Skip to content

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၁)

Freedom and God's grace

လွတ်မြောက်ခြင်း ဟာ အဖိုးအခ ပေးရပါတယ်။ လွတ်မြောက်ခြင်းတိုင်း အတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ အသက်၊ သွေး၊ ချွေး၊ ဒုက္ခဆင်းရဲအား သည်းခံခြင်း စတာတွေ ပါဝင်ပါတယ်။ လွတ်မြောက်ခြင်း အသီးအပွင့်ကို ခံစားရတဲ့ သူတစ်ယောက်ဟာ သူဘယ်လောက်အထိ ဒီလွတ်မြောက်ခြင်းကို တန်ဖိုးထားသလဲ ဆိုတဲ့အချက်က သူခံစားနေရတဲ့ လွတ်မြောက်ခြင်းကို သူ့အတွက် ယူဆောင်ပေးခဲ့တဲ့ သူဟာ ဘယ်လောက်အထိ ခက်ခဲစွာ သွေးမြေကျပေးဆပ်ခဲ့ရသလဲ ဆိုတာကို ခံစားနားလည်နိုင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ လွတ်လပ်ရေးကြိုးပမ်းကြတဲ့ လေးစားဖွယ် နိုင်ငံံ့ ခေါင်းဆောင်တွေဟာ မိမိ နဲ့ မိမိ နိုင်ငံ၊ မိမိ လူမျိုးလွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့ကြတယ်။ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ ကြံ့ကြ့ံခံပြီး အသက်၊ သွေး၊ ချွေး ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေပေါ့။ ဒါပေမဲ့ အခု ဒီအချိန်မှာ သူတို့ အသက်ပေးပြီး ယူပေးခဲ့တဲ့ လွတ်လပ်ခြင်း ရဲ့ အသီးအပွင့်ကို ခံစားနေရတာက နောက်မျိုးဆက်ဖြစ်ပါတယ်။ တော်တော်များများက မွေးကတည်းက လွတ်လပ်ခြင်း အသီးအပွင့်ကာလထဲမှာ မွေးလာကြတာ များပါတယ်။

လွတ်လပ်ခြင်း ရဲ့ အသီးအပွင့်ကို ပဲ မြင်ကြတယ်။ စိုက်ပျိုးခဲ့သူ၊ ရေလောင်းခဲ့သူ တွေရဲ့ သွေးတွေ ချွေးတွေကို မမြင်ကြတော့ဘူး။ ဒါဟာ သဘာဝအတိုင်း ပုံမှန် ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုမျိုး ပေါ့ပေါ့လေး ပဲ ခံယူ ဖြတ်သန်းတယ်။ ဒါကြောင့် လွတ်လပ်ခြင်းကို တန်ဖိုးထားမှု အားနည်းလာတယ်။ မွေးကတည်းက ရထားတဲ့ အရာလိုမျိုး ထင်မှတ်ပြီး တစ်စုံတစ်ဦးရဲ့ အသက်သွေးနဲ့ ရင်းခဲ့ရတယ်ဆိုတာကို နားမလည်တော့ဘူး။ တန်ဖိုးထားရကောင်းမှန်းမသိတဲ့ အတွက်ကြောင့် ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်းလည်းမသိတော့ဘူး။ မလွတ်လပ်ခြင်းရဲ့ ဆိုးရွားမှု၊ လွတ်လပ်မှုအတွက် ပေးဆပ်ခဲ့ရသူတွေရဲ့ နာကျင်မှုတွေကို နားမလည်ခဲ့တော့ လွတ်လပ်ခြင်းရဲ့ အကျိုးကျေးဇူးကို လွယ်လွယ်ပဲ ဖြုန်းတီးပစ်နေကြတယ်။ ဒါတွေကို မြင်ရရင် လွတ်လပ်ရေးအတွက် အသက်ပေးပြီး ရယူပေးခဲ့တဲ့ သူတွေအတွက် ဝမ်းနည်းစရာပေါ့။
ယေရှုဘုရားဟာ ကျွန်တော်တို့လူသားအားလုံးအတွက် ပညတ်တရား၊ အပြစ်နဲ့ အခြားသော ကျိန်ခြင်းအမင်္ဂလာ အလုံးစုံကနေ လွတ်မြောက်ခြင်း ကို ပေးခဲ့ပါတယ်။ “လွတ်လပ်ခြင်း” ဟာ လက်ခံရယူရတာ မဟုတ်ဘူး၊ တိုက်ယူရတာ ဖြစ်တယ်လို့ “လူ” တွေက ပြောကြပါတယ်။

ဒါပေမဲ့ ယေရှုဘုရားပေးခဲ့တဲ့ လွတ်မြောက်ခြင်းကတော့ လူက တိုက်ယူလို့ရတဲ့ လွတ်မြောက်ခြင်း မဟုတ်ပါဘူး။ “လူ” (တနည်းအားဖြင့် အပြစ်သားဖြစ်ခြင်း) ဆိုတဲ့ “ဖြစ်ခြင်း” ထဲကနေ လွတ်မြောက်စေခြင်း ဖြစ်လို့ လူ က မိမိ ဘာသာ ကြိုးစားလုပ်ယူလို့ မရပါဘူး။ ဤအမှုကို လူမတတ်နိုင်၊ ဘုရားသာလျှင်တတ်နိုင်တဲ့ အမှုဖြစ်လို့ ဘုရားကပဲ အစ၊ အလယ်၊ အဆုံး ပြီးစီးအောင် လုပ်ဆောင်ပေးသွားတာပါ။ ဒါကို ဘုရားရဲ့ တဖက်သတ် ပြုတော်မူတဲ့ ကျေးဇူးတော်လို့ ခေါ်ပါတယ်။ ဒါဆိုရင် ယေရှုဘုရား ကျွန်တော်တို့အတွက် ရယူပေးခဲ့တဲ့ လွတ်မြောက်ခြင်းမှာ ရော အဖိုးအခ ရှိပါသလား? အဲဒါက အရမ်းကို အရေးကြီးတဲ့ အချက်ပါ။ အဖိုးအခ ရှိပါတယ်။ ပြီးတော့ အဲဒီ အဖိုးအခက သိပ်ကို ကြီးပါတယ်။ အဲဒီ အဖိုးအခ ကတော့ စကြဝဠာတစ်ခု လုံးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ တစ်ပါးတည်းသော ချစ်တော်မူသော သားတော် ယေရှုခရစ်တော်ရဲ့ “အသွေးတော်” ပဲ ဖြစ်ပါတယ်။ ယေရှုဘုရားဟာ သူ့အထဲမှာ၊ သူ့အတွေးမှာ၊ သူ့လုပ်ဆောင်မှုမှာ အပြစ်ဆိုတာ လုံးဝ မရှိပါဘူး။ သူကိုယ်တိုင် အပြစ်ကို ရွံမုန်းတဲ့ ဘုရားဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ကြည့်ပါ။ သန့်ရှင်းခြင်းသဘာဝ သက်သက်သာ ရှိတဲ့ အပြစ်ကိုရွံမုန်းတဲ့ ယေရှုဘုရားဟာ သူရွံမုန်းတဲ့ အရာအဖြစ် သူကိုယ်တိုင် ဖြစ်သွားခြင်း၊ ထိုဖြစ်ခြင်းကို ခံယူရခြင်းဟာ သူ့အတွက် ဘယ်လောက်များ ထိခိုက်နာကျင်ရမလဲဆိုတာ ကို ဂေသရှင်မန် ဥယျာဉ်မှာ ဆုတောင်းတဲ့ အရာကို ကြည့်ခြင်းအားဖြင့် နားလည်နိုင်ပါတယ်။

“ထိုခွက်ကို အကျွန်ုပ်မှ လွန်သွားစေတော်မူပါ” လို့ (ရှင်မာကုခရစ်ဝင်ကျမ်း ၁၄း၃၆) ပြောခဲ့ပါတယ်။ ကားတိုင်လမ်းဟာ လူဇာတိအနေနဲ့ အသွေးအသား နာကျင်တာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ယေရှုဘုရားကို တကယ်နာကျင်စေတဲ့ အရာက သူအမုန်းဆုံးအရာဖြစ်တဲ့ အပြစ်ဆိုတဲ့ အရာဖြစ်ခြင်းကို သူကိုယ်တိုင် ခံယူရတော့မှာ မို့လို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွေးဟာ သခင်ရဲ့ ချွေးနဲ့ အတူ သွေးအဖြစ် မြေပေါ်ကိုကျစေခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အပြစ်ရှိတဲ့ လူသားတွေကို ကယ်ဖို့အတွက် သူဟာ လူသားတွေရဲ့ အပြစ်ကို ယူဆောင်ခဲ့ပါတယ်။ ဘာကြောင့်လဲ? သူ မုန်းတဲ့ အပြစ်တရားကို သူကိုယ်တိုင် ပွေ့ပိုက်ရမှာ ထက် သူချစ်တဲ့ လူသားတွေ အပြစ်တရားရဲ့ ပွေ့ပိုက်ထားခြင်းကနေ လွတ်မြောက်ဖို့ သူပိုပြီး အလိုရှိခဲ့ပါတယ်။ “သို့သော်လည်း ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်စေတော်မူပါ” လို့ (ရှင်မာကုခရစ်ဝင်ကျမ်း ၁၄း၃၆) ဝန်ခံခဲ့ပါတယ်။ ဟာလေလုယာ။
ဒါကြောင့် “ကျေးဇူးတော်” ဆိုတဲ့ အရာဟာ နက်နဲပါတယ်။ ဒင်္ဂါးပြား တစ်ခုနဲ့ ဥပမာလေး ပေးပြီး ပြောချင်ပါတယ်။ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်လိုပါပဲ။ နှစ်ဖက်ရှိပါတယ်။ နှစ်ဖက် ရှိတယ်ပြောလို့ ဘုရားလုပ်ပေးတဲ့ ဘက် နဲ့ လူလုပ်ဆောင်ရမယ့် ဘက် ၂ ဖက်ပြည့်စုံမှ ကျေးဇူးတော်ဖြစ်တယ်လို့ ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ ၂ ဖက်စလုံး ဘုရားပဲ လုပ်ထားတာပါ။ လူက ၂ ဖက်စလုံးကို ခံယူရပါမယ်။ ကျေးဇူးတော်” ကို ဒင်္ဂါးပြားမျက်နှာပြင်နဲ့ ဖော်ပြပေးမယ့် ဥပမာကို “လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း-၂)” တွင် ဆက်လက် ဖော်ပြပေးသွားပါမယ်။

သခင်ယေရှု၏ ကျေးဇူးတော်မြတ်၌

John Wick