Skip to content

ခရစ္စမတ်စ် နေ့ရက်ကို သမ္မာကျမ်းစာ၌ မတွေ့ရဟု ဆိုကာ ယုံကြည်သူအချို့က မကျင်းပသင့်ကြောင်း၊ သမ္မာကျမ်းစာနှင့် မညီညွတ်ကြောင်း၊ အချို့ကလည်း ခရစ္စမတ်စ်ရာသီသည် သတင်းကောင်း ဝေငှရန် အကောင်းဆုံး ဖြစ်ကြောင်း၊ ထိုကြောင့် ခရစ္စမတ်စ်ပွဲကို ကျင်းပသင့်ကြောင်း စသည်ဖြင့် အငြင်းအခုံများစွာ ရှိနေကြသကဲ့သို့ ယနေ့ ထိတိုင်အောင်လည်း မေးခွန်းများမေးနေကြဆဲ ပင်ဖြစ်သည်။ သို့သော်လည်း ကျွနု်ပ်အနေနှင့် ထိုကဲ့သို့ခရစ္စမတ်စ် နေ့နှင့် ပတ်သက်နေသော အငြင်းအခုံများ၊ နောက်ကြောင်းသမိုင်းများကို နောက် ကြောင်းလိုက်ဖြေရှင်းနေမည့်အစား သမ္မာကျမ်းစာ၌ တွေ့ရသည့် ယေရှုရှင် မွေးဖွားခဲ့စဉ်က မည်သည့် အရာများဖြစ်ပျက်ခဲ့သည်ကိုသာ အလေးပေးကြည့်သွားလိုပါ၏။ သမ္မာကျမ်းစာ၌ ဖော်ပြထားသည့် သူငယ်တော် မွေးဖွားခြင်းအကြောင်းနှင့်ပတ်သတ်ပြီး ယုံကြည်သူများ သေသေချာချာ သိရှိနားလည်မည်သာဆိုလျှင် ခရစ်တော်၏ မွေးနေ့တော် ကျင်းပလေတိုင်း ဘုရားသခင်၏ ဘုန်းတော် ထင်ရှားမည် ဖြစ်သကဲ့သို့၊ ယုံကြည်သူများသည်လည်း စစ်မှန်သော ဝမ်းမြောက်ခြင်းကို ခံစားရပြီး၊ အပြစ်သားများသည်လည်း ကယ်တင်ခြင်း သတင်းကောင်းကို ကြားသိ ဝမ်းမြောက် ကြမည်ဟု ယုံကြည်မိပါသည်။ သူငယ်တော်မွေးဖွားလာခြင်းနှင့်ပတ်သက်ပြီး အအောက်ပါအတိုင်း အချက် () ကို သမ္မာကျမ်းစာ၌ တွေ့ရပါသည်။ (ရှင်မဿဲ၊ ၁ : ၁၈: ၁၈၊ ရှင်လုကာ၊ ၂ : ၂၀)

၁။ သူငယ်တော် ဖွေးဖွားလာမည့်အကြောင်းအား ကြိုတင်ပြောကြားထားခြင်း (ရှင်မဿဲ၊ ၁ : ၁၈၊ ၂၂ ၂၃)

ယေရှုရှင်သည် ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ … ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော်ပြည့်စုံစေမည် အကြောင်းတည်း။’

ခရစ္စမတ်စ်နေ့’ ဟူသည့် စကားလုံးကို အသုံးပြုပြီး ယေရှုရှင်၏မွေးနေ့ပွဲ ကျင်းပခဲ့သည်မှာ သမိုင်းရှည်ရှည် မရှိခဲ့သော်လည်း သမ္မာကျမ်းစာထဲတွင်မူ ယေရှုရှင်၏ မွေးဖွားခြင်းအကြောင်းကို ရှေးလွန်လေခဲ့ပြီးဖြစ်သည့် ဘီစီ ၄၀ဝ၀ ကျော်ကတည်းက ဧဒင်ဉယျာဉ်ထဲတွင် ပထမဉီးဆုံးကြိမ် ကြေငြာချက်ထုတ်ခဲ့ပြီး သမ္မာကျမ်းစာသမိုင်းတလျှောက် အကြိမ်ကြိမ် ထပ်ကြေငြာခဲ့သည်ကို တွေ့ရသည် (ကမ္ဘာဦးကျမ်း၊ ၃: ၁၅၊ ဟေရှာယ၊ ၇ : ၁၄၊ မိက္ခာ ၅ : ) ။ မည်သည့်အချိန်အခါ မွေးဖွားသည်ဟု သမ္မာကျမ်းစာတွင် အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း သေချာသည်မှာ ယေရှုရှင် မွေးဖွားလာသော နေ့ရက်သည် ဘုရားသခင် ခွဲခန့်သတ်မှတ်ထားသောအချိန်တွင်ဖြစ်သည် (ဂလာတိ၊ ၄ : ) ။ ယေရှုရှင် မွေးဖွားလာခြင်း၏ အဓိက အချက်မှာ ဘုရားသခင်၏ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်ကို ပြည့်စုံစေရန် ဖြစ်ပေ၏။ ယနေ့ ယုံကြည်သူများ ယေရှုရှင်၏မွေးနေ့ကို ပြင်ဆင်ရာတွင် ဘုရားသခင်၏ အစီစဉ်အတိုင်း ပြင်ဆင်ကြသည်လား (သို့ မဟုတ်) ပျော်ပွဲရွှင်ပွဲ တစ်ခုဖြစ်မြောက်စေရန် သက်သက်သာ ပြင်ဆင်မှုများ ပြုလုပ်ပြောဆိုနေသည်လား ဆိုသည်ကို ပြန်လည် ဆန်းစစ်စေလိုပါသည်။ာာ

၂။ သူငယ်တော်မွေးဖွားလာခြင်းအတွက် ချီးမွမ်းခြင်းများ (ရှင်လုကာ၊ ၂ : ၁၄)

သူငယ်တော် မွေးဖွားလာခဲ့ခြင်းကြောင့် ‘ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ် ၌လည်း ငြိမ်သက် ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာဂရုဏာရှိစေသတည်း။’ (ရှင်လုကာ၊ ၂ : ၁၄) ဟူ၍ ကောင်းကင်တမန်တို့သည် ဘုရားသခင်အား ချီးမွမ်းသီချင်းဆိုခဲ့ကြသည်။ ၎င်းတို့၏ ချီးမွမ်းသီချင်းမှာ ဘုရားသခင်၏ ဘုန်းတော်ကြီးမားပါစေကြောင်းနှင့် မြေကြီးသား အပေါင်းတို့ သည်လည်း ငြိမ်သက်ခြင်းရှိစေရန် စသည်ဖြင့် မင်္ဂလာရှိသော စာသားများဖြင့် ဖွဲ့ဆိုထားသည်။ သူငယ်တော်မွေးနေ့ဝယ် ကျွနု်ပ်တို့သည်လည်း ဘုရားသခင်၏ ဘုန်းတော်အား ထင်ရှားစေမည့် ချီးမွမ်းခြင်းယဇ် တို့ကို သီကြွေးကြသည်လား ဆိုသည်မှာ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါ၏။ အကယ်စင်စစ် သူငယ်တော် ယေရှု၏မွေးနေ့မှာ ချီးမွမ်းခြင်းအတိနှင့် ပြည့်နေခဲ့သည်။ ကျွနု်ပ်တို့၏ ချီးမွမ်းခြင်းအကြောင်းကား မည်သူဖြစ်နေပါသနည်း။

၃။ သူငယ်တော်မွေးဖွားခြင်း သတင်းကောင်းအား ကြေညာခြင်း (ရှင်လုကာ၊ ၂ : ၁၀ ၁၂၊ ၁၇)

သူငယ်တော် ယေရှုဖွားမြင်လာခြင်းသည် အမှန်ပင် ကမ္ဘာမြေလောကသားအားလုံးအတွက် သတင်းကောင်းဖြစ်ပါသည်။ ‘လူအပေါင်း တို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည် ကြားပြောရ၏’ ဟု ကောင်းကင်တမန်က သိုးကျောင်းသားများထံ ကြေငြာခဲ့သည်။ မှန်ပါသည်။ ဖွေးဖွားလာသော သူငယ်မှာ အခြားသော ကလေးများ ကဲ့သို့ မဟုတ်ခဲ့ပါ။ ထိုသူငယ်တော်မှာ ဟေရှာယ၊ ၉ : ၆ တွေ့ရသည့် ဘိသိတ်ပေးထားခြင်းခံထားရသူ ဖြစ်သည်။ ‘အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။’ ထိုအရှင် ဖွေးဖွားခြင်း နှင့်ယှဉ်သော သတင်းကောင်းကို သူတပါးအား ပြောကြားခဲ့ပြီလား။ ‘သူ၏ကြယ်’ ဟု ရှင်မဿဲ၊ ၂ : ၂ တွင်ဖော်ပြထားသည့် ကြယ်ကို ပြန်လည်သတိရစေလိုသည်။ သက်မဲ့တစ်ခုဖြစ်သည့် တောက်ပနေသည့် ကြယ်တစ်လုံးပင်လျှင် ယေရှုရှင် မွေးဖွားခြင်းကို လမ်းပြပေးခဲ့သည်။ ဆာလံ ၁၉ : ၄ ကို ပြန်လည်သတိရမိပါသည်။ သူငယ်တော် ယေရှုဖွားမြင်ခြင်းကို ကိုယ်တိုင်မြင်ခဲ့ရသည့် သိုးကျောင်းသားများသည်လည်း ‘တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏အကြောင်းစကားကို အနှံ့အပြားပြောကြ၏’ ဟု ဆိုထားသည့်အတိုင်း အခြားသူများကို သက်သေခံ ပြောကြားခဲ့ကြသည်။ ယနေ့ ကျွန်တော်တို့ ပြောနေကြသည့် ခရစ်တော်၏ မွေးနေ့တွင် သူငယ်တော် မွေးဖွားခြင်းနှင့်ယှဉ်သောသတင်းစကားကို ကြားပြောတတ်ကြသလား ဆိုသည်မှာ အလေးအနက် ဆင်ခြင်သင့်ပါသည်။ သင် နှင့် ကျွနု်ပ် တို့၏ အပြစ်များကို ဆေးကြောသန့်ရှင်းစေရန် ဆင်းကြွလာသော သတင်းကောင်းကို ကျွနု်ပ်တို့ကိုယ်တိုင် ယုံကြည်လက်ခံရင်း ပြန်လည် ဝေငှကြပါစို့လား … မိတ်ဆွေ။

၄။ သူငယ်တော်အား ဖူးတွေ့ပူဇော်ခြင်(ရှင်မဿဲ၊ ၂ : )

သူငယ်တော်အား ဖူးတွေ့ရန် အရှေ့တိုင်းအရပ်မှပညာရှိများ ဘုရားသခင်၏ လမ်းပြ ကြယ်နောက် တကောက်ကောက် လိုက်လာသည့် အချက်သည် ခရစ်တော်၏ မွေးဖွားစဉ်က ဖြစ်ပျက်ခဲ့သည့် အထင်ကရ အဖြစ် အပျက်များထဲမှ တစ်ခုဖြစ်သည်။ ‘အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့မြင်ရပြီဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီ’ ဟု ပညာရှိများ၏ စကားကို ကြည့်ခြင်း အားဖြင့် ၎င်းတို့ အနေ နှင့် ထိုမွေးဖွားလာသော သူငယ်မှာ သာမန်သူတစ်ယောက် မဟုတ်ကြောင်းကို ကောင်းကောင်းနားလည်ထားကြမည်မှာ သံသယ မရှိ။ နက္ခတ်တာရာ ကြယ်များပင်လျှင် ဘုရားသခင်၏ သားတော် မွေးဖွားလာသည်ကို ဖူးတွေ့နိုင်ရန်အတွက် သက်သေထူပေးခဲ့ကြသည်။ ယနေ့ ယေရှုရှင်မွေးနေ့ကို အမှတ်ရကျင်းပကြသည်ဟု ဆိုရာတွင် ထိုယေရှုရှင်ကို ကျွနု်ပ်တို့ အမှန်ပင် စိတ်နှလုံး အကြွင်းမဲ့ ယေရှုရှင်ကို ဖူးတွေ့ ရမည် ဖြစ်သကဲ့သို့ အခြားသူများ ဖူးတွေ့နိုင်စေရန်လည်း ထိုသတင်းကောင်းကို တတ်နိုင်သည့်ဘက်မှ ဝေငှပါဝင်ကြပါစို့။

၅။ သူငယ်တော်အား လက်ဆောင်ဘဏ္ဍာများ ပေးကမ်းခြင်း (ရှင်မဿဲ၊ ၂ : ၁၁)

အရှေ့တိုင်းဘက်မှာ ဖူးတွေ့ရန် ခရီးနှင်လာကြသော ပညာရှိများက လက်ချည်းသက်သက် လာခဲ့ကြခြင်း မဟုတ်ပေ။ ၎င်းတို့တွင် ယေရှုရှင်အား ရိုသေလေးမြတ်သည့်အနေနှင့် လက်ဆောင်များ ကိုယ်စီ ပါလာကြသည်။ သမ္မာကျမ်းစာက ‘ဘဏ္ဍာဉစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏’ ဟု ဖော်ပြထားသည်။ ၎င်းတို့ယူဆောင်လာသည့် လက်ဆောင်ဘဏ္ဍာများသည် ထိုခေတ်ထိုခါက အလွန်အဖိုးကြီးသည့် အရာများဖြစ်သည်။ ယေရှုရှင်မွေးနေ့နှင့်ပတ်သက်ပြီး ပြန်ပြီးခြုံ ကြည့်မည်ဆိုလျှင် ဘုရားသခင်က သူ၏ တပါးတည်းသောသားတော်ကို လူသားများအတွက် ပေးခဲ့သည့်နည်းတူ၊ ကောင်းကင်တမန်ကလည်း ထိုသတင်းကောင်းကို ကြားပြောခဲ့ကြသည်။ ကြယ်လေးသည်လည်း ထိုသူငယ်တော်မွေးဖွားသည့် နေရာကို လမ်းပြပေးခဲ့သည်။ သိုးကျောင်းသားများသည်လည်း ထိုသတင်းကို ပြန်လည်ဖြန့်ဝေပေးခဲ့ကြသည် စသည်ဖြင့် ပေးကမ်းခြင်မျိုးစုံအား သင်တွေ့မြင်ပါလိမ့်မည်။ ယနေ့တွေ့နေရသည့် ကယ်ရယ်လ်သီချင်း(Carol singing) များဆိုကာ လှည့်လည် အလှူများ ကောက်ခံခြင်းသည် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ရယူခြင်း သက်သက်မဟုတ်ဘဲ သင်၏အသက်တာတွင် သင့်အတွက် အသက်ပေးရန် မွေးဖွားလာသော ထိုယေရှုရှင်အား မည်သည့်အရာ သင်ပြန်လည်ပေးဆပ်မည်နည်း။ ပေးကမ်းခြင်းဖြင့် ပြည့်နေသော မွေးနေ့ရက်မြတ်တွင် အဘယ့်ကြောင့် ဝမ်းမြောက်စရာ သတင်းကောင်းကို အခြားသူများအား မပေးဝေဘဲ နှုတ်ဆိတ်နေကြရမည်နည်း။

၆။ သူငယ်တော်မွေးဖွားလာခြင်းကြောင့် ပူပန်သောကရောက်ခြင်း (ရှင်မဿဲ၊ ၂ : ၃၊ ၁၆)

ထိုကဲ့သို့ လောကသားများ ဝမ်းမြောက်စရာသတင်းကို ယူဆောင်လာသည့် သူငယ်တော်မွေးနေ့ရက်ကြောင့် ပူပန်သောက ရောက်ရသည် ဆိုသည်မှာ မေးခွန်းမေးစရာ ကောင်းပါလိမ့်မည် ဖြစ်သော်လည်း ပူပန်သောကများအမှန်ပင် ဖြစ်ပျက်ခဲ့ကြောင်းကို သမ္မာကျမ်းစာက အတိအလင်း ဖော်ပြပေးထားသည်။ မည်သို့သောသူများ ပူပန်သောက ရောက်ခဲ့ရသနည်း။ သမ္မာကျမ်းစာထဲတွင် ‘ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင် မြို့သူ မြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်’ (ရှင်မဿဲ ၂း၃) ဟု ဖော်ပြထားသည်။ ရှင်မဿဲ ၂ : ၁၆ တွင် ဟေရုဒ်မင်းကြီး၏ စိုးရိမ်ပူပန်မှုနှင့် အမျက်ဒေါသကြောင့် ‘ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ် အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောကျာ်းအပေါင်းတို့ကို သတ်စေ၏။’ ဟုဖော်ပြ ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သည့် အပြစ်အပျက်မှာ ကလေးငယ်များစွာ သွေးချောင်းစီးခဲ့ရသည်။ ဤအဖြစ်အပျက်တို့၏ ကုလားကာ နောက်ကွယ်တွင် ဟိုးကမ္ဘာဦးကတည်းက မိန်းမဖွားသောသားနှင့် ရန်သူဖြစ်ခဲ့သည့် စာတန်မာန်နတ်တစ်ယောက် စိုးရိမ် ကြိုးကိုင်နေမည်မှာ သိသာထင်ရှားပါသည်။ သူ၏ခေါင်းကို ကားတိုင်တော်တွင် ချေမှုန်းတော်မူမည့် ယေရှုရှင်မွေးဖွားလာခြင်းအပေါ် စာတန်မာန်နတ် အမှန်ပင် စိုးရိမ်တကြီးဖြစ်ခဲ့ရပြီး ကြံရာမရ ကလေးပေါင်းများစွာ၏ အသက် စတေးခဲ့ရသည်။ ယနေ့တွင်လည်း လူသားများအားလုံးကို အပြစ်တရားမှ ကယ်ချွတ်ရန် ယေရှုရှင် မွေးဖွားခဲ့ပြီ ဆိုသည့် သတင်းကို စာတန်မာန်နတ် မကြားချင်ဆုံး ဖြစ်ပါလိမ့်မည်။ သို့သော် ယနေ့သူငယ်တော် မွေးဖွားသောနေ့ရက်ကို ကျင်းပရာတွင်မူ စာတန်မာန်နတ်တစ်ယောက် ပူပန်သောကရောက်မိအစား၊ ပျက်ဆီးယိုယွင်းနေသည့် ယုံကြည်သူများ၏ အပြုအမူများကြောင့် စာတန်မာန်နတ်တစ်ယောက် ဝမ်းသာအားရ ဖြစ်နေပါလိမ့်မည်။ လူသားများအတွက် ဝမ်းမြောက်ဖွယ် သတင်းကို ဆောင်ကျဉ်းပေးသော ခရစ်တော်၏ မွေးနေ့ရက်မြတ်မှာ ယနေ့တွင် စာတန်မာန်နတ်၏ ဝမ်းမြောက်ဖွယ်အကြောင်းများ ဖြစ်နေတော့သည် မဟုတ်ပါလား။ ယေရှုရှင်မြတ်အား ဝမ်းမြောက်စေမည်လော၊ စာတန်မာန်နတ်အား ကျေနပ်စေပါမည်လော။ စာတန့်မာန်နတ်အတွက် မွေးနေ့ပွဲများ ဖြစ်သွားမည်ကို ကျွနု်ပ်စိုးရိမ်နေမိသည်။ မယုံကြည်သူများ ကျွနု်ပ်တို့၏ ခရစ္စမတ်စ်အသုံးပြုပုံ အငွေ့အသက်ကို ကြည့်ရင်း ခရစ်တော်ကို မမြင်ဘဲ လှည့်ဖြားတတ်သည့် စာတန်၏ပရိယာယ်အောက် ရောက်သွားပါမည်အကြောင်း သတိပြုကြပါစို့လား။

၇။ မွေးနေ့ရှင် သူငယ်တော် ယေရှု (ရှင်မဿဲ၊ ၁ : ၂၃၊ ဟေရှာယ၊ ၉ : )

ခရစ္စမတ်စ်ဟူသည် ယေရှုရှင်၏ မွေးနေ့ပွဲကျင်းပသည်ဟုဆိုပြီး လူပေါင်းများစွာမှာ မွေးနေ့ရှင်ယေရှုကို ဂျောင်ထိုးထားကြသည်။ မွေးနေ့ရှင် မည်သူဖြစ်သည်ကို ကောင်းကောင်းမသိဘဲ ပျော်ပါးယစ်မူးနေကြသည်။ ကိုယ်တော်၏မွေးနေ့ရက်မြတ်ကို ကျင်းပသည်ဟုဆိုကြသော်လည်း မွေးနေ့ကိတ်သာ အာရုံရောက်နေသည့် သူများကြားတွင် မွေးနေ့ရှင် သူငယ်တော်ယေရှုသည် မေ့လျော့ဂျောင်ထိုးထားခြင်း ခံနေရသည့် အခြေအနေမျိုးဖြစ်ပေ၏။

ဧည့်သည်တည်းရာစရပ်၌ သူတို့နေစရာ မရှိသောကြောင့် သူငယ်ကို နွားစာခွက်၌ သိပ်ထားလေ၏။’ (ရှင်လုကာ၊ ၂ : )

မှန်ပါသည်။ ထိုသူငယ်တော်မှာ နေရာမရဖြစ်နေခဲ့သော်လည်း သူ၏အမည်နာမတော်မှ‘အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်’ ဖြစ်သည်။ အခြားအမည်များမှာ ‘ဧမာနွေလ’ (ငါတို့နှင့်အတူ ရှိတော်မူသော ဘုရား)၊ ‘ခရစ်တော်’ (ဘိတ်သိတ်ပေးခြင်းခံရသူ)၊ ‘ယေရှု’ (ကိုယ်တော်သည် ကယ်တင်ခြင်းအကြောင်း ဖြစ်၏) စသည်တို့ဖြစ်ကြသည်။ ထိုသူငယ်တော် ယေရှုအနေနှင့် ယုံကြည်သူများအတွက် အသစ်သော ဝမ်းမြောက်ခြင်းကို ပြန်လည်ခံစားစေသကဲ့သို့ လောကသားအားလုံးအတွက် ဝမ်းမြောက်ခြင်း၏ အရင်းအမြစ်ဖြစ်သော ကယ်တင်ခြင်းသတင်းကို ကြားသိစေလိုသည်။ ယေရှုကို နှလုံးသားတံခါးဖွင့်ပြီး ကြိုဆိုလိုက်ပါ။

နိဂံုး

ထို့ကြောင့်ခရစ္စမတ်စ်’ ဆိုသည့်စကားလုံးကို သမ္မာကျမ်းစာတွင် မတွေ့ရသော်လည်း ခရစ္စမတ်စ် နေ့ဟု ဆိုလိုက်သည်နှင့် ယေရှုရှင်မွေးဖွားခြင်းကို အမှတ်ရစေသည့် နေ့အဖြစ် အသုံးပြုမည်ဆိုပါက အထက်ဖေါ်ပြပါအချက် () ချက်များကို သတိပြုဆင်ခြင်ရန်မှာ လိုအပ်ပါမည်။ ထို့ကြောင့် သူငယ်တော်မွေးဖွားလာခြင်းမှာ အပြစ်သားများအတွက် ဟိုးလွန်လေခဲ့ပြီးသည့် အချိန်ကတည်းက ဘုရားသခင် ပြင်ဆင်ထားသောနေ့ရက်ဖြစ် သကဲ့သို့၊ ထိုမွေးဖွားလာသော သူငယ်တော်ယေရှုသခင်အား ချီးမွမ်းပူဇော်ခြင်းများ၊ သူငယ်တော် မွေးဖွားလာခြင်းနှင့် ယှဉ်သော လူသားတိုင်း အတွက် သတင်းကောင်းကို ကြားပြောခြင်းများနှင့် စာတန်မာန်နတ်ကို အမှန်ပင် ခြောက်ခြားစေသည့် ဘုရားသခင်ဘိတ်သိတ်ပေးထားသော ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင် မွေးဖွေးလာခြင်း အကြောင်းတို့နှင့် ဆီလျှော်မှု ရှိသင့်ပါသည်။ စာရှုသူ မိတ်ဆွေအပေါင်း … ဘုရားသခင်၏ အလိုတော်အတိုင်း သူငယ်တော်ယေရှုသခင် မွေးဖွား လာခြင်းနှင့် ရည်ရွယ်ချက်တို့ကို သိရှိနားလည်ပြီး ပျော်ရွှင်စွာသူငယ်တော် မွေးနေ့ကို အသုံးပြု မျှဝေနိုင်ပါစေ။ အာမင်။