သာသနာလုပ်ငန်းမှာ သို့မဟုတ် သင့်အသင်းတော်မှာ အခုလုပ်ဆောင်နေတဲ့ပုံစံတွေကို ဘာကြောင့်ဘယ်လို လုပ်နေကြရသလဲဆိုတာ စဉ်းစားဖူးသလား။ သူများတွေက အဲဒီလို လုပ်ကြတော့အောင်မြင်တယ်။ ဒါကြောင့်မို့ ငါလည်း အဲဒီလို လုပ်ရမယ် ဆိုတာမျိုးက မှန်ကန်တဲ့ စိတ်နေသဘောထားလို့ ပြောနိုင်ပါ့မလား၊ ဒါ့ပြင် သူများတွေက ရဲရင့်ကြပေမဲ့ ငါကဘာလို့ မရဲရင့်ရဲရတာလဲ၊ အမှုတော်မြတ်မှာ အောင်မြင်ဖို့ ဘာတွေများ လိုနေသေးသလဲ ဆိုပြီးတော့ ကိုယ့်ဘာသာကို အားငယ်နေတဲ့ အချိန် မျိုးရှိသလား။ အကြီးမြတ်ဆုံးဘုရားသခင်ရဲ့ မဟာစေခိုင်းချက်ကို ထမ်းဆောင်နေပါလျှက်နဲ့ ဘာ့ကြောင့်များ၊ ဘယ်လိုများ၊ ဘာတွေများ ဆိုပြီး မေးခွန်းပေါင်းများစွာနဲ့အတူ လက်တွေ့ သာသနာနယ်မှာ ခေါင်းခဲနေတဲ့ အချိန်တွေ။ လက်မြောက်ချင်တဲ့ အချိန်တွေ (တိတ်တဆိတ် လက်မြောက်အရှုံးပေးခဲ့ပြီများ ဖြစ်နေမလား) စသည်ဖြင့် တွေ့ကြုံနေရတယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘုရားသခင်ရဲ့ မဟာစေခိုင်းချက်ကို ပြန်ပြီးတော့ ဆင်ခြင်စေချင်ပါတယ်။
မဟာစေခိုင်းချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်လိုနားလည်သလဲဆိုတာက ကျွန်တော်တို့ရဲ့ သာသနာ လုပ်ငန်းအပေါ် ရှုမြင်ပုံ၊ သုံးသပ်ပုံ နဲ့ လုပ်ဆောင်ပုံတွေ အပေါ်မှာ သက်ရောက်မှုများစွာ ရှိတယ်ဆိုတာကို သတိထားမိစေချင်တယ်၊ တကယ်တော့ မဟာစေခိုင်းချက်ဟာ သင့် အားစိုက်ထုတ်မှုတွေ၊ စွမ်းအားတွေ နဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ထမ်းဆောင်ရမယ့် ခိုင်းစေချက် သက်သက် မဟုတ်ပါဘူး၊ သေချာလေ့လာမယ် ဆိုရင်တော့ ကတိတော်တွေ အပြည့်နဲ့ ယုံကြည်မှုအပြည့်ရှိစေတဲ့ စေခိုင်းချက်ဆိုတာကို သင်မြင်လာပါလိမ့်မယ်။
နှုတ်ကပတ်တော်ကို ဆင်ခြင်ကြပါစို့ – (မ၊ ၂၈း၁၈-၂၀)
သမ္မာကျမ်းစာဖော်ပြထားသော ကျမ်းချက်ကို ဖတ်ရွတ်ပြီးတဲ့အခါမှာ အောက်ပါအချက်တွေကို သင်သတိထားမိပါသလား။
၁။ အခွင့်တန်ခိုးရှိသမျှတို့နှင့်ဆိုင်သော မဟာစေခိုင်းချက်
အထက်က ပြောခဲ့သလိုပဲ မဟာစေခိုင်းချက်ကို ကျွန်တော်တို့ ထင်မှတ်ခံယူထားတာက ခိုင်းစေခြင်း သက်သက်ပဲလို့ ထင်မှတ်ခံယူကြတယ်။ ဒါပေမဲ့ ဒါမမှန်ပါဘူး။ ခိုင်းစေခြင်းသက်သက်ပဲ ထင်နေမိတော့ ကျွန်တော်တို့တွေ သာသနာနယ်ထဲမှာ ကြောက်နေတတ်ကြတယ်။ တွေးပူနေရတယ် မဟုတ်လား။ ဆုတ်လည်းဆူး စားလည်း ဆူး ဆိုတာမျိုးပေါ့။
အလုပ်တစ်ခုခုကို လုပ်တော့မယ် ဆိုတာနဲ့ အခွင့်အာဏာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ တာဝန်ပေးပြီး အခွင့်အာဏာ မပေးတာမျိုးကို သင် ကြုံဖူးပါလိမ့်မယ်။ ဘယ်လိုမှ ရှေ့ဆက်ထမ်းဆောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သင် ကောင်းကောင်း သိမှာပါ။ ရှေ့တိုးရမလိုလို၊ နောက်ဆုတ်ရမလိုလို ဒွိဟ ဖြစ်နေတယ် မဟုတ်လား။
ဒါပေမယ့် သခင်ပေးခဲ့တဲ့ မဟာစေခိုင်းချက်က အဲဒီလို မဟုတ်ဘူး။ သခင်ယေရှုက ကောင်းကင်ပေါ်၊ မြေကြီးပေါ် အခွင့်အာဏာ ရှိသမျှကို ငါ၌ အပ်ပေးတော်မူပြီ ဆိုပြီးမှ မဟာစေခိုင်းချက်ကို ပြောခဲ့ တယ်ဆိုတာကို သင် သိပါသလား။ သခင်ခရစ်တော်ရဲ့ အခွင့်အာဏာတော်ဟာ တိုင်းနိုင်ငံတစ်နိုင်ငံရဲ့ အာဏာမျိုး မဟုတ်ပါဘူး။ တစ်လောကလုံးရဲ့ ပေါင်းစည်းခြင်း အာဏာမျိုးလည်း မဟုတ်ဘူး။ လူသားတွေရဲ့ အခွင့်အာဏာဟာ အကန့်အသတ်နဲ့ပါ။ ဒါပေမဲ့ ယေရှုသခင်ရဲ့ အခွင့်အာဏာဟာ မြင်နိုင်တဲ့ ရူပအရာ၊ မမြင်နိုင်သော အရူပအရာ(နတ်ဆိုး ဝိညာဉ်ဆိုး များအပါအဝင်) အားလုံး အပေါ် အစိုးရသော အခွင့်အာဏာ ဖြစ်ပါတယ်။ ဒါကြောင့် ယေရှုသခင်ရဲ့ မဟာတန်ခိုးတော်ဟာ မဟာစေခိုင်းချက်ရဲ့ အုတ်မြစ် ဖြစ်တယ်။ အမှုတော်မြတ်မှာ စိုးရိမ်မှုတွေ၊ သိမ်ငယ်မှုတွေ၊ ပူပန်မှုတွေ ရှိနေခဲ့တယ်ဆိုရင် ယေရှုရှင်ရဲ့ မဟာတန်ခိုးတော်နဲ့ အခွင့်အာဏာတော်ထဲမှာ တိုးဝင်တတ်ပါစေ။ သင် ဝေငှသက်သေခံတဲ့သူ တွေအနေနဲ့ လက်ရှိမှာ ယေရှုရှင်ရဲ့ အခွင့်အာဏာတော်ကို နားမလည်သေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နေ့ကျရင်တော့ လူတိုင်းဟာ ယနေ့ သင့်ကို မဟာစေခိုင်းချက် ပေးထားတဲ့ သခင့် ရှေ့တော်မှောက်မှာ အားလုံးဒူးထောက်ရပါဦးမယ်။
၂။ လူမျိုးတကာနှင့်ဆိုင်သော မဟာစေခိုင်းချက်
အမှုတော်မြတ်မှာ လူမျိုးစွဲနေတာတွေလည်း ကြုံတွေ့ တတ်ကြမှာပါ။ ငါတော့ တိုင်းရင်းသားဆိုတော့ ဗမာလူမျိုးနဲ့ အဆင်မပြေပါဘူး၊ ငါကတော့ ကရင်၊ ငါကတော့ ချင်း၊ ငါကတော့ ကချင်၊ ငါကတော့ ရှမ်း ဆိုပြီးတော့ လူမျိုးစွဲ စွဲကာ သာသနာနယ် မတိုးတက်နိုင်ဘူး ဖြစ်နေတယ်။ ကိုယ့်အမျိုး၊ သူ့အမျိုး ဆိုပြီးတော့ အမြင်တွေလွဲ၊ နားလည်မှုတွေလွဲပြီး တိတ်တဆိတ်ကွဲပြားနေကြတယ် မဟုတ်လား။ လူမျိုးရေး စိတ်ဟာ မကောင်းဘူးလို့ မပြောပေမဲ့ သာသနာနဲ့ ပတ်သက်လာရင် ပထမ ဦးစားပေး မဟုတ်ရဘူး။ တစ်ချို့ဆိုရင် လူမျိုးရေးက ထားဦး။ ကိုယ့်အိမ်သူ အိမ်သားမှ နေရာပေး၊ အလေးပေးတာတွေ ရှိနေသေးတယ်။ မှန်ပါတယ်။ အမှုတော်မြတ်ဟာ အိမ်သားတိုင်း နားလည်ပြီး ကျရာနေရာကနေ ထမ်းဆောင်ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းနဲ့လည်း ဆိုင်တယ် ဆိုတာလည်း လုံးဝမမေ့နဲ့။ မဟုတ်ရင် အမှုတော်မြတ်က ကိုယ့်ဥစ္စာ လိုလို ဘာလိုလို ဖြစ်ပြီး လွဲသွားလိမ့်မယ်။
ဧဝံဂေလိ ဟောပြောတာပဲ ဖြစ်ဖြစ်၊ အသင်းတော်မှာ နေရာ တာဝန်ပေးတာပဲ ဖြစ်ဖြစ် လူမျိုးရေး မလုပ်မိပါစေနဲ့။ အမှုတော်မြတ် ဟာ ဘုရားသခင် ရွေးကောက်ထားတဲ့ လူမျိုးတကာနဲ့ ဆိုင်တယ် ဆိုတာ အမှတ်ရပါ။ စည်းလုံးဖို့က အားလုံးတူညီနေဖို့ မလိုပါဘူး။ မတူကွဲပြားတဲ့ သစ်ခက်ပုံစံလေးတွေက တူညီစွာ သခင်၌ ဆက်နွယ် ကြီးထွားရှင်သန် ကြတယ်။ ကျမ်းစာတစ်ချက် ကိုးကားရအောင် “လူအပေါင်းတို့ သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော်ရှိ၏။”(၁တိ၊ ၂း၄)။
၃။ သခင့်တပည့်တော်ဖြစ်စေခြင်းနှင့်ဆိုင်သော မဟာစေခိုင်းချက်
တပည့်တော်ဖြစ်စေခြင်းလို့ မပြောပဲ သခင့်တပည့်တော် ဖြစ်စေခြင်းလို့ ရည်ရွယ်ချက် ရှိရှိနဲ့ ကျွန်တော် ခေါင်းစဉ်ပေးထားတာ ရည်ရွယ်ချက်ရှိသလို သမ္မာကျမ်းစာအတိုင်းလည်း ဟုတ်တယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့ အားလုံး “တပည့်တော် မွေးထုတ်ရမယ်” “တပည့်တော် မွေးထုတ်နေတယ်” “ငါ မွေးထုတ် ထားတာပါကွာ” စသည်ဖြင့် ပြောဆိုနေကြတာ ကြားဖူးနားဝ ရှိမှာပါ။ ကိုယ်တိုင်လည်း ပြောဖူးကြမယ်နဲ့ တူပါတယ်။ သို့ပေမဲ့ ယေရှုရှင်ကတော့ သူ့တပည့်တော် ဖြစ်စေဖို့ ပြောခဲ့တာနော်။
ကျွန်တော်တို့တွေဟာ သခင့်ရဲ့တပည့်တော်တွေ ဖြစ်ကြပါရဲ့လား။ ကိုယ်တိုင် သခင့်ရဲ့ တပည့်တော် ဖြစ်နေမှ သူတစ်ပါး ကိုလည်း သခင့်ရဲ့ တပည့်တော် ဖြစ်စေနိုင်မှာ မဟုတ်လား။ မဟုတ်ဘူးဆိုရင် ကိုယ်ကပဲ သခင် လိုလို ဘာလိုလိုနဲ့ သခင်ယေရှုရသင့်တဲ့ နေရာအမှန် ပျောက်ရှနေလိမ့်မယ်။ သခင်ယေရှု ပျောက်ပြီ ဆိုတာနဲ့ မဟာစေခိုင်းချက်ဟာလည်း ဘယ်တော့မှ အဲဒီလို လူ၊ အသင်းတော် သို့မဟုတ် အဖွဲ့ အစည်းအားဖြင့် ပြီးပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဝမ်းနည်းစရာပါ။
၄။ သခင့်သြဝါဒနှင့် ဆိုင်သော မဟာစေခိုင်းချက်
ဒီတစ်ချက်လည်း ကျွန်တော်တို့ အများစု သတိမထားတတ်တဲ့အချက်တစ်ခု ပါပဲ။ သခင့်ရဲ့ မဟာစေခိုင်းချက် (အမှုတော်မြတ်) ကို ထမ်းဆောင်မယ် ဆိုရင် သခင့်ရဲ့သြဝါဒတွေကို လုံးဝ ခေါက်ထားလို့မရဘူး။ “သြဝါဒက လူတွေကို ကွဲပြားစေတယ်၊ ချစ်ခြင်းမေတ္တာ ကသာ လူတွေကို ပေါင်းစည်း စေတယ်” ဆိုတဲ့ နားဝင်ချိုဖွယ် စကားတွေကို သင်ကြား ဖူးပါလိမ့်မယ်။ တကယ်တော့ သြဝါဒမရှိသော မေတ္တာက ချစ်ရာမရောက်ပဲ နှစ်ရာရောက် စေပါတယ်။ သြဝါဒလို့ ပြောတဲ့အခါမှာ သွန်သင်ချက်အမျိုးမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီကျမ်းချက်အရပဲ ပြောရမယ်ဆိုရင်တော့ ခရစ်တော် သွန်သင်ခဲ့သမျှသောအရာတွေကို မဟာစေခိုင်းချက်မှာ ခေါက်ထားလို့ မရတဲ့ သြဝါဒတွေလို့ ပြောချင်ပါတယ်။ (သြဝါဒ၏ အနက်ကား သွန်သင်ချက် ဖြစ်သည်)
ဒါဆိုရင် တစ်ဘက်မှာ သခင် သွန်သင်ခဲ့တဲ့ သြဝါဒတွေကို လေ့ကျက် သင်ယူဖို့ ဆိုတာ မဟာစေခိုင်းချက်ကို ထမ်းဆောင်ဖို့ မရှိမဖြစ်လိုအပ်နေပါတယ်။ ပေါ့ဆလို့ မဖြစ်ပါဘူး။ သင်ထင်ရာ၊ သင်မြင်ရာတွေနဲ့ မရတော့ဘူး။ သူတစ်ပါးက ဟောပြော သွန်သင် တာတွေအားလုံးကို သမ္မာကျမ်းစာ ကိုင်ထားလို့ သမ္မာတရားနဲ့ ညီမယ်လို့ တထစ်ချ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ အတုခိုးလို့မရတော့ဘူး။ ကိုယ်ကိုတိုင် နှုတ်ကပတ်တော်ထဲ နှစ်ဝင်ပြီးမှ ကိုယ့် အထဲကနေ သက်စမ်းရေ စီးဆင်းလာနိုင်မယ်။
၅။ သခင် အတူပါရှိခြင်းနှင့် ဆိုင်သော မဟာစေခိုင်းချက်
မဟာစေခိုင်းချက်က ခိုင်းစရာရှိတာ ခိုင်းပြီးတော့ လွတ်ထားတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ အသက်ရှင်သော ဘုရားသခင်ကိုယ်တိုင် အတူပါရှိမယ် ဆိုတဲ့ အထူးကတိတော်နဲ့အတူ ပေးတားတဲ့ တာဝန်ပါ။ ဒီမှာတွေ့ရတဲ့ ကတိတော်ဟာ မဟာစေခိုင်းချက်အထူး ကတိပေးထားတဲ့ အရာပါ။ သာမန်အတူ ပါရှိခြင်းမျိုး မဟုတ်ပါဘူး။
ဒီကျမ်းချက်ကို ဖတ်တိုင်း ဘုရားသခင် အတူ ပါရှိပေးဖို့ မောရှေက အသနားခံခဲ့တဲ့ အဖြစ်အပျက်ကို အမြဲသတိရဖြစ်တယ်။ ဘုရားသခင်က ကောင်းကင်တမန်တွေအားဖြင့် ဦးဆောင်လမ်းပြ ပေးမယ်လို့ မောရှေကို ပြောခဲ့ပေမဲ့၊ မောရှေကတော့ ဘုရားရှင် ကိုယ်တိုင် အတူပါရှိဖို့ပဲ တောင်းဆိုခဲ့တယ်။ “သခင် မပါရင် ခြေတစ် လှမ်းတောင် မရွေ့ဘူး” ဆိုတာက မောရှေရဲ့သဘောထား။ အရာရာနဲ့ အကြောင်းကြောင်းထက် သခင်ပါရှိခြင်းက သူ့အတွက် အရေးကြီးဆုံး။ အလိုအပ်ဆုံး။
သို့ပေမဲ့ ဒီကျမ်းချက်မှာတော့ ဘုရားသခင်ကိုယ်တိုင်က အတူပါရှိမယ် – အဲဒါတောင်မှ ကပ်ကမ္ဘာဆုံးသည်ထိ ဆိုပြီးပြော ထားတဲ့ ကတိတော်။ ကဲ ဘာလိုသေးလဲ။ မဟာစေခိုင်းချက် ဆိုတာ သခင် အတူပါရှိနေခြင်းရဲ့ အရိပ်အောက်မှာ။ ယေရှုရှင်ဘုရားက သင့်ရဲ့ “ဆုတောင်းခြင်း” အကွာမှာပဲ ရှိတယ်။
နိဂုံး-
မဟာစေခိုင်းချက်မှာ တွေ့ရတဲ့ အထက်ပါ အချက် (၅) နဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်စရာအများကြီး ရှိပါလိမ့်မယ်။ စာရှုသူတိုင်း မဟာစေခိုင်းချက်၏ သဘောသဘာဝကို နားလည်ပြီးတော့ မိမိရဲ့လက်တွေ့ ဘဝ၊ သာသနာ၊ အသင်းတော် နဲ့ အဖွဲ့အစည်းမှာ ဆင်ခြင်ပြင်ဆင်နိုင်မယ်လို့ မျှော်လင့် ပါတယ်။
တကယ်တော့ “မဟာစေခိုင်းချက်ဟာ အလုံးစုံသော မဟာအခွင့် အာဏာတော်နဲ့အတူ အချိန်တိုင်းအတူပါရှိနေတဲ့ သခင်ရဲ့ အရိပ်အောက်မှာ အလုံးစုံသော လူသားတို့အား၊ အလုံးစုံသော သခင့်ရဲ့ သြဝါဒတွေကို သွန်သင်ရင်း သခင့်ရဲ့ တပည့်တော် ဖြစ်လာစေဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်” ဆိုတာကို နားလည်ရင်း ရဲရင့် သစ္စာရှိစွာ အမှုတော်မြတ် မှာ ပါဝင်ဆက်ကပ်နိုင်ကြပါစေ။ အာမင် …
အမှုတော်မြတ်၌
An Abiding Branch