Skip to content

ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံး ကောင်းကြပါသည်။ မွန်မြတ်ပါသည်။ ဘာသာတရားတစ်ခုခုသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူမှုအသိုက်အဝန်းတစ်ခုကို အခြေခံလူမှုကျင့်ဝတ်များနှင့် ပတ်သက်၍ ကောင်းမွန်သည့်အရာများ(ဆောင်ရန်၊ ရှောင်ရန်)ကို သွန်သင်ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်နိုင်ခြင်းနှင့် လူသားတို့၏ အကျင့်စာရိတ္တပိုင်းဆိုင်များကို အကျိုးဖြစ်ထွန်းစေနိုင်ခြင်းစသည့် အရာများကို ပေးစွမ်းနိုင်ရပါသည်။ လူသားတို့အား အကျိုးမပြုသော ဘာသာတရားများနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဘာသာတရားများသည် ကမ္ဘာပေါ်တွင် တိမ်ကောပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထို့အပြင် လူ့သမိုင်း စတင်သည့်အချိန်ကပင် ထာဝရဘုရားကိုးကွယ်မှုများနှင့် လူတို့ဖန်တီးသော နတ်ဘုရားကိုးကွယ်မှုများ ခေတ်အဆက်ဆက်ရှိခဲ့ကြသည်ကို ပြန်လည်ရှာဖွေတွေ့ရှိသော ရှေးဟောင်းပစ္စည်းများအားဖြင့်သော်လည်းကောင်း၊ ရှေးဟောင်းမြို့များအားဖြင့်သော်လည်းကောင်း သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ယနေ့ခေတ် သိပ္ပံနှင့်နည်းပညာထွန်းကားသည့်ကာလ၌ပင် လူသားတို့တွင် ကိုးကွယ်ရာဘာသာတရား အသီးသီးရှိနေကြဆဲဖြစ်သည်။ နောင်လည်း ရှိနေဦးမည်ဖြစ်ပြီး ကမ္ဘာတည်တရွေ့ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။ အချို့ကမူ ဘာသာတရားတစ်ခုခု၏ အမည်နာမကို အလွဲသုံးစားပြု၍ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ဘာသာရေးအစွန်းရောက်များက အမြတ်ထုတ်ကြသောအခါ ဤဘာသာကတော့ဖြင့် မကောင်းပါ၊ ထိုဘာသာကတော့ဖြင့် မကောင်းပါ စသဖြင့် ဆိုတတ်ကြသည်။ ထိုကဲ့သို့ မမှန်မကန်ဝေဖန်ပြောဆိုခြင်းသည် ဝေဖန်သူ၏ စိတ်နေသဘောထား မပြည့်ဝမှုကို ထင်ဟပ်စေသည်။ ထို့ကြောင့် ဘာသာတရားအားလုံးကောင်းပါသည်။ မကောင်းလျှင် ရှေးယခင်ကပင် ကွယ်ပျောက်နှင့်ခဲ့ပါပြီ။ သို့သော် မေးခွန်းမှာ ဘာသာတရားအားလုံး ကောင်းလား” မဟုတ်ပါ။ အဓိကဖြစ်သင့်သည့် မေးခွန်းမှာ ဘာသာတရားအားလုံး မှန်ပါသလား” သို့မဟုတ် ဘာသာတရားအားလုံး အတူတူပဲလားဟူ၍ ဖြစ်ပါသည်။

လူအချို့က ဘာသာတရားအားလုံးသည် ကောင်းမြတ်ရုံသာမက အတူတူလည်းဖြစ်ပါသည် ဟု ဆိုတတ်ကြသည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။ ပေးကမ်းပါ။ လှူဒါန်းပါ။ သူ့ဥစ္စာမခိုးပါနှင့်။ လူ့အသက်ကို မသတ်ပါနှင့် ” စသဖြင့် တူညီစွာသွန်သင်ကြသည့်အတွက် အားလုံး အတူတူပင်ဖြစ်သည်ဟု လက်လွတ်စပယ် ဆိုတတ်ကြသည်။ ကောင်းမြတ်သည့် ဘာသာတရားများက ကောင်းမြတ်သည့်အရာများ တူညီစွာသွန်သင်ကြသည်မှာ မထူးဆန်းပါ။ သို့သော် ဤအချက်အားဖြင့်သာ အားလုံးအတူတူပင်ဖြစ်သည်ဟု ဆိုခြင်းမှာ ရာနှုန်းပြည့်မှန်ကန်မှုမရှိပေ။ ကမ္ဘာပေါ်တွင် အလွန်ထင်ရှားသော ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းဆီလျော်စွာခုခံကာကွယ်ပြောဆိုသူ(Christian Apologist) ဆရာကြီး ရာဗီ ဇက်ခရိုင်းရပ်စ် (Ravi Zacharias) က ဤသို့ဆိုထားသည်။

လူပြောများတဲ့ အဆိုတစ်ခုရှိတယ်ဗျ။ ဘာသာတရားအားလုံးက အခြေခံအားဖြင့် အားလုံးအတူတူပါပဲ။ အပေါ်ယံလောက်လေးပဲ ကွဲပြားသွားကြတာပါ’ ဆိုပြီးတော့လေ။ တကယ်တော့ အဲဒီအဆိုက မှန်ကန်မှုမရှိပါဘူး။ တကယ်ဖြစ်ရမှာက ဘာသာတရားအားလုံးက အပေါ်ယံအားဖြင့် အားလုံးအတူတူပါပဲ။ အခြေခံအားဖြင့် တစ်ခုနဲ့တစ်ခု လုံးဝကွဲပြားကြပါတယ်’ ဆိုတာပါပဲ။ အဲ့လိုပြောမှ ပိုမှန်မှာပါ”

တစ်စုံတစ်ယောက်သည် ဘာသာတရားအားလုံးက အခြေခံအားဖြင့် အားလုံးအတူတူပါပဲ။ အပေါ်ယံလောက်လေးပဲ ကွဲပြားသွားကြတာပါ’ ဟု ဆိုလိုက်သည်နှင့် ထိုသူသည် ဘာသာတရားများနှင့် ပတ်သက်သောအရာများကို လေ့လာဆည်းပူးထားခြင်းမရှိသူ သို့မဟုတ် ဘာသာရေးဗဟုသုတ အားနည်းသူဖြစ်ကြောင်း ပေါ်လွင်စေပါသည်။ ဘာသာတရားအားလုံးသည် အခြေခံယုံကြည်ချက်များအားဖြင့် တစ်ခုနှင့်တစ်ခု လုံးဝမတူညီကြောင်း မြင်သာစေရန် ဥပမာ ပေးလိုပါသည်။

Image credit to : https://urbanministries.com

ဥပမာ။ ။ ဟိန္ဒူဘာသာ(Hinduism) တွင် အခြားသော ထာဝရဘုရားကိုးကွယ်သောဘာသာတရားများနှင့် ညှိနှိုင်းယူလို့မရသည့်အရာနှစ်ခုရှိသည်။ ထိုအရာမှာ ကံ၊ ကြမ္မာ(Karma) နှင့် လူဝင်စားခြင်း(Reincarnation) အယူဖြစ်သည်။ ထိုအယူကို တစ်ဆူတည်းသောထာဝရဘုရားကိုးကွယ်သော ဂျူးဘာသာ(Judism)ခရစ်ယာန်ဘာသာ(Christianity) နှင့် အစ္စလာမ်ဘာသာ(Islam) တို့က ငြင်းပယ်ကြပြီး ဗုဒ္ဓဘာသာက လက်ခံယုံကြည်ပါသည်။ ဟိန္ဒူဘာသာ(Hinduism)တွင် ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝက ဖျက်ဆီးသည် ဟူသောယုံကြည်မှုသည် ဖန်ဆင်းရှင်ကို ငြင်းပယ်သော ဗုဒ္ဓဘာသာနှင့် လုံးဝကွဲပြားသွားစေတော့သည်။ ဟိန္ဒူဘာသာက ဘုရားကို ကိုးကွယ်၍ ဗုဒ္ဓဘာသာက တရားကို ပို၍အလေးပေးပါသည်။ ထိုနည်းတူ ဗုဒ္ဓဘာသာသည် ဟိန္ဒဘာသာရှိ ကံ၊ ကြမ္မာနှင့် လူဝင်စားခြင်း အယူကို လက်ခံသော်လည်း အခြားသော ဘာသာတရားများနှင့် ညှိနှိုင်းယူလို့မရသည့်အရာများရှိပေသည်။ ဗုဒ္ဓဘာသာတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ အဖန်တလဲလဲ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလဘဝတွင် ကြုံတွေ့ရသမျှအားလုံးသည် ဒုက္ခဖြစ်သည်။ ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်ဟု ယုံကြည်သည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ဖန်ဆင်းရှင်ဘုရားသခင်နှင့် ဖန်ဆင်းခြင်းကို ဗုဒ္ဓဘာသာက ငြင်းပယ်ပါသည်။

ထို့အပြင် ဂျူးဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့သည် ထာဝရဘုရားကိုးကွယ်သည့််အရာတွင် တူညီကြသော်လည်း တစ်ခုနှင့်တစ်ခု ညှိနှိုင်းယူလို့မရသည့် အရာများရှိပါသေးသည်။ ဂျူးဘာသာတွင် ယာဝေထာဝရဘုရားကို ကိုးကွယ်ကြပြီး ထိုဘုရားသခင်သည် တစ်ပါးတည်းသော၊ တစ်ဆူတည်းသောအရှင်ဖြစ်ကြောင်း ယုံကြည်ကြသည်။ သခင်ယေရှုကို ပရောဖက်အနေနှင့်သော်လည်းကောင်း၊ ဘုရားသခင်၏ သားတော်အနေနှင့်သော်လည်းကောင်း၊ သခင်ယေရှုသည် ဓမ္မဟောင်းအနာဂတ္တိကျမ်းစာပါ ကြွလာတော်မူမည့်မေရှိယဖြစ်တော်မူကြောင်းကိုသော်လည်းကောင်း ငြင်းပယ်ကြပါသည်။ အစ္စလာမ်ဘာသာတွင် ဂျူးဘာသာကဲ့သို့ အလ္လာရှင်မြတ်(ထာဝရ)ဘုရားကို ကိုးကွယ်ကြပြီး ထိုအလ္လာရှင်မြတ်သည် တစ်ပါးတည်းသော၊ တစ်ဆူတည်းသောအရှင်ဖြစ်ကြောင်း ယုံကြည်ကြသော်လည်း ဂျူးကျမ်းစာများကို အသုံးမပြုပါ။ အစ္စလာမ်ဘာသာတွင် တမန်တော်မိုဟာမက်သည် အလ္လာရှင်မြတ်၏ နောက်ဆုံးသောတမန်တော်ဖြစ်ပြီး သူ့အားဖြင့် ပေးသော ကိုရမ်ကျမ်းစာသည်သာ ပြီးပြည့်စုံသော ဘုရားနှုတ်ကပတ်တော်အဖြစ် ယုံကြည်ကြသည်။ သို့သော် ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာက တမန်တော်မိုဟာမက်နှင့်သူ၏ကိုရမ်ကျမ်းစာအား ထာဝရဘုရားသခင်၏တမန်တော်အဖြစ်သော်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်အဖြစ်မှသော်လည်းကောင်း ငြင်းပယ်ကြသည်။

ခရစ်ယာန်ဘာသာတွင် ယာဝေထာဝရဘုရားကို ကိုးကွယ်ကြပြီး ထိုဘုရားသခင်သည် ခမည်းတော်၊ သားတော်ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော၊ သုံးပါးတစ်ဆူထာဝရအရှင်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာသည်သာ သခင်ယေရှုခရစ်တော်ကို ထာဝရဘုရားသခင်အဖြစ်လက်ခံယုံကြည်သော တစ်ခုတည်းသောဘာသာတရားဖြစ်ပြီး ထိုယုံကြည်ချက်ကိုပင် ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာက ငြင်းပယ်ကြပြန်ပါသည်။ ထို့အပြင် ခရစ်ယာန်တို့သည် သခင်ယေရှုခရစ်၏ ကားတိုင်ထက်တွင် အသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်းနှင့် () ရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြပြီး ထိုယုံကြည်ချက်သည် ခရစ်ယာန်ဘာသာယုံကြည်မှု၏ အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။ သို့ရာတွင် သခင်ယေရှု၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ဂျူးဘာသာနှင့်အစ္စလာမ်ဘာသာတို့က တညီတညွတ်တည်းငြင်းပယ်ကြပါသော်လည်း သခင်ယေရှု၏ကားတိုင်ထက်တွင် အသေခံခြင်းကို ဂျူးများက လက်ခံကြပြီး မွတ်စလင်များက ထိုအချက်ကို ငြင်းပယ်ကြပြန်ပါသည်။ မွတ်စလင်များက ကားတိုင်ထက်တွင် အသေခံသူမှာ သခင်ယေရှု(အစ္စလာမ်ဘာသာအခေါ် ပရောဖက် အီစာ) မဟုတ်၊ သခင်ယေရှု နောက်လိုက်တပည့်တော်တစ်ဦးက ကိုယ်စားအသေခံခြင်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် အစ္စလာမ်ဘာသာ၌ သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအား ယုံကြည်သက်ဝင်စရာအကြောင်းမရှိတော့ပေ။

ထို့ကြောင့် ဘာသာတရားများအားလုံးသည် ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။ ပေးကမ်းပါ။ လှူဒါန်းပါ။ သူ့ဥစ္စာမခိုးပါနှင့်။ လူ့အသက်ကို မသတ်ပါနှင့် ” စသဖြင့် အပေါ်ယံအားဖြင့် အားလုံးတူညီကြသည်ဟု ထင်ရပါသော်လည်း အမှန်တကယ်တွင်မူ ဘာသာတရားများအား သေသေချာချာ လေ့လာသုံးသပ်ကြည့်ပါက အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး ယုံကြည်ကျင့်သုံးမှုများတွင် တစ်ဘာသာနှင့်တစ်ဘာသာ လုံးဝညှိယူလို့မရသည်ထိ ကွဲပြားကြကြောင်း အထက်ပါအချက်အလက်များက ထင်ရှားစေပါသည်။ ထိုမတူကွဲပြားမှုများကြောင့် သင်သည် ဘာသာတရားတစ်ခုအား ယုံကြည်လက်ခံလိုက်သည်နှင့် ကျန်ဘာသာတရားများအား ငြင်းပယ်ပြီးသားဖြစ်သွားပါသည်။ ဆိုလိုသည်မှာ သင်သည် ဘာသာတရားတစ်ခုခုအား အန္တိမ သမ္မာတရားဖြစ်ကြောင်းလက်ခံယုံကြည်လိုက်သည်နှင့် ကျန်သော ဘာသာတရားများအားလုံး မှားယွင်းသည်ဟု လက်ခံယုံကြည်ပြီးသားဖြစ်ပါသည်။ ထိုအချက်ကို သင်ငြင်း၍ မရပါ။ ဘာသာတရားအားလုံးကောင်းပါသည်။ သို့သော် ဆန့်ကျင်ဘက်မပြုသောနိယာမ(Law of noncontradiction/ either-or logic) အရ ဘာသာတရား အားလုံးမတူနိုင်ပါ။ အားလုံးအတူတူ မမှန်နိုင်ပါ။

လူတစ်ချို့က မိမိတို့ကိုယ်ကိုမိမိ သဘောထားအလွန်ပြည့်ဝသည့်ဟန်ဖြင့် ငါတို့က ဘုရားအားလုံးကို ယုံတယ်။ ငါတို့က အယူမသီးဘူး။ အစွန်းမရောက်ဘူး” ဟုဆိုတတ်ကြပြန်ပါသည်။ အမှန်မှာ ထိုသူတို့သည် ဘုရားအားလုံးကို ယုံကြည်နိုင်ခြင်းမဟုတ်၊ မည်သည့်ဘုရားကိုမှ စိတ်မချခြင်းသာဖြစ်သည်။ အမြင်ကျယ်ခရစ်ယာန်ဟု မိမိတို့ကိုယ်ကိုအမွှန်းတင်ကြသော လစ်ဘရယ်လ်ခရစ်ယာန်များကလည်း ဘာသာတရားအားလုံးသည် ကောင်းသည့်အတွက် လုံးဝညှိယူ၍မရသည့်အရာဟူ၍ မရှိ၊ ဘာသာပေါင်းစုံ အတူတကွဝတ်ပြုကိုးကွယ်နိုင်သည်” ဟုဆိုကြသည်။ ဤမျှလောက် ဘာသာတရားအားလုံးသည် အခြေခံအကျဆုံးယုံကြည်မှုများတွင် ကွဲပြားကြသော်လည်း ညှိယူ၍ရသည်ဟုဆိုနေခြင်းမှာ ဆန့်ကျင်ဘက်မပြုသောနိယာမ(Law of noncontradiction/ either-or logic) ကို ချိုးဖောက်ခြင်းသာဖြစ်သည်။ ထိုသူတို့သည် အမြင်ကျယ်သူများမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာတစ်ခုတည်းသောဘာသာတရားသစ်(One World Religion) ကို ဖန်တီးရန် ကြိုးစားအားထုတ်နေကြခြင်းသာဖြစ်သည်ဟု မြင်ပါသည်။

ချစ်ရပါသော စာဖတ်သူ၊ သမ္မာတရား (ခေါ်) အမှန်တရား(The Truth) သည် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုယ်၌က သီးသန့်ဖြစ်တည်မှု သို့မဟုတ် တစ်ခုတည်းသာလက်ခံခြင်း” (Exclusive) ဟူ၍ ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်၏ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄ : ၆ ပါ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” ဟူသော ကြွေးကြော်ချက်သည် အမှန်တရား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သော သီးသန့်ဖြစ်တည်မှု သို့မဟုတ် တစ်ခုတည်းသာလက်ခံခြင်း” (Exclusive) နှင့် လုံးဝကျိုးကြောင်းဆီလျော်သော ကြွေးကြော်ချက်ဖြစ်ပါသည်။ သခင်ယေရှုဟူသည့် လမ်းမှတစ်ပါး အခြားသောလမ်းမရှိ၊ လမ်းခရီးဖြစ်တော်မူသော ခရစ်တော်အားဖြင့်သာ ခမည်းတော်ထံသို့ရောက်နိုင်သည်။ သခင်ယေရှုဟူသော အသက်မှတစ်ပါး အခြားသောအသက်မရှိ၊ သခင်ယေရှုအားဖြင့်သာ ထာဝရအသက်ရနိုင်သည်။ သမ္မာတရားနှင့် သခင်ယေရှုကို ခွဲခြား၍မရ၊ သခင်ကိုယ်တော်၌က သမ္မာတရားဖြစ်နေသည်။ သခင်ယေရှု၏ ထိုကြွေးကြော်ချက်သည် ပြတ်သားသော ကြွေးကြော်ချက်ဖြစ်ပါသည်။ ချစ်ရပါသော စာဖတ်သူ၊ ဘာသာတရားအားလုံး အတူတူပဲဆိုသည်မှာ မဟုတ်ပါ။ ဘာသာတရားအားလုံး အတူတူလည်း မမှန်နိုင်ပါ။ သင့်အား တစ်စုံတစ်ယောက်သောသူက ဘာသာတရားအားလုံးက အတူတူပါပဲဟုပြောလာပါက ထိုသူသည် ဘာသာရေးဗဟုသုတအားနည်းသူ ဖြစ်ကြောင်း သိမှတ်ပါ။ သမ္မာတရား ဖြစ်တော်မူသော သခင်ယေရှုခရစ်တော်အား မိမိအသက်တာ၏ ကယ်တင်ရှင် ဘုရားသခင်အဖြစ် ယုံကြည်လက်ခံနိုင်ပါစေ။ အာမင်။