ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁ : ၁၇
“အကြောင်းမူကား ပညတ်တရားတော်ကို မောရှေ လက်တွင် ပေးတော်မူ၏၊ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း”
“For the Law was given through Moses, but grace and truth came through JESUS CHRIST.”
(John 1 : 17)
တစ်ခါက ခရီးသွားတစ်ယောက်ဟာ တောနက်ကြီးတစ်ခုကို ဖြတ်ပြီး သွားနေခဲ့ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောတွင်းလမ်းဖြစ်တာက တစ်ကြောင်း၊ နေ့ဘက်အလင်းရောင်တဖြည်းဖြည်း ကုန်ဆုံးလာသည်ကတစ်ကြောင်း ထိုခရီးသွားဟာ မျက်စိလည် လမ်းမှားပြီး တောနက်အတွင်းပိုင်းကို ရောက်ရှိသွားပါတော့တယ်။
ညဘက်ရောက်တဲ့အခါ တောကောင်တွေ သားရဲတွေရဲ့ ကြောက်စရာ အော်သံတွေကြောင့် သူ့ရဲ့ကြောက်ရွံ့စိတ်ဟာ ပိုမိုကြီးမားလာပြီး လမ်းပျောက်သွားပါတယ်။ အဲလိုနဲ့ အမှောင်ထဲမှာ စမ်းတဝါးဝါးဆက်လျှောက်နေရင်းနဲ့ တွင်း တစ်တွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီတွင်းက အတော်ကိုနက်ပြီး အောက်ခြေမှာလည်း ကျောက်တုံးကျောက်ခဲတွေ ရှိနေတာကြောင့် သူပြုတ်ကျတဲ့အခါ ခြေတောက်တစ်ဖက် သွင်သွင်ကျိုးသွားခဲ့ပါတယ်။
ခရီးသွားဟာ ကြောက်လန့်နာကျင်မှုနဲ့အတူ သတိလစ်မေ့မြောသွားခဲ့ပါတယ်။ သူပြန်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးကိုက်ခဲနေပြီး သူ့ ညာဖက်ခြေထောက်တစ်ဖက်ဟာ ကျိုးသွားပြီးလုံးဝကို လှုပ်လို့မရတော့ဘဲ လွန်စွာနာကျင်နေပါတယ်။ သူပြုတ်ကျခဲ့တဲ့ တွင်း အဝကို မော့ကြည့်လိုက်တော့ ဝါးတစ်ပြန်စာအမြင့်ရှိပြီး နံရံတွေဟာလည်း အလွန်ပဲ မတ်စောက်လျက်ရှိပါတယ်။
သူ့ရဲ့ ခပ်လှမ်းလှမ်းမှာ သူယူလာတဲ့ရိက္ခာအထုပ် ကျနေတာကိုတွေ့လိုက်ရပါတယ်။ လွန်စွာဆာလောင်မှုနဲ့အတူ ရိက္ခာထုပ် ရှိရာကို သူကြိုးစားပြီးသွားဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ငြင်းဆန်နေပါတယ်။ သူဟာ နှစ်ပေ လောက် အကွာအဝေးမှာသာ ရှိနေတဲ့ ရိက္ခာထုပ်ဆီကိုတောင် မသွားနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်ခန္ဓာကို အားကုန် လှိမ့်ပြီး ရိက္ခာထုပ်ဆီကို အရောက်သွားနိုင်ခဲ့ပါတယ်။
တွင်းရဲ့ နံရံမှာ ပေါက်နေတဲ့ နွယ်ပင်အချို့ကို သူ တွေ့ပါတယ်။ နွယ်ပင်တွေဆီတွားသွားပြီးတော့ နွယ်ပင်တွေကနေတဆင့် ဆွဲခိုပြီး တွင်းအပေါ်ကိုတက်ဖို့ ကြိုးစားကြည့်ပါတယ်။ ခြေထောက်တစ်ဖက်ကကျိုးနေတာရယ်၊ ခွန်အားကလည်း ကုန်ခမ်းနေတာမို့ သူ့ရဲ့အကြံအစည်ဟာလည်း အလုပ်မဖြစ်ပါဘူး။ အဲဒီအခါသူဟာ စပြီးတော့ အော်ဟစ်အကူအညီတောင်းပါတော့တယ်။
“ကယ်ကြပါ” “တွင်းထဲကနေထုတ်ပေးပါ” စသဖြင့် သူဟာ ရှိသမျှ အသံကုန်အော်ပြီး ဖြတ်သွားဖြတ်လာ တစ်စုံတစ်ယောက်ကြားအောင် အော်ဟစ်အကူအညီတောင်းပါတယ်။ ဒါပေမဲ့လည်း မထူးခြားပါဘူး။ ဒီလိုနဲ့ ရက်အနည်းငယ်ကြာလာတဲ့အခါ ခရီးသွားဟာ ရိက္ခာလည်း ကုန် ၊ အာဟာရလည်း ပြတ်လတ်ပြီးတော့ တွင်းရဲ့ အဝကိုသာ မျက်နှာမူပြီး ကြည့်ရုံသာကြည့်နေနိုင်ပါတော့တယ်။ တစ်စုံတစ်ယောက် ရောက်လာမှာကိုပဲ မျှော်လင့်ရင်းနဲ့ သေမယ့် အချိန်ကို စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ တွင်းအဝမှာ လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။ အဲလိုမြင်တဲ့အခါ သူက အားတက်ပြီး ရှိသမျှ အားနဲ့ “ကျွန်တော့်ကို ကယ်ပါ … တွင်းထဲကနေ အပေါ်ကို တင်ပေးပါ” လို့ အော်ပြောလိုက်ပါတယ်။
အဲဒီအခါမှာ တွင်းအပေါ်က လူက သူ့ကို ကရုဏာသက်စွာနဲ့ ငုံ့ကြည့်ပြီး အခုလိုပြန်ပြောပါတယ်။ ကောင်းပြီ .. မိတ်ဆွေ ၊ မစိုးရိမ်နဲ့။ ကျွန်တော် ခင်ဗျားအပေါ်ကိုတက်နိုင်ဖို့ “နည်းလမ်း” ချပေးမယ်။ လို့ပြောပြီး ကြိုးအရှည်တစ်ချောင်းကို တွင်း၀ ကနေ အောက်ကို ချပေးပါတယ်။ ပြီးတော့ အခုလိုဆက်ပြောပါတယ်။ “ဒီကြိုးစကို တွင်းအပြင်က သစ်ပင်တစ်ခုမှာ ကျွန်တော် ချည်ထားတယ်။ ကြိုးကလည်း ခင်ဗျားတစ်ကိုယ်စာတော့ ကောင်းကောင်းခံနိုင်တယ်။ ဒီကြိုးကို ဆွဲပြီး ခင်ဗျားတက်လာမယ် ဆိုရင် သေချာပေါက်တွင်းပေါ်ကိုရောက်လာမှာပဲ”
ကြိုးစဟာ သူဘေးကိုကျလာပါတယ်။ သူဟာ ကြိုးရဲ့ အစတစ်ဖက်ကိုကြည့်ပြီး လက်နဲ့ မြဲအောင်ကိုင်နိုင်ဖို့ အရင်ဆုံးကြိုးစား ကြည့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်တွေဟာ သူရဲ့တစ်ကိုယ်လုံးကို ခိုထားနိုင်ဖို့ မဆိုထားနဲ့၊ ကြိုးကိုတောင်မှ မြဲအောင်မကိုင်နိုင်ပါဘူး။ အပေါ်ကလူကတော့ ဆက်ပြီးအော်ပြောနေပါတယ်။ ခင်ဗျားဗျာ … ကြိုးတစ်ချောင်းလုံး ခင်ဗျားရှေ့ရောက်နေတာတောင်မှ ဘာလို့ မတက်လာသေးတာလဲ၊ ကြာရင်ခင်ဗျားပိုပြီး ဒုက္ခရောက်လိမ့်မယ်ဗျ။
သူက အပေါ်ကလူကို ကြည့်ပြီး ပြန်ပြောလိုက်ပါတယ်။ “မိတ်ဆွေ… ခင်ဗျားကူညီတာကို ကျွန်တော်ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီကြိုးကို ခိုပြီး တက်နိုင်တဲ့ ခွန်အားမှ မရှိတာဗျာ။ ခြေတောက်တစ်ဖက်ကလည်း ကျိုးထားတယ်လေ၊ ခင်ဗျား ကျွန်တော့်ကို လာခေါ်ပေးလို့ မရဘူးလား။”
အပေါ်ကလူက အခုလိုပြန်ပြောပါတယ်။ “အဲဒါတော့ ခင်ဗျား လွန်သွားပြီ ဘယ်သူမှ ခင်ဗျားကို ဒီတွင်းထဲ ပစ်ချခဲ့တာ မဟုတ်ဘူး။ ခင်ဗျားဘာသာခင်ဗျား အောက်ကိုသေချာမကြည့်ဘဲ သွားလို့ ပြုတ်ကျတာ ခင်ဗျား (ကံ=အလုပ်) မကောင်းလို့ ဘဲ ၊ ကျွန်တော်က တွင်းထဲထိ ဆင်းပြီးတော့ တော့ ခင်ဗျားကို ပွေ့မတင်နိုင်ဘူး။ ကြိုးကလည်း နှစ်ယောက်စာဝန်ကို မခံနိုင်ဘူး။ ဝမ်းနည်းပါတယ်။ ခင်ဗျား ဒီကြိုးကိုပဲ မရ ရတဲ့ နည်းနဲ့ တွယ်သာတက်ပေတော့ဗျာ။ ကျွန်တော်တော့ သွားလိုက်ဦးမယ်”
သူဟာ အပေါ်ကလူပြောသွားတာကိုပဲ ဝမ်းနည်းစွာနားထောင်ရင်း မိမိကိုယ်ကိုယ်သာ အပြစ်တင်နေမိပါတယ်။ ဒီလိုနဲ့ပဲ နောက် ၂ ရက် လောက်နေတဲ့အခါ တွင်းဝအပေါ်မှာ နောက်ထပ်လူတစ်ယောက်ပေါ်လာပါတယ်။ သူဟာ အဲဒီလူကို ကြည့်ရုံသာကြည့်နိုင်ပါတော့တယ်။ ကူညီပေးဖို့ စကားတောင် မပြောနိုင်တော့ပါဘူး။ သူဟာ အဲဒီလူဆီကို ကြည့်နေရင်းနဲ့ ဒီလူဟာ သူရှိရာတွင်း အောက်ခြေအထိ ဆင်းလာပါတော့တယ်။ ပြီးတော့ သူ့ရဲ့ ခြေထောက်ကို စည်းပေးတယ်။ သူ့ကိုရေတိုက်တယ်။ သူစား နိုင်သလောက် အစာကို ကျွေးတယ်။ ပြီးတော့မှ သူ့ကို ကျောပေါ်ရအောင်တင်ပြီး တွင်းပေါ်ကို အတူတူတက်တယ်။ သူ့ရဲ့စိတ်ထဲမှာ တော့ ဒါဟာ အိပ်မက်တစ်ခုလိုပါပဲ။ အဲဒီလူကို သူဟာ တွင်းပေါ်ရောက်တဲ့အထိ မယုံနိုင်သေးသလိုပါပဲ။
သူဟာ အဲဒီလူကို အခုလို မေးခဲ့တယ်။ “ခင်ဗျား တွင်းထဲကို ဆင်းရင် ခင်ဗျားအတွက်တောင် အန္တရယ်ရှိနိုင်တယ်ဆိုတာ သိလျက်နဲ့ ဘာလို့ကျွန်တော့်ကို လာကယ်တာလဲ။ ခင်ဗျား အရင် တစ်ယောက်ကတော့ တွင်းထဲကိုမဆင်းဘဲ ကျွန်တော့်ကို တွင်းအပြင်ရောက်အောင် တွယ်တက်နိုင်ဖို့ ကြိုးတစ်ချောင်းချပေးခဲ့တယ်။ ” အဲဒီမှာ သူဟာ ဒီလိုပြန်ဖြေခဲ့တယ်။ “ကြိုးက မင်းရဲ့ အခြေအနေကို မစာနာပေးနိုင်ဘူး … မိတ်ဆွေ၊ ငါကတော့ မင်းရဲ့ ကြိုး ရှိနေပေမယ့် အပေါ်အထိ တွယ်မတက်နိုင်မှန်း သိလို့ ငါ ကိုယ်တိုင်ဆင်းလာခဲ့တာပါ။ မင်းကို ငါ ဂရုဏာမေတ္တာထားလို့ပါ။” လို့ ပြန်ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ချစ်ခြင်းမေတ္တာရှင် အဖဘုရားသခင်ရဲ့ ကြီးစွာသော ကယ်တင်ခြင်းအမှုတော်မြတ်ကို သရုပ်ဖော်ကျူးတဲ့ ပုံဥပမာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ “ဥပမာ အဖြစ်အပျက်” ထဲက တွင်းထဲကို ကျပြီး ခြေကျိုး၊ အားအင် ယုတ်လျော့ပြီး သေမယ့်နေ့ကို စောင့်နေရတဲ့သူနဲ့ တူပါတယ်။ “တွင်း” ဆိုတာကတော့ ကျွန်တော်တို့ မွေးလာကတည်းက ကျင်လည်နေရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ ရောပြွန်းနေ တဲ့ လူ့ဘ၀ ဖြစ်ပါတယ်။
ပထမလူ ကတော့ အိုခြင်း၊ နာခြင်း၊ သေခြင်းကနေ လွတ်မြောက်နိုင်မယ့် “နည်းလမ်း” ကို ညွှန်ပြပေးတဲ့သူဖြစ်ပါတယ်။ (တနည်း) အကျင့်တရား ကို ဆိုလိုပါတယ်။ ကောင်းတာဖြစ်ချင်ရင် ကောင်းတာကိုလုပ်နိုင်ရမယ်၊ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ မိမိသည်သာလျှင် မိမိရဲ့ ကယ်တင်ရှင်ဖြစ်တယ် ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ ဒီသဘောတရားက တခြားလူတွေအတွက် အဓိပ္ပါယ်ရှိ၊ လက်ခံဖွယ်ရှိ၊ တရားမျှတမှုရှိ၊ နားထောင်ကောင်းပေမဲ့ တွင်းထဲက လူ လွတ်မြောက်ဖို့အတွက်တော့ ဘာမှအလုပ်မဖြစ်ပါဘူး။
“ကြိုး” ကတော့ “တရား” ဖြစ်ပါတယ်။ တရားအတိုင်း လိုက်လျှောက်ကျင့်ကြံနိုင်မယ် ဆိုရင် “အို၊ နာ၊ သေခြင်း” ရဲ့ တွင်းထဲက နေ သေချာပေါက်လွတ်မြောက်မယ်ဆိုတာပါပဲ။ “တရား” ဆိုတာ အမြဲတမ်း ဖြောင့်မတ်ပါတယ်။ ဘက်မလိုက်ဘူး၊ မျက်နှာမလိုက်ဘူး၊ ချစ်ခြင်းမေတ္တာမရှိဘူး၊ ရင်းနှီးကျွမ်းဝင်မှု မရှိပါဘူး။ လူက မိမိဖာသာ အားပြုပြီး “ကြိုး” ကို ကိုင်ပြီး တွယ်တက်မှရမှာဖြစ်ပါတယ်။ “ကြိုး” က လူကို ကိုင်ပေးပြီး ချီမပေးပြီး အပေါ်ကို မပို့ပေးနိုင်ပါဘူး။
အဲဒီအတိုင်းပဲ လူကသာ မိမိအားထုတ်မှုနဲ့ “တရား” ကို ကျင့်ကြံလိုက်လျောက်ပြီး သံသရာ ဆင်းရဲကနေ လွတ်မြောက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ “တရား” က လွတ်အောင် မပို့ပေးနိုင်ပါဘူး။ “နောက်ဆုံးလူ” ကတော့ “သားတော်” ကို ပုံဆောင်ပါတယ်။ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ယေရှု ဖြစ်ပါတယ်။ လောကဆိုတဲ့ တွင်းထဲမှာ အပြစ်ကြောင့် ကျိုးကန်း ချိနဲ့ နေတဲ့လူသားတွေ ကြိုးဆိုတဲ့ တရားကိုလိုက်လျှောက်နိုင်ရင် တွင်းပေါ်ကို ရောက်မယ်မှန်း သိပါလျက် လုပ်နိုင်မယ့်အင်အားကုန်ခန်းနေသူတွေ၊ လောကဓံရဲ့ ဖိနှိပ်မှုအောက်၊ စားရေး ဝတ်ရေး နေရေးအတွက် လုံးပန်းနေကြရင်း “တရား” က တောင်းဆိုတဲ့ ကောင်းမှု ကုသိုလ်ဆိုတဲ့အရာကို မြဲအောင် မကိုင်နိုင်တဲ့ လူနာ တွေအတွက် ဝမ်းသာစရာ သတင်းစကားက …
“အကြောင်းမူကား ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏၊ ငါတို့အား သားကို သနားတော်မူ၏”
ဟေရှာယ ၉ : ၆
“ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သကာကို အလိုတော် မရှိသည်ဖြစ်၍ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၍ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကိုဆောင်အံ့သောငှာသွားပါမည် ဟု အကျွန်ုပ် ဝန်ခံပါသည်ဟု လျှောက်ဆို၏။”
တွင်း ထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ဟာ တွင်းပေါ်ကို ရောက်ဖို့ ကြိုးကို မြဲမြဲကိုင်စွဲပြီး တက်ရမှာ ဖြစ်ပေမယ့် မြဲမြဲ မကိုင်နိုင်ခဲ့ကြပါဘူး။ ကိုင်ထားနိုင်တဲ့ ခွန်အားမရှိကြပါဘူး။ ဆုပ်ကိုင်ထားတာကိုလွှတ်လိုက်တာနဲ့ တပြိုင်နက် ပြုတ်ကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ မြဲမြဲ မဆုပ်ကိုင်နိုင်တဲ့ကြားက “တရား” ဟာ သူ့ကို မြဲမြဲဆုပ်ကိုင်ထားဖို့ တောင်းဆိုပါတယ်။ “သားတော်” ကတော့ ကျွန်တော်တို့ကို သူကပဲ ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ က “သားတော်” ကို မြဲမြဲဆုပ်ကိုင်ထားနိုင်သည် ဖြစ်စေ မထားနိုင်သည်ဖြစ်စေ သေချာတာက သူကတော့ကျွန်တော်တို့ကို မြဲမြံစွာ ဆုပ်ကိုင်ချီပွေ့ပြီး တွင်းအပေါ်ကို တင်ပေးတာပဲဖြစ်ပါတယ်။ အခုအချိန်ကာလဟာ ခမည်းတော်ဘုရားသခင်ထံကနေ ကယ်တင်ဖို့ရောက်ရှိလာတဲ့ “သားတော်” သခင်ယေရှု ဟာ ကျွန်တော်တို့ ဆီကို ရောက်နေပါပြီ။ သူကျွန်တော်တို့ကို မြဲမြံစွာ ဆုပ်ကိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အခွင့်ပေးကြပါစို့။ အားလုံးပဲ … Merry Christmas ပါ။