သမ္မာကျမ်းစာ ကို ဆင်ခြင်ဖတ်ရှုရတာ နဲ့ သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေ ကို ဖတ်ရတာ ဘာကွာသလဲဆိုတော့….. ကိုယ်တိုင် အတွေ့အကြုံကို ပြောရမယ်ဆိုရင် သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ နားမလည်တဲ့ ကျမ်းစကားတွေကို တော်တော်များများနားလည်သလိုရှိလာတယ်။ ဒါပေမဲ့ ကိုယ့်ကို ဝိညာဉ်တော်က ဖွင့်ပြခြင်းထက် စကားပြေသက်သက်ကို ဦးနှောက် (logic) နဲ့ စဉ်းစားတွေးခေါ်ပြီး လက်ခံတယ်။ အဲလို ဖြစ်တဲ့အခါ ကိုယ်က ကျမ်းစကားနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့အသိအပေါ်မှာ ပိုပြီး သတိထားနေမိတယ်။ သူများရဲ့ လုပ်ပုံကိုင်ပုံ ယုံကြည်ပုံတွေအပေါ် အမြဲတမ်း စိတ်ထဲကနေ ဝေဖန်နေမိတယ်။ တချိန်တည်းမှာပဲ ငါ အဲလို မလုပ်သင့်ပါလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ဝေဖန်တယ်။ အဲဒါ နဲ့ ပဲ လုံးလည်လိုက်နေတယ်။ ကိုယ့်အထဲမှာ ၀မ်းမြောက်ခြင်း ရှိမရှိ မသိတော့ဘူး။ ဦးနှောက်ထဲမှာပဲ ကျမ်းစကားနဲ့ ညီမညီ လိုက်ပြီး ဆန်းစစ်နေမိတယ်။ အသက်တာ ကို လည်း ဦးနှောက်ထဲက သိနေတဲ့ ကျမ်းစကားနဲ့ပဲ အသက်ရှင်တော့ သိသာသိ၊ မလုပ်နိုင် တဲ့ ပုံစံမျိုးဖြစ်လာတယ်။ ဒီလိုစာအုပ်တွေ လုံး၀ မဖတ်ရဘူးလို့ မပြောပါဘူး။
စာအုပ်တွေက အရမ်းကောင်းပါတယ် ဒါပေမဲ့… သမ္မာကျမ်းစာကို အရင် ဆုတောင်းပြီး ဆင်ခြင်ဖတ်ရှုပါ (အသံထွက်) အသံထွက်ဖတ်ဖို့ ပြောရတာက ကိုယ်ဖတ်တဲ့ အသံကို ကိုယ်ပြန်ကြားပြီး ယုံကြည်ခြင်းဖြစ်အောင်လို့ပါ (faith comes by hearing) ။ တစ်ချို့ နားမလည်တဲ့ အပိုင်းလေးတွေ ရှိခဲ့ရင် တော့ အဲလို ဝိညာဉ်တော်အားဖြင့် ဖွင့်ပြခြင်းခံရတဲ့ သမ္မာကျမ်းစာကို အခြေခံတဲ့ စာအုပ်တွေအားဖြင့် ဘုရားရှင်က အဖြေ ပေးပါတယ်။ သမ္မာကျမ်းစာကို ဆင်ခြင်ဖတ်ရှုတဲ့ အခါ ကျမ်းစာအထဲက ကျမ်းစကားတွေကို ရာနှုန်းပြည့် နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အတွင်း ဝိညာဉ်ထဲမှာ ၀မ်းမြောက်ခြင်း ပြည့်၀တယ်။ အရမ်းကောင်းတဲ့ အရာတစ်ခု ကို စားသုံးနေရသလိုပဲ ။ ကိုယ့်ရဲ့ အတွေး မှာတောင် ဘုရားနဲ့ ကိုယ်နဲ့ ရင်းနှီးမှု ကူးစက်တယ်။ ကျမ်းစာသားတွေထက်ပိုတဲ့ မမြင်ရတဲ့ စားစရာတစ်ခုခုကို စားနေရသလိုပဲ။ အသက်ရှိတဲ့အရာတစ်ခုကို စားနေရသလိုပဲ။ မြိုချပြီးတဲ့ အခါမှာလည်း ကိုယ့်အထဲမှာ ကိုယ်စားလိုက်တဲ့ အရာက အသက်ရှင်နေတယ်။ အဲဒါကို ကိုယ်ကသတိထားမိနေတဲ့ ခံစားချက်လေးက ပြောမပြတတ်ဘူး။ လောကရဲ့ စိုးရိမ်စရာတွေ၊ ကြောက်စရာတွေ ၊ စိတ်ပူစရာတွေကို ဦးနှောက်ကသိနေပေမဲ့လည်း အထဲက မစိုးရိမ်တော့ဘူး။ ကိုယ့်ရဲ့ အထဲမှာ အရမ်းအင်အားကြီးတဲ့အရာတစ်ခုက ၀င်ပြီး နေရာယူထားသလိုမျိုး အဲဒီအရာအပေါ်မှာ စိတ်ချနေတယ်။
“ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက် မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏။”
(ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆: ၅၁)
Be blessed everyone!