ရှင်လုကာခရစ်ဝင်ကျမ်း ၂ : ၁၁ - ၁၇
ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ်၍ နွားစာခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊ အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကို၎င်း တွေ့ကြ၏။ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။
ငယ်ငယ်က ခရစ္စမတ် (X‘mas) ရောက်ရင်ပျော်သလို ဝမ်းနည်းပြီး မခံမရပ်နိုင်ဖြစ်ခဲ့ရတဲ့ ငယ်ဘဝတွေကို မှတ်မိနေတယ်။ အဲ့တုန်းက သူငယ်ချင်း တွေက… ”နင်တို့ဘုရားက နွားစားခွက် မှာမွေးတာတဲ့” ဆိုပြီး အပြောခံရတဲ့အခါ ရှက်တာရော၊ ဒေါသထွက်တာရော၊ ဝမ်းနည်းတာရောပေါ့။ ဟုတ်တယ်လေ။ လူတောင် နွားစားခွက်ထဲ မနေဘူး။ အဲ့လိုဆိုးရွားတဲ့ နေရာအစုတ်အပြတ်မှာ ကျွန်တော်ယုံကြည်တဲ့ ယေရှု ဘုရားက မွေးခဲ့တာဆိုတော့လေ။
အခုတော့ ကျွန်တော်အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်ခြင်းနဲ့အတူ နားလည်လာခဲ့ပါပြီ။ ယေရှုဘုရားက ကျွန်တော်တို့ကို နှိမ့်ချခြင်းအတွက် သိမ်ငယ်စွာနဲ့ လူ့ဇာတိကို အနိမ့်ဆုံးအလွှာထဲကနေ မွေးဖွားပေးခဲ့ပါတယ်။ ဒါဟာ သခင်ယေရှူက ကျွန်တော်တို့အားလုံးကို သူ့နည်းတူ နှိမ့်ချခြင်း တရားကို လက်ကိုင်ထားစေဖို့ပါ။ သခင်ယေရှူသာ ရွှေနန်းတော် ဒါမှမဟုတ် နေရာကောင်းမှာဖွားမြင်တော်မူခဲ့ရင် ကျွန်တော်တို့အားလုံး နှိမ့်ချစရာမလိုတော့ဘူးလေ။
သခင်ယေရှူက အဲ့လို အနှိမ့်ချဆုံးမွေးဖွားခဲ့တာတောင် ကျွန်တော်တို့ မနှိမ့်ချနိုင်ဘူးလေ။ အခုတော့နားလည်ပါပြီ။ ကျွန်တော်တို့ မြင့်မြတ်တယ်ထင်တဲ့ စိတ်တွေက တစ်ကယ်တော့ ထောင်လွှားခြင်းတွေဝါကြွားခြင်းတွေ၊ မာနတရားတွေ၊ မောက်မာခြင်းတွေနဲ့ ရောပြွန်းနေတာပါ။ ဒီနှစ်ခရစ္စမတ်မှာ သခင်ယေရှူကို ကျွန်တော်ကြိုဆိုဖို့ ကျွန်တော့်ရဲ့စိတ်ကိုအတတ်နိုင်ဆုံးနှိမ့်ချ၊ နွားစားခွက်ငယ်လေးက ပေးခဲ့တဲ့ နွေးထွေးမှုတွေ၊ သိုးကျောင်းသားလေးတွေရဲ့သတင်းကောင်းပြောကြားသလို ကျွန်တော်ဟာ ကျွန်တော့်ကောင်းမှုတစ်စုံတစ်ရာမပါပဲ သခင်ယေရှူပြခဲ့တဲ့ သခင်ယေရှူမွေးဖွားခဲ့တဲ့အကြောင်းအရာကို ကိုယ်စိတ်နှလုံးသုံးပါးဖြင့်သာ အနှိမ့်ချဆုံး စိတ်ထားနဲ့ ကြိုဆိုမယ်၊ ပါဝင်မယ်။
အားလုံးပဲ … Merry Christmas ပါ။ လောကဝမ်းမြောက်၊ ကယ်တင်ရှင်ကြွလာပါပြီလို့ … နှုတ်ခွန်းဆက်ပါတယ်ဗျ။