Skip to content

မျိုးဗီဇ (Gene) ဆိုသည်မှာ အဘယ်နည်း။

မျိုးဗီဇ ခေါ် ဂျင်းန် (Gene) ဆိုသည်မှာ Genome အတွင်းရှိ DNA ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သည့် အသားဓာတ် (protein) ကဲ့သို့သော ပစ္စည်းများထုတ်လုပ်နိုင်ရန် သတင်းအချက်အလက်များပါဝင်သည်။ ၎င်းတို့တွင် မျက်လုံးနှင့် ဆံပင်အရောင်ကဲ့သို့သော လူတစ်ဦးတစ်ယောက်ချင်းစီ၏ ထူးခြားသည့် ဝိသေသ လက္ခဏာများဖြစ်ပေါ်ရန် ညွှန်ကြားချက်များလည်း ပါဝင်သည်။ Gene တခု၏ အဓိကလုပ်ဆောင်ချက်မှာ ၎င်းတို့က သယ်ဆောင်ထားသော မျိုးဗီဇသတင်းအချက်အလက်များကို ဖော်ပြပေးရန်ဖြစ်သည်။ ထိုကဲ့သို့ ဖော်ပြခြင်းကို Gene expression ဟုခေါ်ပြီး ၎င်းတွင် DNA မှ RNA သို့ပြောင်းပေးသည့် Transcription နှင့် RNA မှ protein သို့ ပြောင်းလဲ ဖွဲ့စည်းပေးသည့် Translation ဟူ၍ အဆင့်နှစ်ဆင့်ပါဝင်သည်။

Gene expression များသည် သက်ဆိုင်ရာအင်္ဂါ၊ တစ်ရှူးများပေါ် မူတည်၍ ဖြစ်ပွားသည်(Tissue specific) ။ ဆိုလိုသည်မှာ Insulin အတွက် Gene သည် cell အားလုံးတွင် ပါရှိသော်လည်း pancreas (မုန့်ချိုအိတ် ခေါ် ပန်ကရိယ) ဟူသည့် အင်္ဂါတွင်သာ ဖော်ပြခြင်း (gene expression) ဖြစ်ပေါ်သည်။ လူသားတစ်ဦး၏ Genome တွင် protein ပြုလုပ်ရန် Code လုပ်ထားသည့် gene ပေါင်း ၂၀,၆၈၇ ပါဝင်သည်။ Chromosome ပေါ်ရှိ gene ၏တည်နေရာကို Locus ဟုခေါ်ပြီး Gene များကို အလိယပ်စ် (alleles) ဟုခေါ်သည့် အခြား ပုံစံများဖြင့်လည်းတွေ့နိုင်သည်။ Gene တခု၏ alleles များသည် စုံတွဲလိုက်ရှိပြီး Chromosome တခုစီပေါ်တွင် allele တတွဲစီ တွေ့ရသည်။ Gene တခု၏ allele များသည် တူညီနေပါက Homozygous (မျိူးတူ) ဟုခေါ်ပြီး မတူညီပါက Heterozygous (မျိုးမတူ) ဟုခေါ်သည်။

လူတစ်ယောက်၏ ပုံပန်းသွင်ပြင်လက္ခဏာသည် ၎င်းတွင်ရှိသည့် alleles များပေါင်းစပ်ခြင်းဖြင့် ဖြစ်ပေါ်လာသည်။ ဥပမာ မျက်လုံးအရောင်ကို ဖြစ်ပေါ်စေသော gene တခုတွင် မတူညီသော allele များပါဝင်သည်။ allele တခုသည် မျက်လုံးအညိုရောင်ကို ဖြစ်ပေါ်စေပြီး အခြား allele တခုသည် မျက်လုံးအပြာရောင်ကို ဖြစ်ပေါ်စေသည်။ လူတစ်ဦး၏ မျက်လုံး အရောင်သည် ၎င်းတွင်ရှိသော allele နှင့် ယင်းတို့၏ ပြုမူဆောင်ရွက်ခြင်းများ အပေါ်တွင် မူတည်သည်။ allele တခုသည် Dominant (လွှမ်းမိုးသူ) နှင့် Recessive (အလွှမ်းမိုးခံ) တခုခုဖြစ်နိုင်သည်။

 

ကိုးကားထားသော စာပေအရင်းအမြစ်များ