ၃ ကို ကြည့်ပါ) ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၃ ရက်နေ့မှာတော့ တရုတ်တို့ရဲ့ Chang’e – 4 အာကာသယာဉ်ဟာ လရဲ့ မျက်နှာပြင် အခြားတစ်ဖက်(far side) ကို ပေကျင်းစံတော်ချိန် ၁၀:၂၆ ၊(ရန်ကုန်ချိန် မနက် ၈:၅၆ မိနစ်) မှာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ လပေါ်က တောင်ဝင်ရိုးစွန်းဖြစ်တဲ့ Atiken basin ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး လရဲ့ far side ဘက်မှာ ဆင်းသက်တာဟာ ပထမဆုံး အကြိမ်ပဲဖြစ်ခဲ့ပါတယ်။ အမေရိကန်တို့ ရဲ့ အပိုလို ၈ မစ်ရှင်ပြီးနောက် ၅၁ နှစ်အကြာမှာတော့ တရုတ်တို့ဟာလည်း စစ်အေးကာလရဲ့ အာကာသအားပြိုင်မှု(Space Race) ကြီးမှာ နောက်ထပ်အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။

အပိုလို - ၈ မစ်ရှင်၏ ခရစ္စမတ်စ်အကြိုနေ့ လကမ္ဘာမှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်

အပိုလို ၈ အာကာသခရီးစဉ်အတွင်း ခရစ္စမတ်စ်အကြိုနေ့၌ တိုက်ရိုက်ရုပ်သံလွှင့်ခဲ့ရာ အဲ့ဒီအချိန်တုန်းက ကမ္ဘာတစ်ဝန်း လူကြည့်များခဲ့ပါတယ်။ လကို ၉ ကြိမ်မြောက်လှည့်ပတ်ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် ရုပ်သံထုတ်လွှင့်တဲ့အခါ အပိုလို ၈ အဖွဲ့သားများအနေဖြင့် ခရစ္စမတ်စ်အကြိုနေ့ (Christmas Eve) မှာ လကမ္ဘာကနေ ကမ္ဘာမြေပေါ်မှာရှိနေတဲ့ လူသားတစ်ရပ်လုံးအတွက် သင့်လျော်တဲ့ သတင်းစကားတစ်ခုခုပြောပေးဖို့ရန် တာဝန်အပ်နှင်းခံခဲ့ရတယ်။ ယာဉ်မှူးများက အဲ့ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ သူတို့ရိုက်ကူးထားတဲ့ အာကာသမှမြင်တွေ့ရတဲ့ ကမ္ဘာမြေကြီးပုံနဲ့ လကမ္ဘာပုံများကို ပြသခဲ့တဲ့အပြင် ထူးခြားတာကတော့ ထာဝရဘုရား၏သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်း အခန်းကြီး ၁၊ အခန်းငယ် ၁ ကနေ ၁၀ မှာပါတဲ့ ဘုရားသခင်၏ စကြဝဠာနဲ့ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းအကြောင်းအရာအား ၃ ပိုင်းခွဲပြီး တစ်ယောက်စီ ဖတ်ရွတ်ခဲ့ကြပါသေးတယ်။ ခရစ်ယာန်ယုံကြည်မှုနဲ့ ခေတ်သစ်သိပ္ပံပညာတို့ရဲ့ လှပခန့်ညားတဲ့ ပေါင်းဆုံမှုလို့ ဆိုရပါလိမ့်မယ်။ လစူးစမ်းရေးယာဉ် မောင်းနှင်ရေးမှူး ဝီလီယံ အန်ဒါစ် (William Anders) က အပိုဒ်ငယ် ၁ မှ ၄ တိုင်အောင်လည်းကောင်း၊ ကွပ်ကဲထိန်းသိမ်းမှုယာဉ် မောင်းနှင်ရေးမှူး ဂျိမ်းစ် လော်ဗယ် (James Lovell) က အပိုဒ်ငယ် ၅ မှ ၈ တိုင်အောင်လည်းကောင်း၊ အပိုလို ၈ မစ်ရှင် ကွပ်ကဲရေးမှူးကြီး ဖရန့်ခ် ဘော်မန်း (Frank Borman) က အပိုဒ်ငယ် ၉ မှ ၁၀ တိုင်အောင်လည်းကောင်း အသီးသီးဖတ်ရွတ်ခဲ့ကြပါတယ်။ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု စာသားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

William Anders:

မင်္ဂလာပါ။ ကျွန်တော်တို့ အခုဆိုရင် လကမ္ဘာမှာ နေထွက်တော့မယ့်အချိန်ကို ချဉ်းကပ်နေပါပြီ။ ကမ္ဘာမြေပြင်တစ်ဝန်းလုံးမှာရှိနေတဲ့ မိဘပြည်သူများ ခင်ဗျာ။ ကျွန်တော်တို့ အပိုလို ၈ အဖွဲ့သားများမှ မိဘပြည်သူများအားလုံးအတွက် သတင်းစကားပါးလိုပါတယ်။
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်ခြားခွဲထားတော်မူ၏။”

အဲ့ဒီနောက် ကွပ်ကဲထိန်းသိမ်းရေးယာဉ် မောင်းနှင်ရေးမှူး ဂျိမ်းစ် လော်ဗယ် (James Lovell) ကလည်း

အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့် ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊
မိုဃ်းမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။
မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။”


နောက်ဆုံးပိတ်အားဖြင့် မစ်ရှင် ကွပ်ကဲရေးမှူးကြီး ဖရန့်ခ် ဘော်မန်း (Frank Borman) က

တဖန်ဘုရားသခင်က၊ မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
ဟုတ်ကဲ့ ကောင်းမြတ်လှတဲ့ကမ္ဘာမြေကြီးပေါ်မှာ ရှိနေတဲ့ မိဘပြည်သူများအားလုံး ခင်ဗျာ
ကောင်းသော ညချမ်းလေးပါ။ Merry Christmas ပါ။ မိဘပြည်သူများအားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေလို့ ကျွန်တော်တို့ အပိုလို ၈ အဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်”

Remembering 1968: Apollo 8's Christmas greeting from the moon

အပိုလို - ၈ အဖွဲ့သားများ တရားစွဲဆိုခံရခြင်း

နိုင်ငံ့ဂုဏ်ဆောင်၊ ကမ္ဘာချစ် အာကာသသူရဲကောင်းကြီးများက တရားစွဲဆိုခံရတယ်ဆိုတော့ အံ့ဩမိမှာသေချာပါတယ်။ ဟုတ်ပါတယ် သမ္မာတရားဘက်မှာ ရပ်တည်ရတာကလည်း လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကားတိုင်ထမ်းရတဲ့ အလုပ်ပါ။ အမေရိကန် ဘုရားမဲ့ဝါဒီများအစည်းအရုံးရဲ့ တည်ထောင်သူ Madalyn Murray O’Hair က အပိုလို ၈ အာကာသယာဉ်မှူးများဟာ လကမ္ဘာကနေ ထာဝရဘုရားရဲ့ သမ္မာကျမ်းစာပါ ကမ္ဘာဦးကျမ်းကို တိုက်ရိုက်ထုတ်လွှင့်တဲ့ရုပ်သံအစီအစဉ်မှာ ဖတ်ရွတ်ပြတာကို အကြောင်းပြုကာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဖွဲ့စည်းပုံပါ နိုင်ငံရေးနဲ့ အသင်းတော်(ဘာသာရေး) မရောယှက်ရဆိုတဲ့အချက်ကို ဆန့်ကျင်ချိုးဖောက်ပါတယ်ဆိုပြီး တရားစွဲပါလေရော။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ တရားစွဲတာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် အပိုလို ၁၁ (Apollo – 11) မစ်ရှင်မှာဆိုရင် လကမ္ဘာရဲ့ မြေကိုနင်းမယ့် အနာဂတ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ အာကာသယာဉ်မှူး Buzz Aldrin က လပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်ပြီးပြီးချင်းမှာပဲ လဆင်းသက်ယာဉ်ပေါ်မှာ ကမ္ဘာမြေကနေ ယူသွားတဲ့၊ သူ့အသင်းတော်က ထည့်ပေးလိုက်တဲ့ မုန့်နဲ့ စပျစ်ရည်အားဖြင့် ပွဲတော်မင်္ဂလာ(Holy Communication) တောင် စားသုံးခဲ့ပါသေးတယ်။ တဖန် ခရစ်ယာန်ယုံကြည်မှုနဲ့ ခေတ်သစ်သိပ္ပံပညာတို့ရဲ့ လှပခန့်ညားတဲ့ ပေါင်းဆုံမှုလို့ ဆိုရပါလိမ့်မယ်။

ဒဏ္ဍာရီလာစကားများအား နားမယောင်ပါနဲ့

သိပ္ပံပညာဟာ ခရစ်ယာန်ဘာသာကို အလှဲထိုးသွားပြီ။ ခရစ်ယာန် ယုံကြည်မှုနဲ့ သိပ္ပံပညာဟာ လက်တွဲလို့မရတော့ဘူး။ သိပ္ပံပညာက ဖန်ဆင်းရှင် ဘုရားသခင် မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီ။ ဘုရားသခင်မလိုတော့ဘူး အရာအားလုံးကို သိပ္ပံနည်းကျရှင်းလင်းချက်တွေနဲ့ ရှင်းပြနိုင်နေပြီ” စတဲ့ လူပြောများတဲ့ စကားတွေကို နားမယောင်ပါနဲ့။ အဲ့ဒါတွေအားလုံးဟာ ယနေ့ခေတ်မှာ လူတော်တော်များများ နှစ်ခြိုက်ကြတဲ့ ဒဏ္ဍာရီလာ စကားသက်သက်သာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ အဲ့လို စကားတွေကြားရရင် စိတ်ထဲမှာ အရမ်းကိုကတိကအောက်ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ တကယ့်လက်တွေ့မှာ ဘုရားမဲ့ဝါဒီသမားတွေပြောသလို မဟုတ်ပါဘူး။ သူတို့ ပြောစကားတွေဟာ အလိမ်အညာချည်းတွေပါပဲ။ တကယ်ပဲ ရိုးသားစွာ မျက်စိဖွင့်၊ နားဖွင့်ကြည့်ရင် ခေတ်သစ်သိပ္ပံပညာကို စွန့်ဦးမွေးဖွားပေးခဲ့တဲ့ သိပ္ပံဖခင်ကြီးများ အများစုဟာ ခရစ်တော်ဘုရားကို ယုံကြည်သက်ဝင်တဲ့ ခရစ်ယာန်များဖြစ်ကြောင်းကို သိပ္ပံသမိုင်း(History of Science) က သက်သေခံလျက်ရှိပါတယ်။ သိပ္ပံပညာက ရှေးခေတ်က ဒဏ္ဍာရီလာ ဂရိနတ်ဘုရားများ၊ ရောမနတ်ဘုရားများ နဲ့ အီဂျစ်နတ်ဘုရားများကို တိမ်ကောပျောက်ကွယ်သွားစေပြီး အလှဲထိုးနိုင်ခဲ့တာ မှန်ပါတယ်။ ဒါဟာ အံ့ဩစရာမဟုတ်ပါဘူး။

အစကတည်းက ဘုရားသခင်က ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။ ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။လို့ မိန့်တော်မူထားတဲ့အတွက် သိပ္ပံပညာက လူတွေဖန်တီးထားတဲ့ အဲ့ဒီဒဏ္ဍာရီလာ နတ်ဘုရားတွေကို အစားထိုးပစ်နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး။

ဘုရားမဲ့ဝါဒီသမားအများစုကလည်း သုံးပါးတစ်ဆူထာဝရဘုရားသခင်နဲ့ အဲ့ဒီဒဏ္ဍာရီလာ နတ်ဘုရားတွေကို တစ်တန်းတစ်စားတည်းထားပြီး အထင်အမြင်လွဲမှားနေခြင်းသာဖြစ်ပါတယ်။ ဒါတောင် အပိုလို ၈ မစ်ရှင်ပဲရှိပါသေးတယ်။ အခြားနောက်ထပ် အပိုလို မစ်ရှင်များမှာလည်း အာကာသယာဉ်မှူးများဟာ အာကာသနဲ့ လကမ္ဘာရဲ့ မြေပေါ်မှာ ဖန်ဆင်းရှင်ဖြစ်တော်မူသော သုံးပါးတစ်ဆူ ထာဝရဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသက်သေခံခဲ့ကြတဲ့ သမိုင်းသက်သေတွေလည်း ဒုနဲ့ဒေးရှိပါတယ်။ သိပ္ပံစာအုပ်လေးတစ်အုပ်၊ နှစ်အုပ်လောက် ဖတ်ပြီး ဘုရားသခင် မရှိလို့ ကြွေးကြော်နေတဲ့လူတွေရဲ့ပြောစကားတွေကိုသာ နားယောင်နေမယ့်အစား အာကာသထဲ တကယ်ရောက်ဖူးပြီး အခြားကမ္ဘာတစ်ခုရဲ့ မြေပေါ်ကို နင်းဖူးရုံသာမက လက်တွေ့သိပ္ပံစမ်းသပ်မှုတွေကိုပါ လုပ်ဖူးခဲ့တဲ့ သိပ္ပံပညာရှင်များနဲ့ အာကာသယာဉ်မှူးများတို့ရဲ့ ဘုရားသခင် တည်ရှိကြောင်းကို လူသိရှင်ကြား ကြွေးကြော်ချက်တွေကိုလည်း မျက်စိဖွင့်၊ နားဖွင့်ကြည့်ကြဖို့ရန် မေတ္တာဖြင့် တိုက်တွန်းရင်း …. အားလုံးပဲ Merry Christmas Eve ပါလို့ နှုတ်ဆက်လိုက်ပါတယ်။

Earthrise in 4K

ကိုးကားထားသော စာပေအရင်းအမြစ်များ

  • ထာဝရဘုရား၏ သမ္မာကျမ်းစာ (ထွက်မြောက်ရာကျမ်း ၂၀ : ၃ – ၅၊ ဟေရှာယ ၄၄ : ၆၊ ၉ ၁၀၊ ဟေရှာယ ၄၅၊ ယောဘဝတ္ထု ၂၆ : ၇၊ ကောလောသဲ ၁ : ၁၆ ၁၇)