Skip to content

ခရစ်တော်၌ရှိသော မိမိ၏သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း

ချစ်သောယုံကြည်သူ ညီအစ်ကိုမောင်နှမများသို့

ခရစ်တော်ထဲမှာရှိနေတဲ့ ကျွန်တော်တို့ ယုံကြည်သူ ဘုရားသားသမီး အယောက်စီတိုင်းရဲ့ “သရုပ်အမှန်” နဲ့ အဖဘုရားဟာ သူချစ်တဲ့ သားသမီးတွေကို ဘယ်လို ရွေးနှုတ်ခဲ့သလဲ၊ ဘယ်လိုရပ်တည်နေစေသလဲ၊ ဘယ်လိုကာကွယ်ထားသလဲ၊ ဘယ်လိုတန်ဖိုးရှိစေသလဲ၊ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး တွဲဆက်ပေးထားသလဲ ဆိုတဲ့ ကြီးမြတ်အံ့သြဖွယ် အကြံအစည်တော်ကို ပညတ်တရား ကာလ တဲတော်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံအားဖြင့် ပြန်လည်ဝေမျှလိုပါတယ်။

ဒါကို သိရှိခြင်းအားဖြင့် အဖဘုရားရဲ့ အကြံအစည်တော် နဲ့ ကျွန်တော်တို့အပေါ်ထားရှိတဲ့ ချစ်ခြင်း မေတ္တာ၊ ကျေးဇူးတော် အလွန်ပင်ကြီးမားကြောင်းကို ပို၍ နားလည်သိရှိပြီး မိမိဟာ ခရစ်တော်၌ တစ်စုံတစ်ယောက်သောသူဖြစ်တယ် ဆိုတဲ့ အချက်တစ်ခုတည်း အပေါ်မှာ အပ်နှံအသက်ရှင်တတ်စေဖို့ ဖြစ်ပါတယ်။

အဖဘုရားဟာ တဲတော်အကြောင်းကို ထွက်မြောက်ရာကျမ်းမှာ အတော်များများဖော်ပြထားပါတယ်။ အစ္စရေးလူမျိုးတွေ ခရီးသွားရာက စခန်းချတဲ့ အခါ တဲတော်ကို အလယ်မှာထားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဖက်လေးတန်ကနေ အတွင်းဘက် (တဲတော်ဘက်)ကို မျက်နှာမူပြီး စခန်းချကြပါတယ်။ (တောလည်ရာကျမ်း ၂ : ၂ ဣသရေလ အမျိုးသား အသီးသီးတို့သည်၊ မိမိတပ်နှင့်ဆိုင်သောအလံ၊ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ၊ ပရိတ်သတ် စည်းဝေးရာ တဲတော်ကို **ရှေ့ရှုပြု၍* နေရာချရမည်။) အဲလိုစခန်းချတဲ့ ပုံစံကို အပေါ်စီးကနေကြည့်ရင် ကားတိုင် ပုံသဏ္ဍာန်ဖြစ်ပါတယ်။

(ပုံ ၁)

တောလည်ရာကျမ်း အခန်း (၂) မှာ တဲတော်ကို မျက်နှာမူပြီး ဣသရေလူမျိုး ၁၂ နွယ် စခန်းချတဲ့ အခါ တဲတော်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဖက်မှာ ရှိတဲ့ အလုံးအရင်း အရေအတွက်ကို သေချာတွက်ချက်ကြည့်ပါ။ ကားတိုင် ပုံသဏ္ဍာန်ဖြစ်ပါတယ်။ စခန်းရဲ့ အလယ်တည့်တည့်မှာတော့ တဲတော်ရှိပါတယ်။ ထောင့်မှန်စတုဂံ ပုံသဏ္ဍန် အဆောက်အဦးကို အဝတ်စရှည်နဲ့ အုပ်ထားပါတယ်။

ပုံ ()

ပုံမှာ တွေ့ရတဲ့ မိုးတိမ်တိုက် ဆင်းသက်နေတဲ့ တဲတော်ရဲ့အပိုင်းကတော့ ပဋိညာဉ်သေတ္တာရှိ တဲ့ နေရာတည့်တည့်ပဲဖြစ်ပါတယ်။ ထိုနေရာကို ကျေးဇူးဂရုဏာပလ္လင် (Mercy Seat) လို့လည်းခေါ်ပါတယ်။ ထာဝရဘုရား ကျိန်းဝပ်တော်မူတဲ့ နေရာဖြစ်ပါတယ်။

ပုံ ()

တဲတော်ရဲ့ အတွင်းပိုင်းပုံကို ကြည့်လိုက်မယ်ဆိုရင် ပတ်ပတ်လည်မှာ ရွှေနဲ့မွမ်းမံထားတဲ့ သစ်သားပြားတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီသစ်သားပြားတွေရဲ့အောက်ခြေကိုကြည့်မယ်ဆိုရင် သစ်သားပြား တစ်ခုချင်းစီရဲ့ အောက်ခြေ အထိုင်ခွက်ဟာ ငွေသား ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ “ရွှေ” နဲ့ မွမ်းမံထားပြီး “ငွေ”နဲ့ အောက်ကနေပင့်ပြီး ထိန်းထားခြင်းခံထားရတဲ့ သစ်သားပြားတစ်ခုချင်းစီဟာ ယုံကြည်သူ ကျွန်တော်တို့တတွေပဲ ဖြစ်ပါတယ်။ သစ်သားပြားရဲ့ ထောင့်ဖြတ်ပုံကို ကြည့်လိုက်ပါ။

ပုံ ()

ပထမဆုံး ရွှေနဲ့ ဖုံးအုပ်ထားတဲ့ သစ်သားပြားကို တွေ့ရပါမယ်။ အပြင်မှာ အုပ်ထားတာ ရွှေဖြစ်ပြီး အထဲမှာရှိနေတာက သစ်သားဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ သစ်သား ဆိုတဲ့အရာဟာ လူသား ဖြစ်ခြင်းကို ဆိုလိုပါတယ်။ အောက်ခြေကို ကြည့်လိုက်မယ်ဆိုရင် ငွေနဲ့ လုပ်ထားတဲ့ အထိုင် (socket) ၂ ခုကို တွေ့ ပါမယ်။ အထိုင် ၂ ခုက ငွေနဲ့ ပြုလုပ်ထားတာပါ။ သစ်သားပြားတစ်ခုချင်းစီကို ဘယ်လိုနည်းနဲ့ရပ်တည်နေစေသလဲဆိုတော့ သစ်သား ပြား တစ်ခုချင်းစီဟာ အောက်ခြေ ငွေသား အထိုင်ခွက်ထဲမှာ ခြေထောက်၂ ခု နစ်မြှုပ်ပြီး ခိုင်မြဲစွာ အထိုင်ကျနေစေပါတယ်။

အံ့သြဖွယ်ကောင်း တဲ့ တစ်ချက်က ထိုခေတ်က အဲဒီသစ်သားပြားတစ်ခုရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ခန့်သာ ရှိပါတယ်။ တန်ဖိုးမများပါဘူး။ ၁ ဒေါ်လာပါ။ သစ်သားပြားတစ်ခုကို ၁ ဒေါ်လာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီသစ်သားပြား အောက်က အထိုင်ထားတဲ့ ငွေသား အထိုင်ဟာ ၁ ခု ကို ဒေါ်လာ ၁၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် Foundation (အထိုင်) ဟာ သစ်သားပြားထက် ပို၍ တန်ဖိုးကြီးပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သင်ယူနိုင်တဲ့အချက်က သင် နဲ့ ကျွန်ုပ်ဟာ သစ်သားပြားတွေ ဖြစ်ပါတယ်။ ကျွန်ုပ်ကိုယ်၌ ကရော သင့် ကိုယ်၌က ရော ဘာမှ တန်ဖိုးမကြီးပါဘူး။ အဖိုးမတန်ပါဘူး၊ ဝါကြွားစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်တည်နေတဲ့ အရာ “ငွေ”(Silver) ကတော့ တန်ဖိုးကြီးပါတယ်။ “ငွေ” ဟာ ကျမ်းစာထဲမှာ “ရွေးနှုတ်ခြင်း” ကို ပုံဆောင်ပါတယ်။ တဲတော်ထဲမှာ အသုံးပြုထားတဲ့ ငွေ သတ္တုတွေအားလုံးဟာ အစ္စရေးလူမျိုးတွေ အားလုံးဆီကနေ တဲတော်အတွက် ပေးရတဲ့ ငွေတွေပဲဖြစ်ပါတယ်။ (ထွက် ၃၀ : ၁၆) အဲဒီမှာ ပြောထားတဲ့ “အရွေးငွေ” ပေးရတယ်ဆိုတဲ့အရာက ရွေးနှုတ်ခြင်းကို ဝယ်လို့ရတယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ ရွေးနှုတ်ခြင်းဟာ တန်ဖိုးရှိတယ်။ အဖိုးအခ ပေးပြီး ဝယ်ယူရတယ် ဆိုတာကို သိစေချင်တဲ့ သဘောသာဖြစ်ပါတယ်။ ယနေ့ ပဋိညာဉ်တရားသစ်ကာလ ကျေးဇူးတရားလက်မှာ ရှိတဲ့ အသင်းတော် ဖြစ်တဲ့ ယုံကြည်သူ သင်နဲ့ ကျွန်ုပ်တို့ဟာ ထို ရွှေ ငွေ ထက် အဆပေါင်းများစွာပိုပြီး တန်ဖိုးရှိတဲ့ ခရစ်တော်ရဲ့ အသွေးတော်နဲ့ ရွေးဝယ်ခြင်းခံထားရပါတယ်ဆိုတာ သိရှိပြီး ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်။ ဟာလေလုယာ။

သင်နဲ့ကျွန်ုပ် ရဲ့ ပြုမူခြင်းတွေ လုပ်ဆောင်ခြင်းတွေအားလုံးဟာ ရွေးနှုတ်ခြင်း အတွက် တန်ဖိုးမရှိပေမဲ့ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ခြင်းအတွက် ယေရှုခရစ်တော်ဘုရားပုဂ္ဂိုလ်တော် နဲ့ ကိုယ်တော့်ရဲ့ လုပ်ဆောင်ပေးခြင်းကတော့ တန်ဖိုးဖြတ်လို့တောင် မရနိုင်ပါဘူး။

သစ်သားပြား (သင်နှင့် ကျွနု်ပ်) ဟာ သူ့ဘာသာသူ (ခရစ်တော်နှင့် ကိုယ်တော်၏ လုပ်ဆောင်ပေးခြင်းအပေါ်တွင် မဟုတ်ဘဲ) ရပ်နေလို့ကတော့ ၁ ဒေါ်လာပဲ တန်မှာပါ။ ဒါပေမဲ့ အဲဒီသစ်သားပြားဟာ ငွေသား socket အထိုင် (ခရစ်တော်နှင့် ကိုယ်တော်၏ လုပ်ဆောင်ပေးခြင်း) အပေါ်မှာ ရပ်နေတဲ့ အခါ အဆပေါင်းများစွာ တန်ဖိုးကြီးသွားတာဖြစ်ပါတယ်။

အခု သစ်သားပြား (သင်နဲ့ကျွနု်ပ်)ဟာ ကြွယ်ဝတဲ့ အရာ (ခရစ်တော်ရဲ့ ရွေးနှုတ်ခြင်း) ပေါ်မှာ ရပ်တည်နေပါတယ်။ အာမင်။

တစ်ကြိမ်တစ်ခါတုန်းဟာ ကျွန်တော်တို့အားလုံး (တစ်ပါးအမျိုးသားများ) ဟာ တောနက်ထဲမှာရှိတဲ့ သစ်ပင်ရိုင်းတွေသာဖြစ်ပါတယ်။ သစ်ပင်ရိုင်းတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ လောကနဲ့ အချိန်တိုင်း ထိတွေ့နေမယ်၊ လေဒဏ်မိုးဒဏ် ခံရမယ်။ ဖုန်တွေ ညစ်ပတ်တဲ့ အရာတွေ နဲ့ ကျွန်တော်တို့ အပေါ်မှာ ပေကျံနေမယ်။ ဖုန် ဆိုတာ စာတန်ရဲ့ အစာဖြစ်ပါတယ်။ တနည်းအားဖြင့် အပြစ်ဖြစ်ပါတယ်။ (ကမ္ဘာဦး ၃ : ၁၄)

စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ သစ်ပင်ရိုင်းတွေ ဖြစ်ခဲ့စဉ်တုန်းက ကျွန်တော်တို့ရဲ့ အမြစ်တွေဟာ ဘယ်အရာနဲ့ ဆက်သွယ်နေခဲ့ပါသလဲ။ ထာဝရဘုရားကျိန်တော်မူခဲ့တဲ့ မြေကြီးနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျိန်ခြင်းအမင်္ဂလာရဲ့ ဆိုးကျိုးဆက်တွေ၊ အနာရောဂါတွေ အမူအကျင့်တွေဟာ မိဘ ဘိုးဘွားစဉ်ဆက်အလိုက် ဆက်ခံ ရရှိဖို့ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း အတိုင်းထက်အလွန်များစွာသော ကျေးဇူးတော်ကြွယ်ဝသည်နှင့် အညီ အဖဘုရားက လောကသားတွေကို ကယ်ဖို့အတွက် သားတော်ကို စေလွှတ်ခဲ့ပါတယ်။

ပဋိညာဉ်တရားဟောင်းကာလ မှာ တဲတော်အတွက် လိုအပ်တဲ့ သစ်သားပြားတွေ ရဖို့အတွက် တောထဲကိုသွားပြီး သစ်ပင်အရိုင်းကနေ ခုတ်ဖြတ်ပြီး ဘုရားကျိန်းဝပ် တော်မူတဲ့ တဲတော်မှာ အသုံးပြုသလိုမျိုး ပဋိညာဉ်တရားသစ် ရဲ့ ကယ်တင်ခြင်း လုပ်ငန်းထဲမှာ အဖဘုရားက ရိုင်းတဲ့ သံလွင်ပင်ဖြစ်တဲ့ ကျွန်တော်တို့ကို ကျိန်ခြင်းအမင်္ဂလာဖြစ်နေတဲ့ မြေကြီးနဲ့ အဆက်ပြတ်အောင် ဖြတ်ပစ်လိုက်ပြီး ရလာတဲ့ သစ်သားပြား(လူသား) တစ်ခုစီတိုင်းကို သူ့ရဲ့ ဗိမာန်တော်မှာ ထည့်သွင်းပြီး အသုံးပြုတာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ယုံကြည်ခြင်းသို့ရောက်သည်နဲ့တပြိုက်နက် အဖဘုရားက ဒီလောကနဲ့ ကျွန်တော်တို့ ကို အဆက်ဖြတ်ပစ်လိုက်ပြီးပြီ ဖြစ်ပါတယ်။ တဲတော်ထဲက သစ်သားပြားတွေဟာ မြေကြီးပေါ်မှာ ရှိနေဆဲဖြစ်ပေမဲ့ မြေကြီးနဲ့ သူတို့နဲ့ ကြားမှာ သခင်ယေရှုဘုရားရဲ့ ရွေးနှုတ်ခြင်း ကို ပုံဆောင်တဲ့ ငွေခွက်တွေက ကြားခံပေးနေပါတယ်။ မြေကြီးနဲ့ တိုက်ရိုက် လုံး၀ မထိတွေ့တော့ပါဘူး ၊ ဟာလေလုယာ။

သစ်သားပြားတွေရဲ့ အောက်ခြေဟာ မြေကြီးပေါ်မှာ ရပ်နေတာမဟုတ်ဘဲ ငွေ ခွက်တွေ အပေါ်မှာ ရပ်နေသလို ကျွန်တော်တို့ ယုံကြည်သူတွေ ရပ်နေတဲ့ နေရာဟာ ကျိန်စာသင့်နေတဲ့ မြေကြီးပေါ်မှာ မဟုတ်ပါဘူး။ ကောင်းချီးဖြစ်နေတဲ့ ခရစ်တော်ရဲ့ အမှုပြီးစီးခြင်း ဆိုတဲ့ ရွေးနှုတ်ခြင်း ပေါ်မှာ ရပ်နေတာဖြစ်ပါတယ်။ အာမင်။

ဘုရားက သင်နဲ့ကျွန်ုပ်ကို ငွေနဲ့ အထိုင်ချ၊ ရွှေနဲ့ အလှဆင်ပြီး သူ့ရဲ့ အိမ်တော်မှာ အသုံးပြုနေပါပြီ။ အာမင်။

ဆက်လက်ပြီးကြည့်မယ်ဆိုရင် အောက်ခံအထိုင်ဖြစ်တဲ့ ရွေးနှုတ်ခြင်းကိုပုံဆောင်တဲ့ ငွေခွက်ဟာ အထိုင် ခွက် ၂ ခုပါ ပါတယ်။ သစ်သားပြားတစ်ခု မှာ အထိုင်ချမယ့် ခြေထောက် ၂ ခု ပါပါတယ်။ အောက်ခြေအထိုင် (ငွေသား )ဟာ ဘာလို့ ၂ ခု ဖြစ်နေရတာလဲ ဆိုတဲ့အချက်ကတော့ ယေရှုခရစ်တော်ရဲ့ ရွေးနှုတ်ခြင်း လုပ်ငန်းစဉ်ဟာ အပိုင်း () ပိုင်း ပါဝင်လို့ပဲဖြစ်ပါတယ်။ အသေခံခြင်း နဲ့ ထမြောက်ရှင်ပြန်ခြင်း () ပိုင်းဖြစ်ပါတယ်။ အသေခံခြင်းဟာ အရေးကြီးသလို ရှင်ပြန်ထမြောက်ခြင်းဟာလည်းပဲ အရေးကြီးပါတယ်။

ကျွန်တော်တို့အားလုံး အပြစ်အတွက် သခင်ယေရှုအသေသတ်ခြင်း ခံခဲ့ပါတယ်။ တနည်းပြောရမယ်ဆိုရင် ခရစ်တော်နဲ့အတူ ကျွန်တော်တို့ရော ကျွန်တော်တို့အပြစ်အားလုံးရော သေသွားတာပါ။ ဒါပေမဲ့ ထမြောက်ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့ဟာ သေနေပေမဲ့ အပြစ်ထဲမှာပဲ ဆက်ရှိနေတဲ့ သဘောမျိုးဖြစ်သွားပါလိမ့်မယ်(၁ ကော ၁၅ : ၁၄ ၁၇ – ၁၈)။ ဒါပေမဲ့ ကိုယ်တော် ထမြောက်ခဲ့ပါတယ်။ ကိုယ်တော်သခင်ယေရှုနဲ့အတူ ကျွန်တော်တို့လည်း ထမြောက်ရှင်ပြန်ခဲ့ပါပြီ။ အပြစ်တရားသာလျှင် သေခြင်းထဲမှာ ကျန်ခဲ့တာဖြစ်ပါတယ်။ အပြစ်တရားက ထမြောက်ပြီး ခရစ်တော်နဲ့ အတူ လိုက်ပြီး မရှင်တော့သလို ခရစ်တော်နဲ့အတူ ထမြောက်တဲ့ ယုံကြည်သူတစ်ယောက်စီတိုင်း မှာလည်း အပြစ်တရားဟာ ရှင်သန်မှု လုံး၀ မရှိတော့ပါဘူး။ ဒါကို သေချာယုံဖို့၊ စိတ်စွဲလန်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် “အသေခံခြင်း” ဟာ အပြစ်ကြွေးတွေကို ဆပ်ခဲ့တဲ့ “လုပ်ရပ်” တစ်ခုဖြစ်ပြီး “ရှင်ပြန်ထမြောက်ခြင်း” ဟာ အဲဒီ အကြွေးတွေ အားလုံး ဆပ်ခဲ့ပြီးကြောင်းပြတဲ့ “သက်သေ” ပဲ ဖြစ်ပါတယ်။ ဟာလေလုယာ၊ အာမင်။

ကျွန်တော်တို့ဟာ ရွေးနှုတ်ခြင်း ဆိုတဲ့ ငွေခွက် အပေါ်မှာသာ ရှိနေရုံ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ကိုယ်လုံး ကိုလည်း “ရွှေ” နဲ့ ဖုံးအုပ်ထားပါသေးတယ်။ ဟာလေလုယာ။ ပုံမှာ ကြည့်လိုက်ပါ။ သစ်သားပြားတွေအားလုံးဟာ ငွေ အထိုင်ခွက်တွေပေါ်မှာ ရပ်နေရုံသာမက သူတို့ တစ်ခုစီတိုင်းကိုလည်း ရွှေနဲ့ ဖုံးအုပ်ထားပါတယ်။ ကြည့်လိုက်မယ်ဆိုရင် သစ်သားကို မမြင်နိုင်ပါဘူး။ ရွှေကိုသာ မြင်ရမှာဖြစ်ပါတယ်။ ရွှေဟာ သမ္မာကျမ်းစာထဲမှာ ဘုရားဇာတိ (သို့) (ခရစ်တော်ရဲ့ ဘုရားဇာတိ) ဘုရားရဲ့ ဖြောင့်မတ်ခြင်း ကို ပုံဆောင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ တစ်ယောက်စီဖြစ်တဲ့ သစ်သားပြားတွေဟာ ခရစ်တော်ရဲ့ ရွေနှုတ်ခြင်း အမှု (ငွေ အထိုင်ခွက်) အပေါ်မှာ ရပ်တည် နေရုံ သာမက သစ်သားပြားတစ်ခုလုံးကို ရွှေနဲ့ဖုံးအုပ်ထားတဲ့အတွက် ကျွန်တော်တို့ဟာ ခရစ်တော်ထဲမှာ (တနည်း) ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်း ထဲမှာ နစ်မြှုပ်နေတာပဲဖြစ်ပါတယ်။ ဟာလေလုယာ (၂ ကော ၅ : ၂၁)။ အဖဘုရားဟာ သူကိုယ်တိုင် ကျွန်တော်တို့ကို ခရစ်တော်ထဲမှာ ထည့်ပြီး ဖွက်ထားတာပါ။ ကျွန်တော်တို့ရဲ့ ပျင်းရိတတ်တဲ့၊ ငြီးငွေ့တတ်တဲ့၊ အားနည်းမပြည့်စုံတတ်တဲ့ အသွေးအသားကို ပုံဆောင်တဲ့ သစ်သား၊ ကျွန်တော်တို့ကို မတွေ့အောင် သူ့သား (ခရစ်တော်) ရွှေ နဲ့ ဖုံးအုပ်ထားပေးထားတာပါ။ ဒါကြောင့် ခမည်းတော် ဘုရားက ကျွန်တော်တို့ကို ကြည့်လိုက်တဲ့ အချိန်တိုင်းမှာ ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်း၊ နာခံခြင်း၊ သန့်ရှင်းခြင်း၊ လှပခြင်းတွေကိုသာ မြင်နေပါတယ်။ ကျွန်တော်တို့ကသာ ကိုယ့်ကိုယ်ကို မဖြောင့်မတ်သူ၊ မနာခံတတ်သူ၊ မသန့်ရှင်းသူ၊ မလှပသူအဖြစ် ပြန်မြင်နေတာပါ။ အဲဒီလို မိမိ ကိုယ်ကို ဘုရားက မြင်သလို မမြင်တတ်ဘဲ စာတန်ကမြင်သလိုမြင်လေလေ ၊ ဥပမာ မိမိ ကိုယ်ကိုယ် ဖြောင့်မတ်သူအဖြစ် မမြင်ဘဲ စာတန်ကပြောတဲ့အတိုင်း မဖြောင့်မတ်သူလို့မြင်ရင် ထို မိမိ ရဲ့ အမြင်အတိုင်း ပြုမူတတ်လာပါလိမ့်မယ်။ နေ့စဉ် အဖ ဘုရားက မိမိကို မြင်သလို ခရစ်တော်၌ ဖြောင့်မတ်သူလို့ ကိုယ်ကိုယ်ကို မြင်ပြီး အပြစ်ကင်းတဲ့ စိတ်နဲ့၊ ဝမ်းမြောက်ခြင်းစိတ်နဲ့ အသက်ရှင်ရင် ဒုစရိုက်ကို အလိုလို မပြုတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။ အာမင်။

ထို့ပြင် တဲတော်ထဲမှာ သစ်သားပြားများတည်ရှိနေသည့် ပုံစံမှာ အပေါ်အောက် တစ်ခုပေါ်တစ်ခု ဆင့် ပုံစံမျိုး မဟုတ်ဘဲ အားလုံး ဘေးချင်းယှဉ် ရပ်ထားသည့်ပုံစံဖြစ်ပါသည်။ ဘေးချင်းယှဉ်ထားသည့် သစ်သားပြားများကို ဆက်ထားသည့်ပုံစံမှာ ပုံမှာတွေ့တဲ့အတိုင်း အပြင်ဘက်ကနေ ကန့်လန့်ကျင်ထိုး၍ ဆက်သလို သစ်သားပြားအတွင်းကို ဖောက်၍ ရွှေနဲ့မွမ်းမံထားတဲ့ သစ်သားချောင်းကိုထည့်ပြီး ဆက်ထားပါတယ်။ (ထွက်မြောက် ၂၆ : ၂၈၂၉)

Verse 28 : The middle bar shall pass through the midst of the boards from end to end. ……and overlay the bars with gold.

ပုံ ()

သစ်သားပြားတွေဟာ ငွေ (ခရစ်တော်ရဲ့ ရွေးနှုတ်ခြင်း) အပေါ်မှာ ရပ်နေသလို၊ သစ်သားပြား တစ်ခုလုံးကို ရွှေ (ခရစ်တော်) နဲ့ ဖုံးအုပ်ထားသလို၊ သစ်သားပြားတစ်ခုနဲ့ တစ်ခု ကြားမှာ ရွှေနဲ့ အုပ်ထားတဲ့ ကန့်လန့်ကျင်နဲ့ အထဲကနေ ဖောက်ပြီး တစ်ခုနဲ့တစ်ခု တွဲဆက်ပေးထားခြင်းခံရပါတယ်။

အဲဒီလိုမျိုးပဲ ကျွန်တော်တို့ ယုံကြည်သူတွေဟာ ခရစ်တော်ပေါ်မှာ ရပ်တည်နေသလို (အသေခံခြင်း၊ ထမြောက်ခြင်း အားဖြင့် ရွေးနှုတ်ခြင်း အပေါ်) ကျွန်တော်တို့ တစ်ကိုယ်လုံးဟာလည်း ခရစ်တော်ထဲမှာ ရှိနေသလို(ခရစ်တော်နဲ့ ဖုံးအုပ်ထားခြင်း)၊ ကျွန်တော်တို့ ယုံကြည်သူ အသင်းတော် အင်္ဂါချင်းတစ်ယောက်စီတိုင်းဟာလည်း ခရစ်တော်အားဖြင့် အထဲကနေ ထိုးဖောက်ပြီး ဆက်သွယ်နေပါတယ်။ တနည်း ခရစ်တော်သခင် ကျွန်တော်တို့ တစ်ယောက်စီရဲ့ အထဲမှာ ရှိနေခြင်းအားဖြင့် အချင်းချင်း မိသဟာယ ဖြစ်ပြီး စည်းလုံးညီညွှတ်နေပါလိမ့်မယ်။ အာမင်။

ချစ်သော ညီအစ်ကိုမောင်နှတို့၊ သင်ဟာ ခရစ်တော်အပေါ်မှာ ရပ်နေပါတယ်။ ခရစ်တော်အထဲမှာ ရှိနေပါတယ်။ ပြီးတော့ ခရစ်တော်ဟာလည်းပဲ သင့်ရဲ့ အထဲမှာ ရှိနေပါတယ်။ သင်လုံခြုံတယ်လို့ စိတ်ချထားသင့်ပါတယ်။ အာမင်။

အဖဘုရားက ဘာဖြစ်လို့ ကျွန်တော်တို့ကို ရွှေထဲမှာ ထည့်ထားပါသလဲ။ ရွေးနှုတ်ကယ်တင်ခြင်းနဲ့ ဖြောင့်မတ်ခြင်း လက်ဆောင် ဆိုတဲ့ ရှုထောင့် အပြင် နောက် ထပ်ရှုထောင့်တစ်မျိုးကို ဝေမျှချင်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ခရစ်တော်ရဲ့ “စာ” ဖြစ်ပါတယ်။

စာပို့သမားက သင့်ဆီကို ပို့တဲ့ အရာ က ဘာဖြစ်ပါသလဲ။ “စာ” လို့ သင်ဖြေရင် မမှန်ပါဘူး။ တကယ်က စာပို့သမားသင့်ဆီကို ပို့ပေးတာ စာအိတ်ပါ။ စာအိတ်ကို ပို့ပေးတာပါ။ စာပို့သမားက စာအိတ်ကို သယ်ဆောင်လာတာပါ။ စာအိတ်က “စာ” ကိုသယ်ဆောင်တာပါ။ စာအိတ်မပါဘဲ မပေးပါဘူး။ ပေးတယ်ဆိုရင် စာကို တစ်ယောက်ယောက်ဖောက်ဖတ်ထားတဲ့သဘောပါ။ ပို့မယ့် လိပ်စာ ကို “စာအိတ်” ပေါ်မှာ ရေးပါတယ်။ အထဲက စာထဲမှာ မရေးပါဘူး။

ကျွန်တော်တို့ဟာ “စာ” တွေဖြစ်ပြီး ခရစ်တော်ဟာ လိပ်စာ တပ်ထားတဲ့ “စာအိတ်” ဖြစ်ပါတယ်။ စာအိတ်ကို ဘာလို့ အသုံးပြုသလဲ။

ပထမ အကြောင်းပြချက်က

စာဟာ စာအိတ်ထဲမှာ ရှိနေခြင်းအားဖြင့် ဖုံတွေ မပေတော့ဘဲ သန့်ရှင်းနေမှာဖြစ်သလို၊ ခမည်းတော်ဘုရားဟာ ကျွန်တော်တို့ကို သန့်ရှင်းစေအောင် ခရစ်တော်ထဲ ထည့်ထားတာဖြစ်ပါတယ်။ ခမည်းတော်ဟာ ခရစ်တော်ရဲ့ အသွေးတော်နဲ့ သင့်ကို သန့်ရှင်းထားပါတယ်။ အာမင်။ “စာ” က သူဘာသာသူ သန့်ရှင်းအောင် လုပ်လို့ မရဘဲ စာအိတ်ထဲ ဝင်နေမှသာ စာအိတ်က သန့်ရှင်းစေတာ ဖြစ်သလို ကျွန်တော်တို့ဟာလည်း ကိုယ်ဟာကိုယ် သန့်ရှင်းအောင် နေလို့မရဘဲ ခရစ်တော်ထဲ ဝင်နေမှသာသန့်ရှင်းနေမှာ ဖြစ်ပါတယ်။ အာမင်။

စာကို သန့်ရှင်းအောင် ထိန်းသိမ်းထားတာက “စာအိတ်” ဖြစ်သလို သင်နဲ့ ကျွန်ုပ်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားတာက ခရစ်တော်ယေရှုဖြစ်ပါတယ်။

ဒုတိယအကြောင်းပြချက်က

လိပ်စာ မပါတဲ့ စာအိတ်တွေဟာ ဘယ်တော့ မှ နောက်ဆုံး ပန်းတိုင်ကို မရောက်ပါဘူး (ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်လိပ်စာ ပါတဲ့ တစ်ခုတည်းသော စာအိတ်ဖြစ်ပါတယ်။ ဟာလေလုယာ)

နောက်တစ်ချက်က ကျွန်တော်တို့ ဟာ မိမိ ကိုယ်ကို ခရစ်တော်အားဖြင့် ဖြောင့်မတ်သူဖြစ်တယ်လို့ မြင်နေရမှာဖြစ်သလို အခြားသော ခရစ်တော်၌ ညီအစ်ကိုမောင်နှမအချင်းချင်းကိုလည်း ဖြောင့်မတ်သူအဖြစ်မြင်နေရမှာ ဖြစ်ပါတယ်။ နေ့စဉ်အသက်တာမှာ အပြစ်လုပ်မိတဲ့အခါ အပြစ်သားတစ်ယောက်က အပြစ်လုပ်တယ်လို့ မြင်ပြီး အလျင်စလို မစီရင်ဘဲ ဖြောင့်မတ်သူတစ်ယောက်က သူ့ရဲ့ဖြောင့်မတ်ခြင်း သဘာဝကို မေ့သွားလို့ သတိလက်လွတ်လုပ်မိတဲ့ အရာသာဖြစ်တယ်လို့ နားလည်ပေးပြီး မေတ္တာဖြင့် နှုတ်ကပတ်တော်ရေနဲ့ ပြန်လည် ခြေဆေးပေးပြီး သမ္မာတရားလမ်းကြောင်းပေါ်ကို ပြန်လည် တည့်မတ်ပေးဖို့လိုအပ်ပါတယ်။

တဲတော်ထဲမှာ ရှိတဲ့ ရွှေနဲ့ မွမ်းမံထားတဲ့ သစ်သားပြားတွေကို အပြင်လောက က မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ဘုရားက မြင်ပါတယ်။ အပြင်လောက က ကျွန်တော်တို့ကို မြင်တဲ့ အမြင်အပေါ်မှာ ဂရုစိုက်စရာမလိုပါဘူး။ ဘုရားက ကိုယ့်ကို ဘယ်လိုမြင်သလဲ ဆိုတဲ့ အပေါ်မှာ အသက်ရှင် တတ် ဖို့ ကိုယ်တော်အလိုရှိပါတယ်။

ပြန်လည်ဝေမျှပေးတဲ့နေရာမှာ အမှားအယွင်းရှိခဲ့ရင် သစ်သား အစား “ရွှေ” ကိုပဲ မြင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

Photos Credit to NCC S’pore

New Creation Church (NCC) မှ သင်းအုပ်ဆရာဖြစ်တဲ့ ဆရာ ဂျိးဇက်ဖ် ပရင့်စ် (Pastor Joseph Prince) ဝေမျှခဲ့တဲ့ Uncovering Your True Identity In Christ — A Visual Study Of The Tabernacle’s Golden Boards (ခရစ်တော်၌ ရှိသော မိမိ၏ သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း တဲတော်အတွင်းရှိ ရွှေနဲ့မွမ်းမံထားတဲ့ သစ်သားချောင်းများ ကို လေ့လာခြင်း) ဆိုတဲ့ ဝေမျှချက်မှ တဆင့် ပြန်လည် ဖော်ပြလိုက်ပါတယ်။ နားထောင်ပြီး ဆုတောင်းပြီးမှ ပြန်လည် ဝေမျှပေးတာဖြစ်ပါတယ်။ တစ်ချို့သော နေရာလေးများမှာ အမှားအယွင်းရှိခဲ့တယ်ဆိုရင် စာရေးသူကျွန်တော့်အမှားသာ ဖြစ်ကြောင်းနဲ့ ဆရာ ဂျိးဇက်ဖ် ပရင့်စ် နဲ့ မသက်ဆိုင်ကြောင်း ဝန်ခံပါရစေ။ λόγος အဖွဲ့သားများတွင် ပုဂ္ဂိုလ်စွဲမရှိပါ။ ခရစ်ယာန်အချို့တို့သည် ဆရာ ဂျိုးဇက်ဖ်ကို နှစ်သက်ကြသည်။ အချို့မှာမူ မနှစ်မြို့ကြပါ။ တကယ်တမ်းအရေးကြီးတာကတော့ ဟောပြောသူ၏ သွန်သင်ချက်ဩဝါဒသည် သမ္မာကျမ်းစာနဲ့ ကိုက်ညီတဲ့ စင်ကြယ်သောဩဝါဒဖြစ်ဖို့သာဖြစ်ပါတယ်။

သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဖွင့်ပြခြင်းအားဖြင့် ခရစ်တော်၌ ညီအစ်ကိုမောင်နှမ အယောက်စီတိုင်း အဖဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို တိုး၍ ခံစားနားလည် နိုင်ပါစေ။ အာမင်။

သခင်ယေရှုနာမတော်မြတ်၌
John Wick